Healthy Life Ad
Health Tips

စိတ်ကျန်းမာရေးအတွက် လူတိုင်းလိုက်နာကျင့်သုံးနိုင်သည့် အချက်အလက်များ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာခြင်းနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနက်အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိပါတယ်။ အဲဒါကတော့

“စိတ်ကျန်းမာခြင်းဆိုတာ စိတ်ဝေဒနာကင်းရှင်းရုံသာမဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ စိတ်အခြေအနေဖြစ်တယ်။ အဲ့ဒီလိုစိတ်အခြေအနေကြောင့် မိမိမှာရှိတဲ့ မူလစွမ်းရည်ကို ဖော်ထုတ်နိုင်ရမယ်။ ကြုံတွေ့နေရတဲ့ ဘဝပြဿနာတွေကို လျော်ကန်သင့်မြတ်စွာဖြေရှင်းနိုင်စွမ်းရှိရမယ်။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်လည်း ထိုက်သင့်သလို ကောင်းကျိုးပြုနိုင်ရမယ်”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “စံပြအယူအဆ”ကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့လူတိုင်းမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိပါတယ်။ စိတ်ရောဂါဝေဒနာမခံစားရပေမယ့် စိတ်ကျန်းမာရေး မပြည့်စုံတာရှိနိုင်ပါတယ်။ “စံပြအယူအဆ”ကို ပစ်မှတ်အဖြစ်သဘောထားပြီး ဦးတည်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

တစ်ဦးချင်းအနေနဲ့ ဘာတွေကိုကြိုးစားလုပ်ကိုင်နိုင်သလဲ။

အင်္ဂလန်နိုင်ငံစိတ်ကျန်းမာရေးအဖွဲ့အစည်းက စိတ်ကျန်းမာရေးအဖွဲ့အစည်းက စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လိုက်နာကျင့်သုံးနိုင်တဲ့ နည်းပရိယာယ် ၁၀မျိုးကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့

(၁) မှန်ကန်သင့်လျော်တဲ့ အစာအာဟာရကို မှီဝဲသုံးဆောင်ခြင်း၊

(၂) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊

(၃) မူးယစ်ဆေးကို ရှောင်ကြဉ်ခြင်း၊

(၄) အရက်သေစာကို ချင့်ချင့်ချိန်ချိန်သောက်သုံးခြင်း ဒါမှမဟုတ် လုံးဝရှောင်ကြဉ်ခြင်း၊

(၅) လိုအပ်သလို အနားယူအပန်းဖြေခြင်း၊

(၆) ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ အမြဲမပြတ်ထိတွေ့ဆက်ဆံမှုရှိခြင်း၊

(၇) မိမိရဲ့စိတ်ဆန္ဒနဲ့ အတွေးအမြင် အယူအဆတွေကို ရင်းနှီးသူတွေထံ ရင်ဖွင့်ပြောဆိုတိုင်ပင်ခြင်း၊ လိုအပ်လာရင် အကူအညီတောင်းခြင်း၊

(၈) မိမိမှာရှိတဲ့ မူလစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်ခြင်း၊ ဝါသနာပါတဲ့ လုပ်ငန်းတစ်ခုခုကိုဆောင်ရွက်ခြင်း၊

(၉) မိမိကိုယ်ကိုအရှိအတိုင်းလက်ခံခြင်း၊ မိမိရဲ့လက်ရှိ ဘဝအခြေအနေကို လက်ခံနိုင်စွမ်းရှိခြင်း၊

(၁၀) တတ်နိုင်သမျှ သူတစ်ပါးကို ကူညီခြင်းတို့ဖြစ်ကြပါတယ်။

စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေသည့် အလေ့အကျင့် ၅မျိုး

အင်္ဂလန်နိုင်ငံ ကျန်းမာရေးဝန်ဆောင်ဌာနကတော့ စိတ်ကျန်းမာရေးတိုးတက်ကောင်းမွန်စေတဲ့ အလေ့အကျင့် ၅မျိုးကိုဖော်ပြထားပါတယ်။ အဲဒါတွေကို ရှင်းပြပါမယ်။

