Healthy Life Ad
Women

ခရီးက ပြန်လာပြီးနောက် သဘာဝကျကျ အသားအရေထိန်းသိမ်းနည်း

– လရိပ်မေ

အလှအပဆိုင်ရာ လျှို့ဝှက်ချက်က သင့်အိမ်က မီးဖိုချောင်ထဲမှာရှိတယ်ဆိုတာ သိပါသလား။ ခရီးက ပြန်လာချိန်မှာ အသားအရေတွေ ပျက်စီးနွမ်းနယ်နေရင် ဒီလိုသဘာဝပစ္စည်းတွေကိုသုံးပြီး အသားအရေထိန်းသိမ်းပြုပြင်မှုတွေကို လုပ်သင့်ပါတယ်။

– သခွားသီးကပ်ခြင်း

ခရီးကပြန်လာလို့ ပင်ပန်းနေချိန်မှာမျက်ကွင်းညိုပြီး မျက်လုံးတွေညောင်းညာနေရင် သက်သာစေဖို့ သခွားသီးကို ပါးပါးလှီးပြီး မျက်ဝန်းတွေပေါ် ကပ်ထားပေးပါ။ မျက်လုံးတွေပေါ်မှာ သခွားသီးပါးပါးကပ်ပေးတာက မျက်ဝန်းတွေကို အေးမြစေပြီး လန်းဆန်းမှုကို ရရှိစေပါတယ်။ သခွားသီးနဲ့ သံပုရာရည်တို့ကိုရောမွှေပြီး မျက်နှာအရေပြားပေါ်လိမ်းပေးတာကလည်း မျက်နှာပေါ်က အမည်းစက်တွေနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

– ပျားရည်နှင့် သံပုရာရည်ရောလိမ်းခြင်း

ပျားရည်ထဲကို သံပုရာရည်အစက် အနည်းငယ်ထည့်ပြီး အဲဒီအရောအနှောကို မျက်နှာပြင်ပေါ်လိမ်းပေးတာက အရေပြားကို ကြေးချွတ်ပေးသလိုဖြစ်စေပါတယ်။

– ဒိန်ချဉ်လိမ်းခြင်း

မျက်နှာပေါ်မှာ ဒိန်ချဉ်လိမ်းပေးတာက မျက်နှာအသားအရေကို နူးညံ့ချောမွေ့ပြီး ပျော့ပျောင်းစေပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို အသားအရေ ခြောက်သွေ့သူတွေက အစိုဓာတ်ထိန်းပစ္စည်းအနေနဲ့ အသုံးပြုကြတာပါ။

– ခရမ်းချဉ်သီးအနှစ်ဖြင့် သန့်စင်ခြင်း

ခရမ်းချဉ်သီးအနှစ်ကို အသားအရေသန့်စင်ပေးတဲ့ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည်ကို ပျားရည်နဲ့ရောမွှေပြီး မျက်နှာပြင်ပေါ်မှာလိမ်းပေးပါ။ အချိန် ၁၀-၁၅ မိနစ်ကြာမှ မျက်နှာကို ရေနဲ့ဆေးကြောချလိုက်ပါ။ ခရမ်းချဉ်သီးအနှစ်ရည်က အဆီပြန်တဲ့အသားအရေနဲ့ ဆားဝက်ခြံအမည်းတွေရှိနေတဲ့ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

– သင်္ဘောသီးဖြင့် ပေါင်းတင်ခြင်း

သင်္ဘောသီးကို အလွှာပါးလေးတွေလှီးကာ မျက်နှာပြင်ပေါ်ကပ်ပေးထားပါ။ အရေပြားအိုမင်းတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။

– နို့ရည်ဖြင့် သန့်စင်ခြင်း

နို့ရည်က အသားအရေကိုတင်းရင်းစေတဲ့ အကောင်းဆုံးသန့်စင်ဆေးရည်ဖြစ်ပါတယ်။ နို့ရည်ကိုအသားအရေသန့်စင်ပေးတဲ့အရာအဖြစ် ကောင်းကောင်းအသုံးပြုနိုင်ပြီး အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top