Healthy Life Ad
Health Tips

တေးဂီတကုထုံးက ဘယ်လိုဆေးဖက်ဝင်သလဲ . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အခုဆိုရင် မြန်မာနိုင်ငံမှာ တေးဂီတကုထုံးနဲ့ကုသမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လူတိုင်းဟာ တေးဂီတကို ချစ်မြတ်နိုးစွာနားဆင်တတ်ကြပြီး တေးဂီတဟာ စိတ်နဲ့အထွေထွေကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေတယ်ဆိုတာလေ့ လာသက်သေပြနိုင်နေပါပြီ။ တေးဂီတဟာ အသက်အရွယ်မရွေး လူအားလုံးရဲ့ စိတ်၊ ရုပ်၊ တွေးခေါ် မြော်မြင်မှု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝအရည်အသွေးတွေကို လွှမ်းမိုးထောက်ပံ့ပေးနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။

(၁) အကိုက်အခဲပျောက်စေပါတယ်
တေးဂီတမှာ သဘာဝအကိုက်အခဲ သက်သာစေတဲ့ ဆေးလိုအာနိသင်ရှိပါတယ်။ အကြောင်းကတော့ တေးသီချင်းနားဆင်တာကြောင့် အန်ဒေါ်ဖင်ဓာတ်ထွက်ရှိမှုကောင်းစေလို့ပါ။ ဒါက နာကျင်ကိုက်ခဲမှုသက်သာစေပြီး အပန်းပြေစေပါတယ်။ နေ့စဉ် တေးသီချင်းနားဆင်တာကြောင့် နာတာရှည်နာကျင် မှုကို ၂၁ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်တယ် လို့ သိရပါတယ်။

(၂) စိတ်ဖိစီးမှု လျော့ကျစေပါတယ်
စိတ်ဖိစီးမှုဟာ စိတ်ဝေဒနာတွေအပါအဝင် နာမကျန်းမှုများစွာနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ စိတ်ဝေဒနာရှင်တွေကို တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်ခန့် သီချင်းအေးအေးတွေကို နားဆင်စေခဲ့ရာ နှစ်ပတ်ကြာပြီးနောက် လူနာတွေရဲ့ စိတ်ဖိစီးမှုနဲ့ ပူပင်သောကအဆင့်က သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။

(၄) ဦးနှောက်ဆဲလ် လှုံ့ဆော်စေပါတယ်
ဂီတသံစဉ်ခပ်ပြင်းပြင်းနဲ့ သီချင်းတွေက ဦးနှောက်လှိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပြီး အာရုံစူးစိုက်မှုအားကို ပိုမိုထက်မြက်စေကာ တွေးခေါ်နိုင် စွမ်းအားပိုကောင်းစေတယ်လို့ လေ့လာမှုအရသိရပါတယ်။ ငြိမ့်ညောင်းတဲ့ တေးဂီတကိုနားဆင်တာ ကြောင့်ငြိမ်းချမ်းတဲ့ အခြေအနေမျိုးဖြစ်စေကာ ဖန်တီးနိုင်စွမ်းအားကို ပိုမိုကောင်းမွန်စေတာ ကြောင့်ပါ။

(၅) သက်လုံအား ပိုကောင်းစေပါတယ်
လေ့ကျင့်ခန်းလုပ်ရင်း တေးသီချင်းနားထောင်တာကြောင့် သက်လုံကို ပိုမို ကောင်းမွန်စေပါတယ်။ တေးသီချင်းဟာ လေ့ကျင့်ခန်းကြောင့် မောပန်းတာ၊ ပျင်းရိတာ၊ ပင်ပန်းတာတို့ကို ဖယ်ရှားပေးပြီး ထပ်ခါထပ်ခါ လေ့ကျင့်လိုစိတ်ကို ဖြစ်ပေါ်စေတာကြောင့်ပါ။ တေးသီချင်းနားထောင်ရင်း လေ့ကျင့်ခန်းလုပ်တာကြောင့် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတို့ ပိုကောင်းပြီး အမောခံနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရတေး သီချင်းနားဆင်ရင်း လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်ကို ပိုမိုလျှော့ချနိုင်သလို လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်ဖြစ်စေတယ်လို့ သိရပါတယ်။

(၃) နှလုံးသွေးကြော ကျန်းမာရေးအထောက်အကူပြုစေပါတယ်
တေးသီးချင်တွေကို နားဆင်တာကြောင့် နှလုံး ခုန်နှုန်းနဲ့သွေးဖိအားကို လျော့ကျစေပါတယ်။ သွေးတိုးကျတာကြောင့် လေဖြတ်တာနဲ့ တခြားရောဂါတွေမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ အီတလီ လေ့လာမှုတစ်ရပ်အရ သွေးတိုးရောဂါရှိသူတွေကို တစ်နေ့မိနစ် ၃၀ခန့် တေးဂီတနားဆင်စေခဲ့ တဲ့အခါ တစ်လအကြာမှာ သွေးဖိအား သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ ကောင်းတဲ့တေးဂီတဟာ ဆဲလ်တွေနဲ့တစ်သျှူးတွေကို ငြိမ်သက်သွားစေပြီး လူနာရဲ့ အသက်ရှူနှုန်းနဲ့နှလုံးခုန် နှုန်းကိုပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ဆောင်ပေးနိုင်တာကြောင့်ပါ။

(၆) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်
တေးသီချင်း နားဆင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။ တေးသီချင်းနားဆင်ရင်း အိပ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ကို ကင်းဝေးစေလို့ပါ။ ဒီလိုစိတ်ပင် ပန်းမှုတွေကင်းတာကြောင့် အနားရပြီးအိပ်ရေးဝရတာဖြစ်ပါတယ်။

(၇) စိတ်ကြည်နူးမှု ရရှိစေပါတယ်
စိတ်ဓာတ်ကျတာကြောင့် အားနည်းတာ၊ ခေါင်းကိုက်တာ၊ သတိလက်လွတ်ဖြစ်တာနဲ့ အာရုံစူးစိုက်မှုမကောင်းတာတို့ဖြစ်တတ်ပါတယ်။ တေးဂီတကြောင့် စိတ်ကြည်နူးမှုရရှိစေပြီး ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်နဲ့ယုံကြည်မှုတို့ တိုးစေပါတယ်။

(၈) ကင်ဆာဝေဒနာ သက်သာစေပါတယ်
လေ့လာမှုအရ တေးဂီတဟာ ကင်ဆာရောဂါသည်တွေမှာလည်း ဝေဒနာသက်သာစေတယ်လို့သိရပါတယ်။ တေးသီချင်းနားဆင်တာကြောင့် ဓာတ်ရောင်ခြည်ပေးကုသမှု ခံယူနေရသူတွေမှာ ပူပင်သောကလျော့ပါးစေသလို ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူတွေမှာလည်း ပျို့အန်ချင်စိတ်ပေါ်တဲ့ဝေဒနာနဲ့ အန်ချင်တဲ့ဝေဒနာကိုသက်သာစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top