(၁) လူအများနှင့်ထိတွေ့ဆက်ဆံမှုရှိခြင်း

လူသားတွေဟာ ဆက်ဆံပေါင်းသင်းတတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ လူအများနဲ့ထိတွေ့ဆက်ဆံမှု ပြုလုပ်တာကြောင့် မိမိရဲ့တန်ဖိုးကိုသိရှိလာပါတယ်။ မိမိဟာ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အသိကိုရရှိစေပါတယ်။

တခြားသူတွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံမှုရှိရင် မိမိရဲ့စိတ်ခံစားမှုတွေကို ဖွင့်ဟပြောဆိုနိုင်ပါတယ်၊ မိမိအတွက်လိုအပ်တဲ့ စိတ်ဓာတ်ပံ့ပိုးမှုကိုလည်း ရရှိနိုင်တယ်၊ စိတ်သာယာပျော်ရွှင်မှုကို ကူးစက်ခံစားရပါတယ်။

နေ့စဉ်နေ့တိုင်း အိမ်သူအိမ်သားတွေနဲ့ ဖြစ်စေ၊ ဆွေမျိုးညာတိတွေနဲ့ ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ အိမ်နီးနားချင်းတွေနဲ့ ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြစ်စေ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံဖို့ ကြိုးစားပါ …

နေ့စဉ်နေ့တိုင်း အိမ်သူအိမ်သားတွေနဲ့ဖြစ်စေ၊ ဆွေမျိုးညာတိတွေနဲ့ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်စေ၊ အိမ်နီးနားချင်းတွေနဲ့ဖြစ်စေ၊ လုပ်ဖော်ကိုင် ဖက်တွေနဲ့ဖြစ်စေ ရင်းရင်းနှီးနှီးထိတွေ့ ဆက်ဆံဖို့ကြိုးစားပါ။ စိတ်ကျန်းမာရေးအတွက် အကျိုးရှိပါလိမ့်မယ်။

(၂) လှုပ်ရှားတက်ကြွမှုရှိခြင်း

ကိုယ်လက်လှုပ်ရှားအားကစားမှုကို မှန်မှန်လေ့ကျင့်ရင် စိတ်ကျန်းမာရေးကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် ဦးနှောက်ထဲမှာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာပါတယ်။

ဦးနှောက်အတွင်းမှာ သွေးလည်ပတ်မှုများပြားလာပါတယ်၊ ဦးနှောက်ထုထည် ၁ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းအထိ ကြီးထွားလာတယ်၊ မှတ်ဉာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းထုထည်ကို ၂ ရာခိုင်နှုန်း ကြီးထွားလာတယ်၊ ဦးနှောက်ကလာပ်စည်းတွေကို သန်မာစေတဲ့ “ဘီဒီအန်အက်ဖ်” (Brain Derived Neurotropic Factor-BDNF) ပရိုတင်းဓာတ်ပိုမိုထွက်ရှိလာတယ်၊ စိတ်သာယာပျော်ရွှင်မှုကိုအားပေးတဲ့ “အန်ဒိုဖင်း” (Endorphine)နဲ့ “ဆီရိုတိုနင်” (Serotonin) ဓာတ်တွေ ပိုမိုထွက်ရှိလာပါတယ်။

ဦးနှောက်ထဲမှာ အဲဒီလိုပြောင်းလဲမှုတွေရှိလာတာကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ရင် မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးတက်လာတယ်၊ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိလာတယ်၊ မပြင်းထန်တဲ့ စိတ်ကျဝေဒနာကို သက်သာစေတဲ့ အထောက်အထားတွေရှိပါတယ်။

တစ်ပတ်အတွင်းမှာ ၂ နာရီခွဲခန့် အတော်အတန် မောပန်းလာတဲ့အထိ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ – လျှင်လျှင်မြန်မြန် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း။

(၃) ဂရုစိုက်သတိမူခြင်း

အနောက်တိုင်းနိုင်ငံများမှာ (Mindfullness) ဆိုတဲ့ ဝေါဟာရကိုသုံးပါတယ်။ ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုသာ အာရုံပြုသတိမူခြင်းလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းထိုင်ခြင်းလို့ နားလည်ကြပါတယ်။ Meditation လို့ ခေါ်ပါတယ်။

