Healthy Life Ad
Q & A

“မီးရူးရောဂါ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

နွေရာသီရောက်ရင် သြစတြေးလျနိုင်ငံမှာ (Bushfire)လို့ခေါ်တဲ့ မီးလောင်မှုအပါအဝင် မီးလောင်မှုအားလုံးပေါင်း တစ်နှစ်အတွင်းမှာ ၅၀ဝ၀ဝ ကျော် ဖြစ်ပွားတယ်လို့ ခန့်မှန်းထားပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ အကြောင်းရင်းတွေကို လေ့လာတဲ့အခါ ၁၃ ရာခိုင်နှုန်းက ရှို့မီးဖြစ်ကြောင်း တွေ့ရှိရတယ်။ ၃၉ ရာခိုင်နှုန်းက မီးရှို့မှုလို့ သံသယဖြစ်စရာရှိကြောင်း တွေ့ရှိရတယ်။

မီးရှို့မှုကျူးလွန်သူ ငါးမျိုးရှိတယ်လို့ ဆိုပါတယ်။ အာမခံလျော်ကြေး ရယူလိုချင်လို့ မီးရှို့သူ၊ ရာဇဝတ်မှုတစ်ခုခုကို အစဖျောက်ချင်လို့ မီးရှို့သူ၊ ရန်ငြှိုးထားသူကို ကလဲ့စားချေချင်စိတ်နဲ့ မီးရှို့သူ၊ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေးတယူသန်စိတ်နဲ့ မီးရှို့ဖျက်ဆီးသူနဲ့ စိတ်ရောဂါတစ်ခုခုကြောင့် မီးရှို့မှုကျူးလွန်သူတို့ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် မိုက်ကယ်က ဒါဝင်မြို့အစွန်ပိုင်းမှာ ဖြစ်ပွားတဲ့ တောမီးကို စတင်မီးရှို့သူဖြစ်တယ်။ မီးရှို့မှု ကျူးလွန်သူဖြစ်ကြောင်း ထင်ရှားနေပေမယ့် မိုက်ကယ်ဘာကြောင့် ဒီလိုပြုမူသလဲဆိုတာကို တရားရုံးက မဝေခွဲနိုင် ဖြစ်နေပါတယ်။ သက်သေအထောက်အထားတွေကို လေ့လာကြည့်ရင် မိုက်ကယ်ရဲ့ ရည်ရွယ်ချက်က အထက်မှာဖော်ပြခဲ့တဲ့ ပထမအကြောင်းရင်း ၄ မျိုးနဲ့ မကိုက်ညီဘူး။ ဒါကြောင့် တရားသူကြီးက မိုက်ကယ်ရဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးအကြံပေးဖို့ မှုခင်းစိတ်ကျန်းမာရေးဌာနကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

လူနာကုသမှု နေ့စဉ့်အစည်းအဝေးမှာ မှုခင်းစိတ်ကျန်းမာရေးအဖွဲ့ဝင် ပညာရှင်ပေါင်းစုံ တက်ရောက်ပါတယ်။ မှုခင်းစိတ်ကျန်းမာရေးအဖွဲ့ တာဝန်ခံစိတ်ပညာရှင် ဂျွန်က စတင်ဆွေးနွေးတယ်။

“မိုက်ကယ်က စိတ်ရောဂါ ခံစားနေရတာ ရှိ၊ မရှိ၊ စိတ်ရောဂါရှိခဲ့ရင် အဲဒီရောဂါက မိုက်ကယ်ကျူးလွန်တဲ့ မီးရှို့မှုနဲ့ပတ်သက်မှု ရှိ၊ မရှိ။ စိတ်ရောဂါကြောင့် မီးရှို့မှုဖြစ်တယ်ဆိုရင် နောက်နောင်မှာ အဲဒီလိုအမှုမျိုး မကျူးလွန်အောင် ကာကွယ်နိုင်မှု ရှိ၊ မရှိ စတဲ့အချက်တွေကို တရားရုံးကသိချင်ပါတယ်”

သူနာပြုဆရာမ ဂျမ်မာက မေးမြန်းပါတယ်။

“စတင်မီးရှို့(မီးတို့)တဲ့အပြုအမူတွေကို ဘယ်လိုစိတ်ရောဂါမှာ တွေ့ရှိရသလဲ”

အနည်းငယ် အချိန်ယူစဉ်းစားပြီး စာရေးသူက အဖြေပေးပါတယ်။

“မီးရှို့မှုဖြစ်ပွားစေတတ်တဲ့ စိတ်ရောဂါတွေကတော့ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါ၊ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ၊ စိတ်ကြွရောဂါ၊ အာရုံစိုက်မှု ချို့ယွင်းလှုပ်ရှားမှု လွန်ကဲရောဂါ (ADHD)၊ မှတ်ဉာဏ်ချို့ယွင်းဉာဏ်ရည်ကျဆင်းရောဂါ (Dementia) စတာတွေ ဖြစ်ပါတယ်။ အဲဒီလို စိတ်ရောဂါတွေ မခံစားရပေမယ့် အကြိမ်ကြိမ် မီးရှို့မှုကျူးလွန်တတ်တဲ့ စိတ်ရောဂါတစ်မျိုး ရှိသေးတယ်”

