Healthy Life Ad
Health Tips

ဆေးမင်ကြောင်ထိုးပြီးပြီးချင်း ဂရုစိုက်ရမည့် နည်းလမ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဆေးမင်ကြောင် ထိုးပြီးတာနဲ့ အနာကျက်ဖို့ အနည်းဆုံး ၇ ရက်ကနေ ၁၄ ရက်အထိ စောင့်ဆိုင်းရပါတယ်။ ဆေးမင်ကြောင် အရွယ်အစား၊ ထိုးတဲ့ အရေပြားနေရာနဲ့ ပုံစံပေါ်မူတည်ပြီး အနာကျက်ချိန်က ကွာခြားမှု ရှိတတ်ပါတယ်။ ဆေးမင်ကြောင်ထိုးပြီးချိန်မှာ ဘယ်လို ဂရုစိုက်သင့်တယ်ဆိုတဲ့ အကြောင်းတွေကို သိရှိနားလည်စေဖို့နဲ့ အနာကျက်မြန်စေဖို့ အကြံပြုလိုက်ပါတယ်။

(၁) ဆေးမင်ကြောင်ပေါ်က ပတ်တီး သို့မဟုတ်ပလတ်စတစ်ကိုမှန်ကန်စွာဖယ်ရှားပါ
ထိုးထားကာစ ဆေးမင်ကြောင်ပေါ်က ပတ်တီး ဒါမှမဟုတ် ပလတ်စတစ်ကို ဘယ်အချိန်မှာ ဖယ်ရှား ရမယ်ဆိုတာ သင်ရဲ့ ဆေးမင်ကြောင်ထိုးပေးသူက ပြောပြပါလိမ့်မယ်။ ဆေးမင်ကြောင်ထိုးပြီး အပြင် ထွက်လိုက်တာနဲ့ ပတ်တီးကို ဖယ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီအချိန်မှာ သွေး၊ ကိုယ်တွင်းအရည်နဲ့ မင်တွေက စိုနေတုန်း ဖြစ်တတ်လို့ သင့်အဝတ်အစားတွေကို စွန်းထင်းတတ်ပါတယ်။

ဆေးမင်ကြောင်ထိုးပြီး ၂ နာရီကနေ ၄ နာရီအကြာမှာ ပတ်တီး ဒါမှမဟုတ် ပလတ်စတစ်ကို ဖယ်လိုက်တာ အကောင်းဆုံးပါ။ ဆေးမင်ကြောင်က ကြီးတယ်ဆိုရင် ၆ နာရီလောက်ထိ ထားပြီးမှ ဖယ်သင့်ပါတယ်။

(၂) ဆေးမင်ကြောင်ကို အကြိမ်များများ ဆေးကြောပါ
ဆေးမင်ကြောင် ပိုးမဝင်စေဖို့ ကာကွယ်ရပါမယ်။ ပလတ်စတစ် ဒါမှမဟုတ် ပတ်တီးဖယ်ပြီးတဲ့အခါ ဆေးမင်ကြောင်ကို နှစ်နာရီလောက် လေသလပ် ခံထားလိုက်ပါ။ ပြီးရင် အနံ့မပါတဲ့ ဆပ်ပြာ၊ ရေတွေသုံးပြီး ဆေးပေးပါ။

ဆေးမင်ကြောင်ကို တစ်နေ့ အကြိမ်များများ ဆေးပြီး သန့်ရှင်းတဲ့ တဘက်စနဲ့ ခြောက်အောင် သုတ်ပေးပါ။ ဆေးမင်ကြောင်ကို ညစ်ပတ်တဲ့ လက် နဲ့ ဘယ်တော့မှ မထိပါနဲ့။

(၃) ဆေးမင်ကြောင် ရေစိုနေချိန် အရေပြားလိမ်းဆေးလိမ်းပါ
အနာမြန်မြန်ကျက်အောင် ဆေးမင်ကြောင် ရေစိုနေတုန်းမှာ လိမ်းဆေး လိမ်းပါ။ အနံ့အသက်၊ အရောင်နဲ့ အယ်လ်ကိုဟောပါတဲ့ လိုးရှင်းတွေကို လုံးဝမလိမ်းရပါဘူး။

(၄) ဆေးမင်ကြောင်အသစ်ကို ကုတ်ခြစ်ခြင်း၊ အနာဖေးခွာခြင်း လုံးဝမလုပ်ရ
ဆေးမင်ကြောင်တွေက အနာကျက်လာတာနဲ့ ယားယံတတ်ပါတယ်။ အဲဒီအခါ ကုတ်ခြစ်တာကို လုံးဝမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ရင် ဆေးမင်ကြောင် အလှပျက်ရသလို အရေပြား ထိခိုက်ကာ ပိုးဝင်နိုင် ခြေများပါတယ်။ ဆေးမင်ကြောင် ယားနေရင် ရေအေးနဲ့ဆေးကြောပေးပါ။ အဲဒီနေရာမှာ အဝတ်အစား ကျပ်ကျပ်ဝတ်တာကို ရှောင်ပါ။

(၅) ဆေးမင်ကြောင်ကို နေဒဏ်မထိစေသင့်
ဆေးမင်ကြောင် ထိုးပြီးခါစမှာ နေဒဏ်အလွန် အမင်း မကျရောက်စေဖို့ သတိပြုရပါမယ်။ နှစ်ပတ်လောက် နေဒဏ်ကာကွယ်ထားရင် အနာကျက်မြန် စေပါတယ်။ ချွေးထွက်များရင် ရေချိုးလိုက်တာကြောင့် ဆေးမင်ကြောင်ထဲ ဘက်တီးရီးယားပိုးဝင်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top