———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
တွေ့တဲ့သူတိုင်းက ကျွန်တော့်ကို ကြင်နာတတ်တဲ့သူ၊ စိတ်ထားဖြူစင်သူ၊ ရိုးသားညှာတာတတ်သူလို့ ပြောကြပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က လူမှန်သမျှ ကူညီလွန်းလို့ ကျွန်တော့်ကို သူတို့ဘဝရဲ့ “အလင်းရောင်”အဖြစ် တင်စားကြသူတွေလည်း မနည်းမနောရှိပါတယ်။ ဒါတွေအားလုံးရဲ ့ မြစ်ဖျားခံရာက ကျွန်တော့်ဖခင်ကြောင့်ပါ။
ကျွန်တော့်ဖခင်က ရုပ်ဆိုးပါတယ်။ ကျွန်တော်ငယ်ငယ်က ကျောင်းကြိုတဲ့အခါ အဖေလာကြိုမှာကို သိပ်စိုးရိမ်ပါတယ်။ သူငယ်ချင်းတွေက အဖေ့ကို ရုပ်ဆိုးတယ်လို့ လှောင်ပြောင်မှာ ကြောက်လို့ပါ။
ကျောင်းကြိုတဲ့အခါ အမေပဲလာကြိုနော်လို့ ကျွန်တော်အမြဲမှာတတ်ပါတယ်။
တစ်နေ့ကျတော့ အဖေက ကျွန်တော့်ကို ကျောင်းလာကြိုပါတယ်။ အဖေလာကြိုတာမြင်တော့ တွန့်ဆုတ်ပြီး စာသင်ခန်းထဲက မထွက်ဘဲ အချိန်ဆွဲနေလိုက်ပါတယ်။ စာသင်ခန်းထဲက သူငယ်ချင်းအားလုံးကုန်မှ ကျွန်တော်ထွက်သွားတော့ အဖေကို မြင်လိုက်ရတယ်။ အဖေ့ဘေးမှာ ကျွန်တော့်သူငယ်ချင်းတွေအားလုံး ဝိုင်းအုံလို့။ အဖေက သူတို့ကို အရုပ်ခေါက်ပေး၊ ပါလာတဲ့မုန့်တွေကျွေး နဲ့ သူငယ်ချင်းတွေ ပျော်ရွှင်ကြည်နူးနေကြတာကို ကျွန်တော်အံ့အားသင့်နေမိပါတယ်။
ကျွန်တော့်ကိုမြင်တော့ သူငယ်ချင်းတွေက ပြေးလာပြီး-
“မင်းအဖေက အရမ်းတော်တာပဲ၊ မင်းကိုနေ့တိုင်းလာကြိုဖို့ ပြောနေတာ”
“မင်းအဖေက တကယ့်စူပါမန်းပဲ”လို့ ဝိုင်းပြောကြပါတယ်။
ကျွန်တော်လည်း အရမ်းပျော်ပြီး အဖေ့ပေါင်ပေါ် တက်ထိုင်လိုက်တယ်။
အပြန်ကျတော့ အဖေက ကျွန်တော့်ကို ပြောပါတယ်။
“သားရေ . . လူတစ်ယောက်က ရုပ်ဆိုးချင်ဆိုးမယ်၊ ချောချင်ချောမယ်၊ အသားမည်းချင်မည်းမယ်၊ ဖြူချင်ဖြူမယ်၊ ပိန်ချင်ပိန်မယ်၊ ဝချင်ဝမယ် ဒါတွေက ဘာမှ အရေးမကြီးဘူး . .
အရေးကြီးတာက သူ့နှလုံးသားရဲ့ အရွယ်အစားနဲ့ ကြင်နာတတ်တဲ့ သတ္တိခွန်အားပဲ ငါ့သားမှတ်ထား . .”