“ဘာရောဂါလဲ”

“Pyromania လို့ ခေါ်ပါတယ်။ Apyro ရဲ့ အဓိပ္ပာယ်က မီး။ Mania ကို အရူးအမူးဖြစ်ခြင်း၊ မြူးတူးလွန်ခြင်းလို့ ဘာသာပြန်နိုင်တယ်။ မီးနဲ့ပတ်သက်တာကို အလွန်အမင်းစိတ်ဝင်စားသူ၊ မီးကစားလိုသူ၊ မီးလောင်တာကိုမြင်ရရင် စိတ်ထဲမှာ ပျော်ရွှင်မြူးတူးသူလို့ ဆိုရမယ်။ ဒီတော့ Pyromaniaကို “မီးရူးရောဂါ” လို့ ခေါ်နိုင်ပါတယ်။ ပြည်သူလူထုထဲမှာ မီးရူးရောဂါဖြစ်နှုန်းက လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ မီးရှို့မှုကျူးလွန်သူတွေထဲမှာ ၁၄ ရာခိုင်နှုန်းက မီးရူးရောဂါခံစားရတာကို တွေ့ရှိရပါတယ်”

တာဝန်ခံစိတ်ပညာရှင်က အမြင်ချင်း ဖလှယ်ပါတယ်။

“မိုက်ကယ်ကို ကျွန်တော် တစ်ကြိမ်တွေ့ဆုံစစ်ဆေးပြီးပါပြီ။ မီးရှို့မှု ဖြစ်ပွားစေတဲ့ စိတ္တဇရောဂါတွေ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒေါက်တာအုန်း စစ်ဆေးစမ်းသပ်ပေးရင် ပိုပြီးစိတ်ချရတာပေါ့။ ဒါပေမဲ့ မိုက်ကယ်ရဲ့ နောက်ကြောင်းရာဇဝင်က “မီးရူးရောဂါ” ဖြစ်နိုင်တဲ့ အချက်အလက်တွေကို ဖော်ပြနေပါတယ်”

“ဘယ်လိုအချက်အလက်တွေလဲ”

“မီးရူးရောဂါမှာ တွေ့ရှိရတာများတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါ။ ဒီရောဂါက ယောကျာ်းလေးဆယ်ကျော်သက်အရွယ်မှာ စတင်ဖြစ်ပွားတတ်ပါတယ်။ မိုက်ကယ်က ငယ်ငယ်ကတည်းက မီးနဲ့ကစားရတာကို နှစ်ခြိုက်တယ်။ နောက်ပြီး သူ ၂ နှစ်သားလောက်က ဖခင်သေဆုံးသွားခဲ့တယ်။ အမေက နောက်အိမ်ထောင်ပြုတော့ ပထွေးနဲ့ အဆင်မပြေဘူး။ ပထွေးရဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရတယ်။ အဲဒီအချက်က မီးရူးရောဂါဖြစ်ပွားဖို့ အလားအလာများတဲ့ အချက်တစ်ခုပါ။ မီးရူးရောဂါရှိသူ ၇၀ ရာခိုင်နှုန်းကျော်က ဉာဏ်ရည်အဆင့်နိမ့်တာကို တွေ့ရှိရပါတယ်။ မိုက်ကယ်က ကျောင်းစာညံ့တဲ့ကလေး၊ ဉာဏ်ထုံထိုင်းတဲ့ကလေး ဖြစ်တယ်လို့ မှတ်တမ်းထဲမှာ တွေ့ရှိရပါတယ်”

သူနာပြုဂျမ်မာက မေးမြန်းပါတယ်။

“မီးရူးရောဂါလို့ သတ်မှတ်နိုင်အောင် ဘယ်လိုလက္ခဏာတွေရှိရမလဲ”

စာရေးသူက ရှင်းပြပါတယ်။

“မီးရူးရောဂါလို့ ရောဂါဖော်ထုတ်ဖို့ လိုအပ်တဲ့ လက္ခဏာတွေရှိပါတယ်။ (က) တစ်ကြိမ်ထက်ပိုပြီး မီးရှို့မှုကျူးလွန်ခြင်း၊ (ခ) မီးစတင်မရှို့မီ လူနာရဲ့စိတ်ထဲမှာ တင်းကျပ်မှုခံစားရခြင်း၊ မီးလောင်တာကို မြင်တွေ့ချင်စိတ် ပြင်းပြလာခြင်း၊ (ဂ) မီးရှို့ပြီး မီးလောင်နေတာကို မြင်တွေ့ရရင် စိတ်ထဲမှာ ကျေနပ်နှစ်သိမ့်မှုခံစားရခြင်း၊ တင်းကျပ်နေတဲ့ စိတ်ခံစားမှု ပြေလျော့သွားခြင်း၊ (ဃ) မီးလောင်နေတာကို ကြည့်ရှုဖို့ အလွန်အမင်း စိတ်ဝင်စားခြင်း၊ မီးလောင်နေတဲ့ မြင်ကွင်းက လူနာရဲ့စိတ်ကို ညှို့ယူဖမ်းစားနိုင်ခြင်း၊ တာနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ စိတ်ဝင်စားမှုရှိခြင်း၊ ဥပမာ-မီးသတ်လုပ်ငန်းကို စိတ်ဝင်စားခြင်း၊ မီးသတ်ဌာနကို သွားရောက်လေ့လာတတ်ခြင်း၊ မီးလောင်မှုဖြစ်ပွားရင် ကူညီငြှိမ်းသတ်ပေးခြင်း၊ မီးဘေးဒုက္ခသည်တွေကို ရိုင်းပင်းကူညီခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်”

