Healthy Life Ad
Life Style

သင့်မျက်နှာပေါ်မှာ အိုမင်းမှုသင်္ကေတ အရေးကြောင်းတွေ မထင်စေဖို့ဆိုရင် . . .

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. တချို့လူတွေက အရေးကြောင်းထင်းပြီး တချို့လူတွေက အရေးကြောင်းမထင်တာ ဘာကွာခြားမှုကြောင့်ပါလဲ ဆရာမ။

ဖြေ. အရေးကြောင်းဖြစ်ဖို့က ပတ်ဝန်းကျင်အခြေအနေနဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံကလည်းအရေးကြီးပါတယ်။ ပတ်ဝန်းကျင်အခြေအနေမှာ အရေးကြီးဆုံးကတော့ နေလောင်ဒဏ်ပါပဲ။ နေပူဒဏ်ခံရတဲ့နေရာနဲ့ နေပူမထိတဲ့နေရာက အရေးကြောင်းတွေကို ယှဉ်ကြည့်ရင်သိနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်တွင်းယှဉ်ကြည့်ရင် မျက်နှာကနေပူဒဏ်ပိုခံရလို့ အရေးကြောင်းနဲ့ အမည်းစက်တွေ ပိုများနေတတ်ပါတယ်။ လေပူဒဏ်၊ နေပူဒဏ် ကြာရှည်ခံရတဲ့သူတွေက အရေးကြောင်း ပိုဖြစ်တတ်ပါတယ်။ စိတ်သောကများတတ်တဲ့သူဖြစ်ရင် အရေးကြောင်း ပိုဖြစ်တတ်ပါတယ်။ အာဟာရပြည့်အောင်မစားဘဲ ကိုယ်အလေးချိန်ကို ချလွန်းရင်လည်း လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေမရရှိလို့ အရေးကြောင်း ပိုဖြစ်နေတတ်ပါတယ်။

မေး. အရေးကြောင်းထင်ဖို့ အားပေးတဲ့ ပတ်ဝန်းကျင်အခြေအနေတွေရှိရင် သိပါရစေ ဆရာမ။

ဖြေ. ပြင်ပအကြောင်းတွေကြောင့် အိုမင်းတဲ့နေရာမှာ နေပူဒဏ်၊ လေပူဒဏ် ပိုခံကြရတဲ့သူတွေက အရေးကြောင်းပိုများပါတယ်။ မျက်နှာအမူအယာ များစွာပြုလုပ်ရတဲ့အခါ အရေပြားရဲ့ ကျုံနိုင်၊ ဆန့်နိုင်စွမ်းက နည်းသွားတတ်ပါတယ်။ အဲဒီအခါ ပိုအိုပါတယ်။ အိပ်တဲ့ပုံစံကလည်း အရေးကြောင်းနဲ့ ဆက်စပ်နေပါတယ်။ မျက်နှာအရေပြားကိုဖိအိပ်ရင် အရေးကြောင်း ပိုထင်းတတ်ပါတယ်။ ပက်လက်အိပ်တဲ့အခါ အရေပြားတွန့်ပိတာ နည်းသွားတတ်ပါတယ်။ အရေးကြောင်း နည်းစေပါတယ်။

ဆေးလိပ်သောက်တဲ့အခါ ပိုအိုစေပါတယ်။ ဆေးလိပ်သောက်ဖို့ များစွာလှုပ်ရှားမှု ပြုလုပ်ရတဲ့ မျက်နှာနဲ့နှုတ်ခမ်းက အတွန့်ပိုများတတ်ပါတယ်။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းက သွေးကြောကတစ်ဆင့် အရေပြားဆဲလ် အသစ်ဖြစ်တာကို နှေးစေပါတယ်။ အတွန့်ပေါ်စေပါတယ်။ အရေပြားပျော့ပျောင်းမှု နည်းစေပါတယ်။ အရေပြားကို ခြောက်သွေ့စေပါတယ်။ ဆေးလိပ်က ဗီတာမင်စီဓာတ်ကိုလည်း နည်းစေပါတယ်။

