Healthy Life Ad
Life Style

အိမ်ကို ရှင်းလင်းစွာထားသင့်သည့် အကြောင်းပြချက် (၁၀)

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတလေ အလုပ်တွေပြီးမြောက်လို့ အိမ်ပြန်ရောက်ရင်တောင် စိတ်ကအနားမရနိုင်ဘဲ ဖြစ်နေပါသလား။ အိမ်ကို ရှင်းလင်းကြည့်လိုက်ပါ။ သင့်အိမ်က ရှင်းလင်းသပ်ရပ်နေတယ်ဆိုရင် စိတ်နဲ့ခန္ဓာအတွက် အောက်ပါကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။

(၁) ရှုပ်ပွနေတဲ့ အိမ်ကြောင့် သင့်ကျန်းမာရေး ထိခိုက်နိုင်
အိမ်က ရှုပ်ပွပြီး ပစ္စည်းတွေပြန့်ကျဲနေတဲ့အခါ သင့်စိတ်နဲ့ခန္ဓာအပေါ် ကြီးမားတဲ့ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ကို ပိုညစ်ညူးစေပြီး အိပ်ရေးဝ၀အိပ်မပျော်တော့ပါဘူး၊ အဲဒီကတစ်ဆင့် အာရုံစူးစိုက်မှုလျော့ကျကာ ဖိစီးမှုဒဏ် ပိုခံရတတ်ပါတယ်။

(၂) ရှင်းလင်းသပ်ရပ်နေတဲ့ အိမ်ကြောင့် စိတ်ကြည်နိုင်
သင့်အိမ်က ရှင်းလင်းသပ်ရပ်နေတယ်ဆိုရင် စိတ်ကိုကြည်လင်စေပါတယ်၊ အဲဒီအခါ သတင်းအချက်အလက်တွေကို စုစည်းနိုင်စွမ်း ကောင်းမွန်စေပါတယ်။ စိတ်ပေါ့ပါးကာ အိမ်တွင်းလေထုကလည်း သန့်စင်နေတဲ့အတွက် ကျန်းမာနေပါလိမ့်မယ်။

(၃) ရှင်းလင်းနေတဲ့အိမ်ကြောင့် စိတ်ဖိစီးမှုနဲ့ ပူပင်သောက လျော့ကျစေနိုင်
ရှင်းလင်းတဲ့ အိမ်မှာ နေရတဲ့အခါ မပြီးဘဲကျန်နေတဲ့ အလုပ်ကိစ္စအကြွေးတွေကို မြန်မြန်သတိပြုမိပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ အဲဒီအတွက် စိတ်ဖိစီးမှုအဆင့်လျော့ကျပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်လာစေပါတယ်။
အိမ်ကရှုပ်ပွနေရင် စိတ်ဖိစီးမှုနဲ့ ပူပင်သောကများကာ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။

(၄) ရှင်းလင်းနေတဲ့ အိမ်က သင့်အစာခြေလမ်းကြောင်းစနစ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေနိုင်
ရှင်းလင်းသပ်ရပ်တဲ့ အိမ်မှာနေတဲ့အခါ လေပွတာ၊ ရင်ပူတာ၊ အစာမကြေတာနဲ့ ရောင်ရမ်းတာတို့လို ဝေဒနာလက္ခဏာတွေ ကင်းစင်နေပါလိမ့်မယ်။ ဒါက အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်သွယ်မှုနဲ့ ဆက်စပ်နေလို့ပါ။ စိတ်ဖိစီးမှုအဆင့် လျော့ကျသွားတဲ့အခါ စိတ်ကပါကြည်လင်နေပြီး သင့်ခန္ဓာကိုယ်က စွမ်းအင်များများထွက်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆိပ်ချေဖျက်တဲ့လုပ်ငန်းကလည်း ကောင်းမွန်နေပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်နေပါတယ်။ အင်တီအောက်ဆီးဒင့်ရဲ့ ကာကွယ်နိုင်စွမ်းကလည်း အားကောင်းနေပါလိမ့်မယ်။

(၅) ရှင်းလင်းနေတဲ့အိမ်က အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေကို ကင်းစင်စေနိုင်
အိမ်က ရှုပ်ပွနေလေလေ၊ ဖုန်မှုန့်၊ အညစ်အကြေး၊ တိရစ္ဆာန် အမွေးအမှင်နဲ့ မှိုပိုးတွေကို ပိုမိုဖိတ်ခေါ်လေလေပါ။ အဲဒီပြင်ပပိုးမွှားတွေမှာပါတဲ့ အဆိပ်အတောက်တွေက ကျန်းမာရေးအန္တရာယ် ဖြစ်လာပြီး ဓာတ်မတည့်မှုတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ရောင်ရမ်းမှုတွေ၊ ဖိစီးမှုတွေနဲ့ နာတာရှည်ရောဂါဝေဒနာ တွေကိုတောင် ဖြစ်စေနိုင်ပါတယ်။

(၆) အချိန်ပိုထွက်နိုင်
လေ့လာမှုတစ်ရပ်အရ အမေရိကန်လူမျိုးတွေက သူတို့ဘဝမှာ ပစ္စည်းတွေနေရာမှားတာ၊ ပျောက်ဆုံးတာကို ရှာဖွေနေရတဲ့အတွက် ကုန်ဆုံးချိန် တစ်နှစ်ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်ကို ရှင်းလင်းထားရင် ဘဝမှာအချိန်ပိုထွက်လာပါလိမ့်မယ်။

(၇) ပေါင်းသင်းဆက်ဆံရေးကို ပိုကောင်းမွန်စေနိုင်
စစ်တမ်းတစ်ခုအရ အိမ်ရှုပ်ပွနေသူတွေက သူတို့အိမ်ကို မိတ်ဆွေသူငယ်ချင်း ဖိတ်လေ့မရှိတတ်ကြပါဘူး။ အိမ်ရှင်းလင်းနေသူကသာ မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်လေ့ရှိပါတယ်။

(၈) လိင်မှုဘဝ ပိုကောင်းစေနိုင်
ယုံဖို့ခက်ပေမယ့် အမှန်ပါတဲ့။ လေ့လာမှုတစ်ရပ်အရ အိမ်ရှုပ်ပွတာ၊ ပစ္စည်းပျောက်တာ စတဲ့အခြေအနေတွေက အိမ်ထောင်သည်တွေမှာ လိင်မှုဘဝကို ထိခိုက်စေတယ်လို့ သိရပါတယ်။

(၉) အိမ်ရှုပ်ပွနေရင် အလိုလိုနေရင်း ပင်ပန်းနေနိုင်
ပရင်စီတန်တက္ကသိုလ်လေ့လာမှုတစ်ရပ်အရ ရှုပ်ပွနေတဲ့ အိမ်ထဲမှာနေတဲ့ သူတွေဟာ စိတ်ဖိစီးမှုအဆင့်မြင့်တက်ပြီး အလိုလိုနေရင် ပင်ပန်းနွမ်းနယ်နေတတ်တယ်လို့ သိရပါတယ်။ အိမ်ရှုပ်ပွနေရင် အာရုံစိုက်နိုင်စွမ်းနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။

(၁၀) အိမ်ရှုပ်ပွနေရင် ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကို ထိခိုက်စေနိုင်
လေ့လာမှုတစ်ရပ်အရ အိမ်ရှုပ်ပွနေရင် စိတ်အခြေအနေကပါ ကြည်လင်မှုမရှိတော့ဘဲ စိတ်အနှောင့် အယှက်ဖြစ်ကာ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top