Healthy Life Ad
Health Tips

ပဲနို့သောက်ရင် ဘယ်လိုကောင်းကျိုးတွေ ရမှာလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပဲနို့မှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ မရှိမဖြစ်အက်ဆစ်ဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်ပါဝင်မှုမြင့်မားပြီး အလွန်အရသာရှိတဲ့အရည် ဖြစ်ပါတယ်။ ပဲနို့သောက်တာကြောင့် အောက်ပါကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

(၁) သွေးတွင်းကိုလက်စထရောအဆင့်ကို မြင့်တက်စေပါတယ်

ပဲနို့မှာ ကိုလက်စထရောပါဝင်မှုမရှိဘဲ မပြည့်ဝဆီတွေနဲ့ ပြုလုပ်ထားပါတယ်။ အိုက်ဆိုဖလေဗုန်းဒြပ်ပေါင်းပါဝင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို သိသိသာသာလျော့ကျစေကာ ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြင့်တက်စေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူ ဒါမှမဟုတ် သွေးတွင်းကိုလက်စထရောများသူတွေ သောက်နိုင်ပါတယ်။

(၂) ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်

ပဲပုပ်စေ့ထုတ်ကုန်တွေကို စားလေ့ရှိတဲ့အမျိုးသားတွေက ဆီးကျိတ်ကင်ဆာဖြစ်နှုန်း လျော့နည်းတယ်လို့ လေ့လာမှုအရသိရပါတယ်။ ပဲနို့မှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်ဓာတ်က အမျိုးသားတွေမှာ တက်စတိုစတီရုန်းထုတ်လုပ်မှုကို ဟန့်တားပေးပါတယ်။ တက်စတိုစတီရုန်းအဆင့် လျော့ကျတဲ့အတွက် ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျော့ပါးစေပါတယ်။

(၃) အရိုးပါး / အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်

ပဲပုပ်စေ့ထုတ်ကုန်နဲ့ ပဲနို့တွေကိုစားတာကြောင့် သွေးဆုံးပြီးချိန်မှာဖြစ်တဲ့ အရိုးကျိုးအက်တဲ့ဝေဒနာကို သက်သာစေပါတယ်။ ပဲနို့မှာပါတဲ့ပရိုတင်းဓာတ်ဟာ အရိုးဖြစ်ပေါ်စေပြီး ကယ်လ်ဆီယမ်ဓာတ် သိုမှီးထားစေပါတယ်။

(၄) သွေးကြောတင်းရင်းစေပါတယ်

ပဲနို့မှာတွေ့ရတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ အိုက်ဆိုဖလေဗုန်းဟာ သွေးကြောထိခိုက်မှုမဖြစ်အောင်နဲ့ သွေးစိမ့်ယိုမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစွမ်းထက်အင်တီအောက်ဆီးဒင့်လို လုပ်ဆောင်ပါတယ်။ ဒီဒြပ်ပေါင်းတွေကသွေးကြောတွေကို ဖရီးရယ်ဒီကယ်လ်တွေရဲ့ ထိခိုက်မှုမဖြစ်အောင်ကာကွယ်ပြီး သွေးကြောတွေကို ပျော့ပျောင်းသန်စွမ်းစေပါတယ်။ အိုက်ဆိုဖလေဗုန်းရဲ့ အင်တီအောက်ဆီးဒင့်အစွမ်းဟာ သွေးကြောနံရံမှာကပ်နေတဲ့ ကိုလက်စထရောကို ချေဖျက်ပေးပါတယ်။

(၅) သွေးဆုံးပြီး ရောဂါလက္ခဏာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်

အမျိုးသမီးတွေသွေးဆုံးချိန်မှာ သွေးတွင်းအီစထရိုဂျင်ဓာတ် လျော့ကျစေပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေဟာ သွေးဖိအားနဲ့ သွေးတွင်းကိုလက်စထရောအဆင့် သိသိသာသာမြင့်တက်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ စိတ်ဓာတ်ကျတာ၊ စိတ်တက်လွယ်ကျလွယ်တာတို့လို စိတ်ဝေဒနာတွေဖြစ်တတ်တဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတို့လည်း ဖြစ်နိုင်ခြေများလာပါတယ်။ ပဲနို့မှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်ဓာတ်က အမျိုးသမီးဟော်မုန်းအီစထရိုဂျင်ဓာတ်ရဲ့ လုပ်ငန်းဆောင်တာကို တုပလုပ်ဆောင်တဲ့အတွက် သွေးဆုံးအကြိုလက္ခဏာဝေဒနာတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၆) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

ပဲနို့မှာ သကြားဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ကြာကြာဗိုက်ပြည့်နေစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top