အရက်သောက်တာကလည်း အရေပြားကို ကာကွယ်နိုင်တဲ့ ဗီတာမင်တွေကို နည်းသွားစေပါတယ်။ အရက်ကြောင့် သွေးကြောတွေကျယ်လာပြီး ထာဝရနီမြန်းတဲ့ မျက်နှာအရေပြားကို ဖြစ်စေပါတယ်။ အဲဒီအခါ သစ်သီး၊ သစ်ရွက်တွေမှာ ဗီတာမင်ဓာတ်တွေပါလို့ အရေပြားကို နုပျိုစေပါတယ်။ သကြားနဲ့ အချိုဓာတ်များစွာ စားလေ့ရှိကြတဲ့ သူတွေက အရေပြားအောက်လွှာထဲမှာရှိတဲ့ ကော်လာဂျင်ကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။

မေး. အရေးကြောင်းကင်းစေဖို့ ဘယ်လိုအစားအသောက်တွေကို စားသောက်သင့်ပါသလဲ ဆရာမ။

ဖြေ. အရေပြားဆိုတာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ အရေပြားကျန်းမာဖို့ အာဟာရဓာတ်လိုပါတယ်။ အရောင်စုံနေတဲ့ ဟင်းရွက်တွေ၊ သစ်သီးတွေကို စားသောက်သင့်ပါတယ်။ ခရမ်းချဉ်သီး၊ ဘလူးဘယ်ရီသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် စတဲ့ ဟင်းသီးဟင်းရွက်တွေက အိုမင်းတာကို တားဆီးပေးနိုင်ပါတယ်။ ဥပမာ- ဗီတာမင်စီပါဝင်ရင် အရေပြားဆဲလ်တွေပျက်စီးတာကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ကာကွယ်ပေးနိုင်ပါတယ်။ အဝါရောင်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း အရေးကြောင်းနည်းစေပါတယ်။ ဥပမာ- စပျစ်သီးက အရွယ်မတိုင်မီ အိုမင်းမှုကို တားဆီးပေးပါတယ်။

ပြောင်း၊ ဘာလီ၊ ဂျုံ၊ ဆန်လုံးညိုတွေနဲ့ ငါးကြီးဆီပါဝင်တဲ့ ငါးတွေစားရင် အိုမင်းတာကို ဆန့်ကျင်ပေးပါတယ်။ လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ နို့နဲ့ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ပဲနို့တွေက ဗီတာမင်ဒီပါဝင်ပြီး အရိုးကိုသန်မာစေပါတယ်။ ပဲအမျိုးမျိုးကိုလည်း သတိမမေ့ဘဲ စားသင့်ပါတယ်။ အမျှင်များတဲ့ အစားအသောက်တွေကို အနီရောင် အသားတွေထက် ပိုပြီး ဂရုတစိုက်စားသင့်ပါတယ်။ ဗီတာမင်တွေက အင်တီအောက်ဆီးဒင့်တွေဖြစ်လို့ အရေပြားကိုနေဒဏ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အေကတော့ အရေပြားကို ထိန်းသိမ်းပြင်ဆင်တဲ့နေရာမှာ ပါဝင်ပါတယ်။ ဗီတာမင်စီဓာတ်ရရှိအောင် မျှတပြီးကျန်းမာစေမယ့် အစားအသောက်တွေကို စားပေးရပါမယ်။ လတ်ဆတ်တဲ့သစ်သီး အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးရပါမယ်။

ခရမ်းချဉ်သီးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင်စီ ပါဝင်ပါတယ်။ မုန်လာဥနီမှာ ဘိုင်အိုတင်နဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်အီး ပါဝင်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေမှာ အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ မုန်လာထုပ် အစိမ်းကလည်း မဂ္ဂနီစီယမ်နဲ့ ဗီတာမင်စီတွေပါဝင်တော့ ကိုယ်ခံစွမ်းအားအတွက် ကောင်းမွန်ပါတယ်။ လိမ္မော်သီးလို ဗီတာမင်စီပါတဲ့ အရည်ရွှမ်းသစ်သီးတွေနဲ့ အစေ့အဆန်တွေကိုလည်း စားပေးသင့်ပါတယ်။ ထောပတ်သီးမှာ အရေပြားပိုကျန်းမာစေတဲ့ ဓာတ်တွေပါပါတယ်။

