Healthy Life Ad
Life Style

နားအကြားအာရုံ ချို့တဲ့ခြင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

နားအကြားအာရုံ ချို့တဲ့တာက ကလေးမှာရော၊ လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ သောတအာရုံကိုခံစားနိုင်ဖို့ အပြင်နား၊ အလယ်နား၊ အတွင်းနားအားလုံး ကောင်းရမယ့်အပြင် ဦးနှောက်က အကြားအာရုံနဲ့ ပတ်သက်တဲ့နေရာရောက်အောင် သွားရတဲ့လမ်း ကြောင်းတစ်လျှောက်လည်း ကောင်းနေရမှာပါ။ အပြင်နားနဲ့ အလယ်နားက အသံသယ်ဆောင်တဲ့ အပိုင်း မှာပါတာ။ Conductive pathway လို့ ခေါ်တယ်။အဲဒီနေရာတွေမှာရောဂါဖြစ်လို့ အကြားလျော့တာကို Conductive Deafness (CD) လို့ ခေါ်တယ်။အ တွင်းနားနဲ့ဦးနှောက်ကိုဆက်သွယ်တဲ့လမ်းကြောင်း မှာရောဂါဖြစ်လို့ အကြားလျော့တာကို Sensorineural Hearing Loss (SNHL) လို့ ခေါ်တယ်။ Sensorian က အကြားအာရုံခံဆဲလ်တွေကိုဆိုလိုပြီး Neural က အာရုံကြောနဲ့ ဦးနှောက်ဆီသွားတဲ့လမ်း ကြောင်းကိုဆိုလိုတယ်။

အကြားအာရုံလျော့နည်းတာဟာ မွေးကတည်းကဖြစ်နိုင်သလို တချို့တွေကျတော့ မွေးတုန်းက အကောင်း နောက်မှဖြစ်တာလည်းရှိတယ်။ အကြားလျော့စေတဲ့အကြောင်းရင်းတွေကို ပြောပြချင်ပါတယ်။ တချို့အကြောင်းရင်းတွေက ရှောင်လို့ရတယ်။ ဥပမာ-ဆူညံသံ။ ဒီလိုအကြောင်းရင်းတွေကို ရှောင်နိုင်ရင်အကြားမလျော့အောင် ကာကွယ်ပြီးသားဖြစ် မှာပါ။

× × ×

Conductive Deafness

အပြင်နားနဲ့ အလယ်နားရောဂါတွေကြောင့် ဖြစ်တာပါ။ အပြင်နားမှာဆိုရင်လည်း မွေးရာပါချို့ယွင်း တာဖြစ်နိုင်တယ်။ နားပေါက်မပါတာ၊ နားကောင်း ကောင်းမဖြစ်လာတာတွေ ဖြစ်နိုင်တယ်။ အပြင်နားရောင်တာ၊ အလယ်နားရောင်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ နားကလော်တာတို့၊ မသန့်ရှင်းတဲ့ရေ နားထဲဝင်တာတို့ကြောင့် အပြင်နားရောင်နိုင်တယ်။အလယ်နားရောင်တာကို အမျိုးမျိုးခွဲထားတယ်။လတ်တလောရောင်တာ၊ နာတာရှည်ရောင်တာ၊ ပြည်ထွက်တာ၊ ပြည်မထွက်တာ၊ အလယ်နားမှာ အရည်စုတာနဲ့တွဲပြီး ဖြစ်တာအားလုံးမှာ တွေ့နိုင်တယ်။

အပြင်နားနဲ့ အလယ်နားထိခိုက်မိတဲ့အခါမှာ သွေးထွက်တာတို့ ရောင်တာတို့ကြောင့် အသံလှိုင်းအတွင်းကိုမရောက်ဘဲ အကြားလျော့နိုင်ပါတယ်။ကျူမာအကျိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုကတော့ နားဖာချေးပါပဲ။ နားဖာချေးကလော်ရင်း၊ ကလော်ရင်းအပြင် ဖက်မရောက်ဘဲအတွင်းကို သိပ်ထည့်သလိုဖြစ်တဲ့ အခါ အကြားလျော့ပါတယ်။ အဲဒီအခါမျိုးမှာ နားဖာချေးက အရမ်းမာနေတတ်တာမို့ နားဆေးထည့်ပြီး ပျော့လာမှထုတ်ပေးရပါတယ်။ အလယ်နားအရိုးခိုင်တဲ့ရောဂါ (စိုးကြီးရဲ့ မဟေသီခံစားရတဲ့ရောဂါ)ကလည်း နားအကြားလျော့တာနဲ့ လာပါတယ်။

Sensorineural Hearing Loss (SNHL)

