Healthy Life Ad
Health Tips

အသက် ၁၀ဝ ကျော်အရွယ်အထိ ကျန်းမာသူ တရုတ်လူမျိုးတို့၏ ကျန်းမာရခြင်း လျှို့ဝှက်ချက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တရုတ်နိုင်ငံရှိ Bapan ရွာလေးကို အသက်ရှည်တဲ့ရွာလို့ တင်စားခေါ်ဝေါ်ကြပြီး အများစုက အသက် ၁၀ဝ ကျော်အရွယ်အထိ အသက်ရှည်ကြပါတယ်။ အဲဒီလို အသက်ရာကျော်ရှည်တဲ့ တရုတ်လူမျိုးတွေထံ နှလုံးအထူးကုဆရာဝန် ဂျွန်ဒေးက သွားရောက်လေ့လာခဲ့တဲ့အခါ ကျန်းမာရေးနဲ့အညီ နေထိုင်နည်းနဲ့ နှလုံးကျန်းမာရေးကောင်းမွန်ရခြင်းအကြောင်း သင်ခန်းစာတွေရရှိခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို သူ့လူနာတွေကို ဂျွန်ဒေးက အခုလိုမျှဝေထားပါတယ်။

– မျိုးဗီဇနှင့် ဘဝနေထိုင်စားသောက်မှုပုံစံ

လူအများစုက အသက်ရှည်တာကို မျိုးဗီဇကြောင့်လို့ထင်ပေမယ့် တကယ်တော့ ဒီတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မျိုးဗီဇတူညီတဲ့ အမြွှာ ၃၀ဝ၀ စုံကို လေ့လာခဲ့တဲ့ သုတေသနအရ အိမ်ပတ်ဝန်းကျင်နဲ့ ဘဝနေထိုင်မှုပုံစံ မတူညီတဲ့အခါ မျိုးဗီဇကြောင့် အသက်ရှည်တဲ့နှုန်းက ၂၅ ရာခိုင်နှုန်းရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ကျန်တဲ့အသက်ရှင်နိုင်ခြေ ၇၅ ရာခိုင်နှုန်းက ဘဝနေထိုင် စားသောက်မှုပုံစံပေါ်မူတည်နေပါတယ်။

– အသီးအရွက်၊ အခွံမာစေ့နှင့် ပဲ

ဒီအသက်ရှည်တဲ့ရွာက လူတွေဟာ အစာသုံးကြိမ်စလုံး (နံနက်စာမှာတောင်) ဟင်းသီးဟင်းရွက်ကို ထည့်စားလေ့ရှိကြပါတယ်။ အစာအုပ်စုထဲမှာ အသီးအရွက်၊ အခွံမာစေ့၊ ပဲနဲ့ ငါးဆိုပြီး ပါဝင်ပါတယ်။ အဓိက စားလေ့ရှိတာက ဟင်းသီးဟင်းရွက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာကို အဓိကစားပြီး ဆေးလိပ်မသောက်တဲ့ လူသုံးသောင်းလေးထောင်ကျော်ကို နှစ်ရှည်လေ့လာမှုအရ အမျိုးသမီးတွေမှာ လေးနှစ်သက်တမ်းပိုရှည်ပြီး အမျိုးသားတွေမှာ ခုနစ်နှစ် သက်တမ်းပိုရှည်တာကို တွေ့ရှိခဲ့ပါတယ်။ ပဲသီး၊ ပဲစိမ်းနဲ့ ပဲနီလေးပါဝင်တဲ့ ပဲအုပ်စုဟာ Bapan ရွာရဲ့ အဓိကအစာအုပ်စုတစ်ခုပါ။ အသက်ရှည်ဆုံးလူတွေက ပဲကိုနေ့တိုင်း ထည့်စားလေ့ရှိကြပါတယ်။ ဂျပန်က အသက်ရှည်ဆုံး လူမျိုးတွေနေထိုင်တဲ့ အိုကီနာဝါမှာလည်း ပဲကို အဓိက အစာအဖြစ် ပုံမှန်စားလေ့ရှိတာကို လေ့လာတွေ့ရှိရပြီး ဖြစ်ပါတယ်။

– လှုပ်ရှားမှု

Bapan ရွာသူရွာသားတွေကို လေ့ကျင့်ခန်း လုပ်သလားမေးရင် သူတို့ရယ်မောတတ်ပါတယ်။ ပြီးရင် တစ်ချိန်လုံး အိမ်ပြင်ထွက်ပြီး တစ်နေ့လုံး ခန္ဓာကိုယ်တော့ လှုပ်ရှားနေတာပဲလို့ ပြန်ဖြေတတ်ကြပါတယ်။ သူတို့က တောင်ယာလုပ်တဲ့သူတွေဖြစ်လို့ အသက်အရွယ်မရွေး ကိုယ်ခန္ဓာလှုပ်ရှားမှု လုပ်နေဖြစ်တာပါ။ လူလေးသိန်းကျော်ကို လေ့လာခဲ့တဲ့ ထိုင်ဝမ်လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး တက်ကြွတဲ့သူတွေဟာ ဘဝမှာ သက်တမ်းသုံးနှစ် ပိုနေရတယ်လို့ သိရပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေလို့ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးကြောထဲ သွေးချေးဖတ်ပိတ်ဆို့မှု လျော့ကျစေပြီး နှလုံးနဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေကာ အသက်ရှည်စေပါတယ်။ ဒီရွာမှာ ကွန်ပျူတာ၊ တီဗီစတဲ့ ခေတ်မီနည်းပညာသုံး ပစ္စည်းတွေလည်း မရှိပါဘူး။

– ဦးစားပေးခြင်း

Bapan ရွာက အိမ်တွေမှာ မျိုးဆက် ၄-၅ ဆက်လောက် အတူယှဉ်တွဲနေထိုင်တာကို တွေ့ရပါတယ်။ ကိုယ့်အိမ်က အသက်အကြီးဆုံးသူကို အကြံဉာဏ်အမြဲတောင်းတတ်သလို အစာစားတိုင်း ဦးစားပေးလေ့ရှိပါတယ်။ မိသားစုတိုင်းမှာ အဘိုး၊ အဘွားတွေက အလွန်အရေးပါနေပါတယ်။ ဒီလို လူမှုဝန်းကျင်ထောက်ပံ့မှုရှိတာကလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများအပြား ရရှိစေပါတယ်။ လူဦးရေ သုံးသောင်းရှစ်ထောင်ပါဝင်တဲ့ လေ့လာမှုတစ်ခုအရ ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးရှိသူတွေဟာ အသက်ရှည်ရှည် နေရနိုင်ခြေကို ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

– စိတ်ဖိစီးမှု

Bapan ရွာမှာ သဘာဝနဲ့ ထိတွေ့နေထိုင်ရတာ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ သဘာဝအစားအသောက် စတာတွေ ဝန်းရံနေတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် လေကောင်းလေသန့် ရှူရှိုက်ရတာကလည်း အသက်ရှည်ရှည်နေရစေဖို့ ပံ့ပိုးပေးနေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top