ရှောင်သင့်တဲ့ အစာတွေကတော့ ချိုလွန်း၊ အဆီများလွန်း၊ ငန်လွန်းတဲ့ အစားအစာတွေပါ။ အသင့်စားသံဗူးထဲက အစားအစာတွေကတော့ သတိထားရှောင်သင့်ပါတယ်။ သိုးပုပ်စပြုနေတဲ့အနံ့ မလတ်ဆတ်တော့တဲ့ အစာတွေကိုရှောင်ရပါမယ်။ အာလူးကြော်နဲ့ကြော်ထားတဲ့ အကြော်တွေက တတ်နိုင်ရင်ရှောင်ရပါမယ်။ ဒိုးနတ်တွေကို အလွန်အမင်းစားတာနဲ့ အရက်အလွန်အကျွံသောက်တာတွေက အရေပြားကိုအိုမင်းစေပါတယ်။ သစ်သီးဖျော်ရည်နဲ့ ရေပုံမှန်သောက်ရပါမယ်။ ရေသောက်ဖို့လည်း မမေ့သင့်ပါဘူး။ အရေပြားကို ရေဓာတ်ဖြည့်မှ အရေးကြောင်းနည်းမှာပါ။ တစ်နေ့ ရေဖန်ခွက် ခြောက်ခွက်ကနေ ရှစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။

မေး. အရေးကြောင်းကင်းအောင် ဘယ်လိုအသားအရေထိန်းပစ္စည်းနဲ့ ဘယ်လိုမိတ်ကပ်အမျိုးအစားတွေ သုံးသင့်ပါသလဲ ဆရာမ။

ဖြေ. ရေဓာတ်ဖြည့်ပေးမယ့် အသားအရေထိန်းပစ္စည်းနဲ့ မိတ်ကပ်အမျိုးအစားတွေ သုံးသင့်ပါတယ်။ မိတ်ကပ်ကို စနစ်တကျသန့်စင်ဆေးကြောဖို့လည်း အကြံပေးချင်ပါတယ်။ သိပ်ပျစ်လွန်း၊ ဆွဲရလွန်းတဲ့ မိတ်ကပ်တွေက အရေးကြောင်းကိုပိုဖြစ်စေပါတယ်။ နေရောင်ကာနိုင်စွမ်းရှိတဲ့ မိတ်ကပ်ကိုသုံးရင် ပိုကောင်းပါတယ်။

မေး. အသက်ကြီးတဲ့အခါ အရေးကြောင်းကင်းနေချင်ရင် ဘယ်လိုနည်းလမ်းတွေလိုက်နာသင့်ပါသလဲ ဆရာမ။

ဖြေ. အရေးကြောင်းကင်းစေဖို့ နေပူဆာမလှုံပါနဲ့၊ နေပူဒဏ်မခံပါနဲ့၊ နေပူ တတ်နိုင်သမျှရှောင်ပါ။ နေကာခရင်မ်သုံးပါ။ အဝတ်လက်ရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။ အာဟာရမျှတအောင်စားပါ။ ရေသောက်ပါ။ ရေဓာတ်မခမ်းပါစေနဲ့။ အရေပြားကို ရေဓာတ်ဖြည့်ခရင်မ်အရည်တွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့မခံပါနဲ့၊ ဆပ်ပြာပျော့ပျော့သုံးပါ။ အမွှေးနံ့များလွန်းတဲ့ ဆပ်ပြာတွေကိုရှောင်ပါ။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ မှတ်ဉာဏ်ကိုကောင်းစေပြီး သတိမေ့တတ်တဲ့ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ မျက်နှာလေ့ကျင့်ခန်းကို သီးသန့်ပြုလုပ်သင့်ပါတယ်။ လေအေးရှောင်ပါ။ လေအေးနဲ့ အအေးဓာတ်က အရေပြားကို ခြောက်သွေ့စေပြီး အရေကြောင်းပိုဖြစ်စေတတ်လို့ အဆီဓာတ်ဖြည့်ရပါမယ်။ ပူလွန်းတဲ့ အခန်းကလည်း အရေပြားကို ခြောက်သွေ့စေတတ်ပါတယ်။ သက်သောင့်သက်သာရှိမယ့် အပူချိန်မျိုးနဲ့ နေတတ်ရပါမယ်။

