Healthy Life Ad
Q & A

နားပြည်ယိုခြင်း

—၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဘယ်လိုအခြေအနေတွေကြောင့် နားပြည်ယိုတတ်ပါသလဲ ဆရာ။

A. နားပြည်ယိုရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အပြင်နားကြောင့် နားပြည်ယိုတာရှိသလို အလယ်နားကြောင့် နားပြည်ယိုတာလည်း ရှိပါတယ်။ အပြင်နားကြောင့် နားပြည်ယိုတာကတော့ အပြင်နားမှာ အနာပေါက်တာ၊ အပြင်နားမှာ ရေဝင်တာ၊ နားဖာချေးပိတ်တာတို့ကြောင့် ရောင်တာ/နာတာ ဖြစ်ပြီး နားပြည်ယိုတတ်ပါတယ်။

အလယ်နားကြောင့် နားပြည်ယိုတာကျတော့ နားစည်ပေါက်ပြီး အလယ်နားရောင်ရာက နားပြည်ယိုတာ ဖြစ်တတ်ပါတယ်။

Q. နားပြည်ယိုတဲ့အခါ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. နားပြည်ယိုတဲ့အခါ အဓိကရှောင်ရမှာကတော့ နားထဲကို တွေ့ကရာအရည်တွေ မထည့်ဖို့ပါပဲ။ ရေချိုးခေါင်းလျှော်ရင် နားထဲရေမဝင်ဖို့က အဓိကလိုက်နာရမှာပါ။ ပြီးရင် နားပြည်ယိုတာက ဘာကြောင့် ဖြစ်ရတာလဲဆိုတာ စစ်ဆေးကြည့်ဖို့လိုပါတယ်။ အပြင်နားရောင်လို့လား၊ အလယ်နားရောင်လို့လားဆိုတာ စစ်ဆေးပြီး အပြင်နားကြောင့်ဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေးထည့်လို့ ရပါတယ်။ ပဋိဇီဝပိုးသတ်ဆေးကို ပါးစပ်ကသောက်လို့လည်း ရပါတယ်။ ဒါဆိုရင် အမြန်ဆုံးသက်သာသွားမှာပါ။

တကယ်လို့ အလယ်နားကြောင့်ဖြစ်တယ်၊ နားစည်ပေါက်ပြီး နားပြည်ယိုတယ်ဆိုရင်တော့ ပဋိဇီဝ ပိုးသတ်ဆေးပေးတဲ့အခါ သတိထားရပါတယ်။ ဘယ်လိုပိုးသတ်ဆေးထည့်သင့်သလဲဆိုတာကို နားလည်တတ်ကျွမ်းတဲ့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်နဲ့ ပြပြီးမှ ထည့်သင့်ပါတယ်။

“နားပြည်ယိုတဲ့အခါ အဓိကရှောင်ရမှာကတော့ နားထဲကို တွေ့ကရာအရည်တွေ မထည့်ဖို့ပါပဲ။ ရေချိုးခေါင်းလျှော်ရင် နားထဲရေမဝင်ဖို့က အဓိကလိုက်နာရမှာပါ။ ပြီးရင် နားပြည်ယိုတာက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ စစ်ဆေးကြည့်ဖို့လိုပါတယ်။ အပြင်နားရောင်လို့လား၊ အလယ်နားရောင်လို့လားဆိုတာ စစ်ဆေးပြီး အပြင်နားကြောင့်ဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေးထည့်လို့ ရပါတယ်။”

Q. နားပြည်ယိုရင် လူအများစုက နားသန့်ဆေး ထည့်လေ့ရှိပါတယ်။ အဲဒါကရော လုပ်သင့်တဲ့ အပြုအမူလား ဆရာ။

A. ဒါက စောစောက ပြောသလိုပဲ။ အပြင်နားရောင်လို့ နားသန့်ဆေးထည့်တယ်ဆိုရင် ပြဿနာမရှိပါဘူး။ အလယ်နားမှာ ပြဿနာရှိတယ်။ နားစည်ပေါက်ပြီး အလယ်နားကြောင့် နားပြည်ယိုတယ်ဆိုရင် နားသန့်ဆေးထည့်လိုက်တဲ့အခါ ပိုဆိုးတတ်ပါတယ်။

Q. ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျှော်တဲ့အခါ နားဆေးပေးလေ့ရှိပါတယ်။ နားဆေးတာက လုပ်သင့်တဲ့ အလေ့အထလားဆိုတာ သိချင်ပါတယ်။

