Healthy Life Ad
Health Tips

၀မ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် အမူအကျင့်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပိုးပါဝင်တဲ့ အစာနဲ့ရေကို စားသုံးတာကြောင့် အစာခြေလမ်းကြောင်းစနစ်မှာ ရောဂါဝေဒနာတချို့ကို ဖြစ်စေပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်ပါတယ်။

– ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်နဲ့ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဝမ်းပျော့ပျော့သွားနိုင်ခြေ ပိုများသွားပါတယ်။ အထူးသဖြင့် တာဝေးပြေးတဲ့ အပြေးသမားတွေဟာ ပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီးတဲ့အခါ ဝမ်းလျှောတတ် ပါတယ်။ ဒါကပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ခန္ဓာကိုယ်ဟာ ဒဏ်ပိသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ပြီးဖြစ်တဲ့ ဝမ်းလျှောတာက သူ့အလိုလို ပြန်သက်သာသွားတတ်တယ်လို့ သတင်းကောင်းအဖြစ်သိရပါတယ်။

– ကဖင်းပါဝင်မှုများသော အရည်များ သောက်ခြင်း
တစ်နေ့ ကော်ဖီနှစ်ခွက်-သုံးခွက်လောက် မှီဝဲရင် ဝမ်းပျော့ပျော့သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က ဝမ်းပျော့စေတဲ့ အာနိသင်ရှိလို့ပါ။ ကော်ဖီ အများအပြားသောက်ရင် ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ ပူပင်စိတ်လွန်ကဲတာစတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်သလို ဝမ်းလျှောတတ်ပါတယ်။

– အချိုတုမှီဝဲမှုများခြင်း
အချိုတု (Artificial Sweetener) မှီဝဲတာကြောင့် မကြာခဏ အိမ်သာသွားရတတ်ပါတယ်။ ဆော်ဘီတောနဲ့ မန်နီတော တို့လို အချိုတုတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

– ပိန်ဆေး သုံးစွဲမှုများခြင်း
ကိုယ်အလေးချိန်ကျစေတဲ့ အားဖြည့်ဆေးအများစုမှာ ဝမ်းနုတ်ဆေးပါဝင် နေတဲ့အတွက် ဝမ်းလျှောစေနိုင်ပါတယ်။ ဒီပိန်ဆေးတွေက ကိုယ်အလေးချိန်ကျစေ ရုံသာမက အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒီပိန်ဆေးတွေက ဝမ်းပျက်စေတဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ကိုပါ ခမ်းခြောက်စေပါတယ်။

– စိတ်ဓာတ်ကျခြင်း
စိတ်ခံစားချက် မကောင်းတာက အစာအိမ်အူလမ်းကြောင်းပေါ် တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ စိတ်ဓာတ်ကျ နေရင်ဝမ်းလျှောနိုင်ခြေပိုများတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဦးနှောက်နဲ့ အူဆက်နွှယ်မှုရှိတဲ့အတွက် ဆီရိုတိုနင် ဓာတ်(စိတ်ခံစားမှုကောင်းစေတဲ့ဓာတ်)လျော့ကျမှုဟာ အစာအိမ်အူလမ်းကြောင်း ပေါ်မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများတဲ့ အခါ ကော်တီစောဟော်မုန်းအထွက်များပြီး အစာချေဖျက်မှုဖြစ်စဉ်ကိုမြန်စေတဲ့အတွက် ဝမ်းလျှောစေတာ ဖြစ်ပါတယ်။


(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top