စိတ်သောကများပြီး မျက်မှောင်အမြဲကျုံ့ထားတတ်တဲ့အကျင့် ရှောင်ရပါမယ်။ စိတ်သောကဖြစ်ရင် ဖြစ်မှန်းသိပြီး လျှော့ချသင့်ပါတယ်။ တရားထိုင်တာနဲ့ ယောဂကျင့်တာတွေက စိတ်သောကသက်သာစေပါတယ်။ အိပ်ရေးပျက်တာကလည်း ပင်ပန်းပြီး ပိုအိုစေပါတယ်။ မျက်လုံးတစ်ဝိုက် အမည်းရောင်ကိုဖြစ်စေပြီး မျက်ခွံတွဲကျစေပါတယ်။ မှတ်ဉာဏ်လျော့နည်းစေပြီး စိတ်ဓာတ်ကျစေပါတယ်။ တစ်ညကို ခုနစ်နာရီ- ရှစ်နာရီအနည်းဆုံး အိပ်သင့်ပါတယ်။ မအိပ်ခင်နှစ်နာရီအလိုမှာ အစားမစားသင့်ပါဘူး။ အိပ်ချိန် ပုံမှန်ဖြစ်သင့်ပါတယ်။

မေး. အရေးအကြောင်းပါးပါး ထင်ပြီဆိုတာနဲ့ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်ပါလဲ ဆရာမ။

ဖြေ. အရေပြားရဲ့ရေဓာတ်ကို ထိန်းရပါမယ်။ ပွတ်တိုက်စားလွန်းတဲ့ ဆပ်ပြာတွေ၊ အရေပြားထိန်းပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ ဗီတာမင်စီပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေ၊ မိတ်ကပ်တွေကိုသုံးတာက ပိုကောင်းပါတယ်။ အိုမင်းမှုကို ဆန့်ကျင်စေတဲ့ alpha hydroxy acids ဒါမှမဟုတ် beta hydroxy acids ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေကို ဈေးကွက်ထဲမှာ ဝယ်လိမ်းလို့ရပါတယ်။ Retinoid creams က ပိုအာနိသင်ကောင်းပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ လိမ်းသင့်ပါတယ်။

မေး. အရေးကြောင်းထင်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာမ။

ဖြေ. နောက်ဆုံးပြောချင်တာက ခန္ဓာကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ဝပြီးမှ ပြန်ပိန်ရင် အရေးကြောင်း ပိုများနေတတ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန် လုပ်ရပါမယ်။ တခြားရောဂါတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ အိုမင်းလာတဲ့အခါ အရေပြားပြောင်းလဲမှုဖြစ်တတ်လို့ အရေပြားစစ်ဆေးမှုကို ပြုလုပ်စေချင်ပါတယ်။ အရေပြားပေါ်က အမည်းစက်၊ အမည်း ဖု၊ နဂိုမှဲ့၊ မှဲ့အသစ်၊ မွေးရာပါအမှတ်တွေကို သတိထားစစ်ဆေးကြစေလိုပါတယ်လို့ ပြောချင်ပါတယ်။

အရေပြားအိုမင်းရတဲ့ အကြောင်းတွေက ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ များစွာသက်ဆိုင်နေပါတယ်။ အရေးကြောင်းကင်းပြီး လှပကြည့်ကောင်းနေစေဖို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အသားအရေကို ပုံမှန်ထိန်းသိမ်းတတ်တဲ့အကျင့်ရှိဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top