A. အဲဒါကတော့ မကောင်းတဲ့အလေ့အထလေး တစ်ခုပဲ။ ဆရာတို့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေကတော့ နားဆေးတဲ့အကျင့်ကို မလုပ်တာကောင်းတယ်လို့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နားဆေးရင်း နားစည်ကိုထိုးမိပြီး ပေါက်သွားတတ်ပါတယ်။ မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့ ဂွမ်းဖတ်တို့နဲ့ ဆေးမိ/ ထိုးမိရင် မှိုတက်၊ မှိုစွဲတဲ့ရောဂါ ဖြစ်တတ်တယ်။ အဲဒါကြောင့် နားဆေးတာကို မလုပ်သင့်တဲ့ အပြုအမူလို့ သတ်မှတ်ထားပါတယ်။

Q. နားဖာချေးကလော်တာကရော လုပ်သင့်ပါသလား ဆရာ။

A. ပုံမှန်ဆိုရင်တော့ နားဖာချေးဆိုတာ သဘာဝအတိုင်းရှိနေသင့်တဲ့ အရာပါ။ စကားပြောရင်း၊ ထမင်းစားလို့ ပါးစပ်လှုပ်ရင်း တဖြည်းဖြည်းနဲ့ နားအပြင်ကို ထွက်လာပြီးကွာကျတာပါ။ ရေချိုးရင်း၊ လေတိုက်ရင်း အပြင်ကိုထွက်သွားတဲ့အရာပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ နားဖာကလော်တံနဲ့ ကလော်တာတို့၊ ဂွမ်းတံနဲ့ထိုးတာတို့လုပ်ရင် အပြင်ကနေ အတွင်းထဲကို ရောက်သွားတတ်ပါတယ်။ အတွင်းထဲရောက်ရင် သဘာဝအတိုင်း ပြန်မထွက်နိုင်တော့ပါဘူး။ အဲဒီအခါ နားကိုက်တာ၊ နားပြည်ယိုတာတို့ ဖြစ်လာတတ်ပါတယ်။

Q. နားပြည်ယိုတာကို သေချာကုသမှုမခံယူရင် နားလေးတတ်ပါသလား ဆရာ။

A. နားပြည်ယိုတာကို သေချာကုသမှုမခံယူရင်တော့ နားလေးတတ်ပါတယ်။ အလယ်နားရောင်လို့ နားပြည်ယိုတာဖြစ်ရင် နားစည်က ပေါက်သွားတတ်ပါတယ်။ အဲဒီအခါ နားလေးတတ်ပါတယ်။ ကြာလာလို့ နာတာရှည်ဖြစ်ရင် အသံဝင်တဲ့ အရိုးလေးတွေရှိတယ်၊ အဲဒီအရိုးလေးတွေ စားသွားတဲ့အခါ အသံသယ်ဆောင်မှုအပိုင်း ပျက်စီးပြီး နားလေးသွားတတ်ပါတယ်။ နောက်တစ်ခုက အလယ်နားရောင်တာကတစ်ဆင့် အတွင်းနားကို ရောက်သွားပြီး အတွင်းနားရောင်တဲ့အခါမှာလည်း နားလေးတတ်ပါတယ်။

Q. နားလေးသွားပြီဆိုရင်ကော ကုလို့ရသေးသလား ဆရာ။

A. နံပါတ်တစ်ကတော့ နားလေးတာက ဘယ်လိုအဆင့်နဲ့ လေးသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အလယ်နားရောင်လို့ နားလေးတယ်ဆိုရင် အလယ်နားကို ပိုးသတ်ဆေးနဲ့ကုသမယ်၊ နားစည်ကို ပြန်ဖာမယ်၊ ဒါမှမဟုတ် အသံကိုသယ်တဲ့ အရိုးလေးတွေကို ပြန်အစားထိုးမယ်ဆိုရင် အသံကို ပြန်ကြားရနိုင်ပါတယ်။ အကယ်၍ အတွင်းနားကိုရောက်ပြီး နားလေးတယ်ဆိုရင် နားကြားကိရိယာတပ်ရမယ်၊ အတွင်းနားမှာ အသံနှိုးဆွတဲ့ကိရိယာတွေ တပ်မယ်ဆိုရင် နားပြန်ကြားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top