မိမိရဲ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ခံစားရမှုတွေ၊ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သတိမူတဲ့ အာရုံစိုက်တဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းထိုင်တာရဲ ့အကျိုးကျေးဇူးတွေကို ဆေးသိပ္ပံစာပေမှာ ရေးသားဖော်ပြလာကြပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ ့ဦးနှောက်သန်မာကြီးထွားခြင်းတို့ကို အထောက်အကူပြုတဲ့ အထောက်အထားတွေ ရှိပါတယ်။

အင်္ဂလန်နိုင်ငံ (National Institute For Health And Care Excellence-Nice)အဖွဲ့ရဲ့ လမ်းညွှန်ချက်မှာ ကမ္မဌာန်းထိုင်ခြင်းကို စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ကဲရောဂါနဲ့ စိတ်ဖိစီးမှုဒဏ် ဝေဒနာတွေကိုကုသရာမှာ အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

(၄) ဆက်လက် ဆည်းပူးသင်ကြားခြင်း

ဆက်လက်ဆည်းပူးသင်ကြားခြင်းဆိုတာ ဒီဂရီဘွဲ့တွေ ပိုမိုရရှိလိုတဲ့ဇောနဲ့ သင်တန်းတက်တာမဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို သိချင်တဲ့စိတ်နဲ့လေ့လာတာ ဖြစ်ပါတယ်။ မိမိဝါသနာပါတဲ့ လုပ်ငန်းတစ်ခုခုအတွက် သင်ယူနိုင်တယ်။ (ဥပမာ။ ။ ပန်းချီဆွဲခြင်း၊ လက်သမားပညာသင်ယူခြင်း) စသဖြင့် မိမိသိရှိလိုတဲ့ အကြောင်းအရာ ဗဟုသုတကို ရှာဖွေလေ့လာနိုင်ပါတယ်။

နေ့စဉ်လုပ်နေကျကိစ္စတွေမှာ နစ်မျောမနေဘဲ အသစ်အဆန်းတစ်ခုခုကို ဆည်းပူးလေ့လာတာဖြစ်ပါတယ်။ ဦးနှောက်တုံးမသွားအောင် ဦးနှောက်ကို အသုံးချနေရမှာဖြစ်ပါတယ်။ ဆက်လက်ဆည်းပူးသင်ကြားတဲ့ အလေ့အကျင့်ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးတက်လာတာ၊ ရည်ရွယ်ချက်၊ ဦးတည်ချက်ရရှိလာတာ၊ ဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်လာတာ၊ အောင်မြင်မှုအတွက် စိတ်သာယာမှုကို ခံစားရတာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ အဲဒီလို စိတ်ခံစားမှုတွေဟာ စိတ်ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

(၅) ကြင်နာစိတ်ဖြင့် လှူဒါန်းပေးဝေခြင်း

မိမိကိုယ်ကျိုးအတွက်မျှော်မှန်းပြီး လှူဒါန်းတာမျိုးကိုမဆိုလိုပါ။ လိုအပ်နေတဲ့လူ၊ ဒုက္ခရောက်နေတဲ့လူကို ကူညီထောက်ပံ့ပေးတာကို ဆိုလိုပါတယ်။ ကြင်နာသနားစိတ်၊ သူတစ်ပါးကောင်းစားစေလိုတဲ့စိတ်ဓာတ် အရင်းခံရှိရပါမယ်။ ဒုက္ခရောက်နေတဲ့သူ၊ အခက်အခဲနဲ့ကြုံကြိုက်နေရသူကို နှုတ်အားနဲ့ အားပေးကူညီနိုင်ပါတယ်။ ငွေကြေးပစ္စည်းဥစ္စာနဲ့ ကူညီနိုင်ပါတယ်၊ စေတနာ့ဝန်ထမ်းလုပ်အားပေးတာနဲ့လည်း ကူညီနိုင်ပါတယ်။ နေ့စဉ် အလျဉ်းသင့်သလို၊ အနည်းအများဆိုသလို ကြင်နာစိတ်နဲ့ပေးဝေတဲ့အကျင့်ဟာ စိတ်ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်အလက်တွေကို အစဉ်အမြဲကျင့်သုံးရင်၊ စိတ်ဓာတ်အင်အားတိုးတက်လာပြီး စိတ်ဝေဒနာဖြစ်ပေါ်မှုကို ခုခံကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Most Popular

Healthy Life Ad
To Top