Healthy Life Ad
Life Style

အားသာချက်ဖြစ်လာသည့် အားနည်းချက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကားမတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ဆုံးရှုံးသွားခဲ့ပေမယ့် ၁၀ နှစ်အရွယ်ကောင်လေးက ဂျူဒိုအားကစားလေ့ကျင့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကောင်လေးက ဂျပန်ဂျူဒိုဆရာကြီးတစ်ဦးနဲ့ သင်ခန်းစာတွေကိုစတင်လေ့လာခဲ့ပါတယ်။ ကောင်လေးကအားကစားကို ကောင်းကောင်းလုပ်ဆောင်ခဲ့ပေမယ့် ထရိန်နင်သုံးလကျော်တဲ့အထိ ဘာကြောင့်တိုက်ကွက်တစ်မျိုးတည်းကိုပဲ သင်ပေးနေရသလဲဆိုတဲ့ အကြောင်းရင်းကို သူနားမလည်ခဲ့ပါဘူး။

ဆရာ . .” နောက်ဆုံးမှာတော့ နားမလည်နိုင်ဘဲဝေခွဲမရမှုများစွာနဲ့ ကောင်လေးကမေးခဲ့ပါတယ်။

“ ကျွန်တော်ကို တခြားတိုက်ကွက်တွေ ထပ်မသင်ပေးတော့ဘူးလား ”

ဒါက တိုက်ကွက်တစ်မျိုးတည်းဆိုပေမယ့် မင်းသိထားသင့်တဲ့ တိုက်ကွက်ပဲလေ . . .” လို့ ဆရာကပြန်ဖြေခဲ့ပါတယ်။

ဆရာ့အဖြေကို နားမလည်ပေမယ့် ဆရာ့ကိုယုံကြည်မှုထားပြီး ကောင်လေးကဆက်လက် လေ့ကျင့်နေခဲ့ပါတယ်။ လပေါင်းများစွာကြာပြီးချိန်မှာ ဆရာကကောင်လေးကို သူရဲ့ပထမဆုံးပြိုင်ပွဲမှာ ဝင်ပြိုင်စေခဲ့ပါတယ်။

ကောင်လေးဟာ ပထမဆုံးပြိုင်ပွဲနှစ်ခုကို အလွယ်တကူနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူအလွန်အမင်း အံ့အားသင့်နေခဲ့ပါတယ်။

တတိယပြိုင်ပွဲမှာလည်း ပိုခက်ခဲတယ်လို့ထင်ရပေမယ့် အချိန်တချို့ပြီးဆုံးချိန်မှာ သူ့ပြိုင်ဖက်က စိတ်မရှည်ဖြစ်လာတာကြောင့် ကောင်လေးဟာသူရဲ့ တိုက်ကွက်တစ်မျိုးတည်းနဲ့ပဲ အောင်မြင်ခဲ့ပါတယ်။

ကောင်လေးကသူ့ကိုယ်သူ မယုံကြည်နိုင်အောင်ဖြစ်နေရင်းနဲ့ပဲ နောက်ဆုံးပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရသွားခဲ့ပါတော့တယ်။

ဒီတစ်ချိန်မှာတော့သူ့ပြိုင်ဖက်က ပိုအားကြီးပြီးပိုသန်စွမ်းကာ ပိုအတွေ့အကြုံရှိသူပါ။ ကောင်လေးက သူရှုံးတော့မယ်လို့ ထင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာကောင်လေးက အထိနာသွားတဲ့အခါ ဒိုင်လူကြီးကပွဲကိုရပ်မလားလို့ မေးခဲ့ပါတယ်။ ကောင်လေးရဲ့ဆရာက “ သူဆက်ကစားပါစေ” လို့ပြောခဲ့တယ်။

ပြိုင်ပွဲပြန်စပြီးမကြာခင် ကောင်လေးရဲ့ပြိုင်ဖက်က အားလျော့သွားတဲ့အချိန်မှာ ကောင်လေးက သူရဲ့တိုက်ကွက်တစ်မျိုးတည်းကို ဆက်တိုက်လုပ်ရင်း အောင်မြင်မှုရရှိခဲ့ပါတယ်။

ကောင်လေးကချန်ပီယံဖြစ်သွားခဲ့ပြီး အိမ်ပြန်တဲ့လမ်းမှာ ကောင်လေးနဲ့သူ့ဆရာက ပြိုင်ပွဲရဲ့တိုက်ကွက်တစ်ခုချင်းကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီနောက်ကောင်လေးက သူ့စိတ်ထဲသံသယဝင်နေတာကို ပြန်မေးခဲ့ပါတယ်။

ဆရာ . . ဒီတိုက်ကွက်တစ်မျိုးတည်းနဲ့ ပြိုင်ပွဲကို ကျွန်တော်ဘယ်လိုနိုင်ခဲ့တာလဲ

“ မင်းနိုင်ရတဲ့အကြောင်းရင်းက နှစ်ခုရှိတယ်၊ ပထမအကြောင်းရင်းက ဂျူဒိုတိုက်ကွက်တွေအားလုံးမှာ အခက်ခဲဆုံးဖြစ်တဲ့ မြေကိုလှဲချတဲ့တိုက်ကွက်ကို မင်းကကျွမ်းကျင်ခဲ့လို့ပဲ . . ဒီတိုက်ကွက်ကို တစ်ဖက်လူကာကွယ်နိုင်တဲ့နည်းက မင်းရဲ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားဖို့လိုတယ် . . အဲဒီတော့ ဒါကမင်းအောင်မြင်ရတဲ့ ဒုတိယအကြောင်းရင်းဖြစ်သွားတယ်လေ “

ကောင်လေးရဲ့ ဘယ်ဘက်လက်မရှိဘူးဆိုတဲ့ အကြီးမားဆုံးအားနည်းချက်က သူရဲ့အကြီးမားဆုံး အားသာချက်ဖြစ်လာတာပါပဲ။

စာစုကပေးချင်သော သင်ခန်းစာ

တစ်ခါတစ်ရံမှာ ကျွန်မတို့တစ်တွေ အားနည်းချက်တချို့ရှိလာရင် ကိုယ့်ပတ်ဝန်းကျင်အခြေအနေနဲ့ ကိုယ့်အနီးနားကလူတွေကို ပြစ်တင်ဝေဖန်တတ်ပါတယ်။ ဒါပေမဲ့အဲဒီအားနည်းချက်က တစ်နေ့မှာအားသာချက် ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မတို့မသိခဲ့ပါဘူး။ အဲဒီအားနည်းချက်ကိုအသုံးချပြီး အားသာချက်အဖြစ် ရှင်သန်လိုက်မယ်ဆိုရင် ဘဝကပိုမိုပြီး ပြည့်စုံလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top