ဆံချည်မျှင်ဆဲလ်တွေနဲ့ အာရုံကြော၊ ဦးနှောက်ကို သွားတဲ့လမ်းကြောင်း မကောင်းလို့ ဖြစ်ရတာပါ။အသက်ကြီးလာရင် ဆံချည်မျှင်ဆဲလ်တွေ ပျက်စီးပြီး အကြားလျော့သလို ဆူညံသံကြားမှာနေရတဲ့သူတွေလည်း အသက်မကြီးသေးပေမယ့် ဆံချည်မျှင်ဆဲလ် တွေပျက်စီးပြီး အကြားလျော့ရပါတယ်။ နားကို ထိခိုက်စေတဲ့ဆေးတွေ ဥပမာ-ဂျန်တာမိုင်ဆင်ကလည်း အကြားလျော့စေပါတယ်။ အတွင်းနားမှာညအရည်ပြည့်တဲ့ရောဂါကလည်း အကြားလျော့တာနဲ့ လာပါ တယ်။ ထိခိုက်ဒဏ်ရာရလို့ အတွင်းနားထိခိုက်ရင် လည်း SNHL ဖြစ်နိုင်ပါတယ်။ အာရုံကြောမှာ ဖြစ် တဲ့အကျိတ်မှာဆိုရင်လည်း အကြားလျော့တာဟာ ရောဂါလက္ခဏာတစ်ခုပါပဲ။ ဆီးချိုရောဂါရှင်တွေမှာ လည်း ဆီးချိုကိုမထိန်းနိုင်ရင် အာရုံကြောတွေ ထိ ခိုက်ပြီး အကြားလျော့လာနိုင်ပါတယ်။ တီဘီရောဂါ ရှင်တွေ၊ ငှက်ဖျားရောဂါရှင်တွေလည်း နားကိုထိခိုက် စေတဲ့ဆေးတွေ သောက်ရ၊ ထိုးရတဲ့အခါ အကြား အာရုံထိခိုက်ရပါတယ်။ အမေကိုယ်ဝန်ဆောင်နေ တုန်းရောဂါဖြစ်ရင်(ဥပမာ-ဂျိုက်သိုး)ဆိုရင် ကလေး နားလေးတတ်ပါတယ်။ မွေးတဲ့အခါ လွယ်လွယ်မမွေး နိုင်ဘဲ ကြာနေရင်လည်း ကလေး အကြားလျော့နိုင်ပါ တယ်။

Mixed Deafness

တစ်ခါတလေကျတော့ CD နဲ့ SNHL နှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ အဲဒီလိုနှစ်ခုလုံး ရောဖြစ်တာကို Mixed Deafness လို့ခေါ်တယ်။

× × ×

အကြားလျော့တဲ့အခါ တော်တော်ထိခိုက်တယ် ဆိုတာတွေ့ရပါတယ်။ မွေးကတည်းက အကြားအာ ရုံ ချို့တဲ့တာဆိုရင်ပိုဆိုးပါတယ်။ ကျွန်မတို့တစ်တွေ စကားပြောကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံကြတယ်။ စကားပြောတတ်တာဟာ သူများပြောတာကြားပြီးမှ အတုယူပြီးပြောတာမို့ အကြားအာရုံချို့တဲ့တဲ့ ကလေးတွေက စကားမပြောတတ်တာ တွေ့ရတယ်။ ကျောင်းသူ၊ ကျောင်းသားအရွယ်မှာဆိုရင်လည်း သူများတွေက စာကိုကြိုးစားပမ်းစား အပြိုင်အဆိုင် သင်ယူနေကြတဲ့အချိန်မှာဆရာမက ဘာပြောပြနေမှန်း၊ ဘာရှင်းပြနေမှန်းမသိတော့ စာမလိုက်နိုင်ဘူး။

စီးပွားရှာတဲ့ အရွယ်မှာရော ပြောမနေနဲ့တော့။ပြောရ၊ ဆိုရ၊ ဈေးစနည်းနာရ၊ ဈေးစကားပြောရမှာ လေ။ စကားပြောရတာ အဆင်မပြေရင် ဘယ်အလုပ် ဖြစ်ပါတော့မလဲ။
အသက်ကြီးလို့ တရားနာမယ်၊ တရားအားထုတ် မယ်ဆိုတော့လည်း နားကမကြားပြန်ဘူး။ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေနာမယ်၊ အလုပ်ပေးတရား တွေထဲက နည်းတွေအတိုင်း တရားအားထုတ်မယ်ဆိုရင် တရားထူးရနိုင်ပေမယ့် နားကမကြားတော့တရား မနာနိုင်။ ရခဲလှတဲ့ လူ့ဘဝရရဲ့သားနဲ့ တန်ဖိုးရှိတဲ့ တရားတွေ မနာနိုင်တော့ ထွက်ပေါက် မတွေ့နိုင်တော့ဘူး။ ဘယ်လောက်နစ်နာလိုက်သလဲ။

× × ×

ဒီလိုထိခိုက်နစ်နာစေတဲ့ အကြားအာရုံလျော့နည်းတာမျိုး မဖြစ်တာအကောင်းဆုံးပါပဲ။အကြား လျော့စေတဲ့အကြောင်းရင်းတွေ အများကြီးရှိတဲ့အနက် ကာကွယ်နိုင်တာတွေကလည်း အများကြီး ရှိပါတယ်။

ကိုယ်ဝန်ဆောင်အမေတွေကနေ ကလေးကိုထိခိုက်တာမဖြစ်ရအောင် မိခင်တွေကို ဂျိုက်သိုးရော ဂါကာကွယ်ဆေးထိုးပေးရပါမယ်။ ကိုယ်ဝန်ကို မှန်မှန်ပြပြီး တတ်ကျွမ်းတဲ့သူတွေနဲ့ မွေးရပါမယ်။ ဒါမှမွေးဖွားတာကြာလို့ ကလေးထိခိုက်တာ၊ အကြားလျော့ တာကာကွယ်နိုင်မှာပါ။ မွေးကင်းစကလေးတွေမှာ အသားဝါတတ်ပေမယ့် သွေးထဲမှာဘီလီရူဘင်တွေ အရမ်းများရင် ဦးနှောက်ထိခိုက်ပြီး အကြားလျော့နိုင်ပါတယ်။ အချိန်မီထိရောက်တဲ့ ကုသမှုရခဲ့ရင်တော့ ဒီလိုအဖြစ်ဆိုးတွေကို ကာကွယ်နိုင်မှာပါ။

ကလေးဘဝမှာလည်း သတိထားစရာတွေရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ တွေ့ရတာများတဲ့ နာတာရှည်နားပြည်ယိုတာဟာလည်း နားလေးစေတဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် နားပြည်ယိုတာပဲဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ အလယ်နားမှာအရည်စုတဲ့ ရောဂါကလတ်တလော အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ ဆက်စပ်နေတာမို့ အဲဒီရောဂါကို ကောင်းကောင်းကုရပါမယ်။

နားကို မထိခိုက်မိအောင်လည်း ဂရုစိုက်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် စကားများပြီး နားရင်းအုပ်တာမျိုးလည်းမလုပ်ပါနဲ့။ နားစည်ပေါက်သွားနိုင်ပါတယ်။ ယာဉ်တိုက်မှုတွေလည်း မဖြစ်အောင် ကာကွယ်ရင် နားအပါအဝင် လူကိုမထိခိုက်အောင် ကာကွယ်နိုင်ပါတယ်။ အလကားနေရင်း နားကလိ တာမျိုးလည်း ရှောင်သင့်ပါပြီ။ တချို့များ လက်သံ ပြောင်လိုက်ပုံက နားစည်ကိုပေါက်ရော။ ဒါကြောင့် အလကားနေရင်း နားကလော်တာ၊ ရန်ဖြစ်ရင် နားရင်းအုပ်တာတွေ ရှောင်ရပါမယ်။ တစ်ခါတလေ ဆိုင်မှာခေါင်းသွားလျှော်ရင် နားသန့်ရှင်းရေးဆိုပြီး ရေတွေထည့်တတ်ပါတယ်။ အဲဒီအခါ မသန့်တဲ့ရေဝင်ပြီး အပြင်နား ရောင်တတ်ပါတယ်။ ဒီအခါနားကိုက် လာတတ်ပါတယ်။ ဒါကလည်း ရှောင်သင့်တဲ့ အပြုအ မူပါပဲ။

ဆူညံသံကြောင့်အကြားလျော့တာ မဖြစ်ရအောင် ဆူညံသံကိုရှောင်ရပါမယ်။ စက်ရုံတွေမှာ စက်သံမဆူညံတာမျိုးသုံးရမယ်။ မီးစက်ဆိုရင်လည်း အသံမဆတာကိုသုံးရမယ်။ လိုအပ်ရင် အလုပ်သမားတွေကို နားအကာအကွယ်ပစ္စည်းတွေ ပေးထားရမယ်။ တကယ်သုံးအောင်လည်း ဒီပစ္စည်းတွေက လူတွေရဲ့အကြား အာရုံမထိခိုက်အောင် ကာကွယ်နိုင်တဲ့အကြောင်း၊ အကြားအာရုံက အရေးကြီးတဲ့အကြောင်းတွေကို ဟောပြောရပါမယ်။ မီဒီယာတွေကိုလည်း အသုံးပြုရပါမယ်။ ဆူညံသံမှာ ဖျော်ဖြေရေးက ဆူညံသံတွေ ကိုလည်းမေ့ထားလို့မရပါဘူး။ နားကြပ်လေးတွေတပ်ပြီး စတိုင်ထုတ်တဲ့အခါ လူငယ်အများစုက အသံအကျယ်ကြီးဖွင့်တတ်ပါတယ်။ အဲဒီလိုမဖွင့်အောင် ပညာပေးရပါမယ်။ နားကိုထိခိုက်စေတဲ့ ဆေးတွေကိုလည်း မပေးလို့မဖြစ်မှပေးရမှာပါ။ အသက်ကယ်ရမယ့် အခြေအနေဆိုရင်တော့ သုံးရမှာပေါ့လေ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top