သူနာပြုဂျမ်မာက စူးစမ်းမေးမြန်းတယ်။

“မိုက်ကယ်ရဲ့ မှတ်တမ်းထဲမှာ အရင်တုန်းက မီးရှို့မှုကျူးလွန်ဖူးတာ ရှိသလား”

စိတ်ပညာရှင်ဂျွန်က ဖြေဆိုပါတယ်။

“မီးရှို့မှုနဲ့ တရားစွဲခံရတဲ့ ရာဇဝင်တော့ မရှိပါဘူး။ မီးကစားလို့ ရှပ်အင်္ကျီမီးလောင်တာတို့၊ အိပ်ခန်းထဲမှာ မီးလန့်တာတို့တော့ ရှိပါတယ်”

လက်ထောက်ဆရာဝန်ပီတာက ပါဝင်ဆွေးနွေးပါတယ်။

“မီးရူးရောဂါက “စေ့ဆော်မှုထိန်းချုပ်ချို့ယွင်းရောဂါ”( Impulse Control Disorder)တစ်မျိုး မဟုတ်ဘူးလား”

“မှန်ပါတယ် ပီတာ။ “လောင်းကစားစွဲရောဂါ (Gambling Disorder)၊ “ခိုးယူချင်စိတ်ပြင်းပြရောဂါ”( Kleptomania) စတဲ့ ရောဂါတွေလိုပါပဲ။ စိတ်ဆန္ဒနဲ့ စေ့ဆော်မှုကို မထိန်းချုပ်နိုင်လို့ စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်”

လူမှုဝန်ထမ်းအရာရှိမေရီက ကြားဖြတ်ပြီး မေးမြန်းပါတယ်။

“ရောမနိုင်ငံ ဘုရင်နီရို (Nero)က ရောမမြို့ တစ်နေရာကို မီးရှို့တယ်လို့ ကမ္ဘာ့ရာဇဝင်ထဲမှာ ဖတ်ရပါတယ်။ နီရိုက မီးရူးရောဂါသည်ပေါ့”

လက်ထောက်ဆရာဝန်ပီတာက အဖြေပေးပါတယ်။

“ကျွန်တော်သိသလောက်ပြောရရင် နီရိုက မီးရူးရောဂါရှိတယ်လို့ မယူဆကြပါဘူး။ သူ့ကိုနန်းတင်ပေးတဲ့ သူ့အမေကိုတောင် လုပ်ကြံသတ်ဖြတ်လိုက်တဲ့ လူယုတ်မာဖြစ်ပါတယ်။ နီရိုက သံသယစိတ်လွန်ကဲတဲ့ စိတ္တဇရောဂါတစ်မျိုး ခံစားနေရတယ်လို့ ရေးသားကြတာ တွေ့ရတယ်။ တချို့ကတော့ နီရိုက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးလူမိုက်ကိုယ်ရည်ကိုယ်သွေး (Psychopath) ရှိသူလို့ ဝေဖန်ကြပါတယ်။ ရောမမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို မီးရှို့တာက သူကိုယ်တိုင် မီးရှို့တာမဟုတ်ဘူး။ သူ့လူတွေကို လုပ်ခိုင်းတာ။ အဲဒီကွက်လပ်နေရာမှာ သူ့“ရွှေအိမ်တော်အသစ်” နဲ့ ပန်းခြံတည်ဆောက်ချင်လို့ ဉာဏ်ဆင်တာတဲ့”

လူမှုဝန်ထမ်းအရာရှိမေရီက အရှုံးပေးတဲ့ အမူအရာနဲ့ မှတ်ချက်ချပါတယ်။

“ထားပါတော့လေ။ မိုက်ကယ်က မီးရူးရောဂါရှိတယ်ဆိုရင် ဒေါက်တာတို့ ဘယ်လိုကုသမလဲ”

စာရေးသူက ဝင်ရောက်အဖြေပေးပါတယ်။

“အသုံးများတဲ့ စိတ်ကုထုံးနည်းကတော့” အပြုအမူပြောင်းလဲပေးနည်း (Behaviour Modification)ဖြစ်ပါတယ်။ မီးရှို့တဲ့အပြုအမူက နေ့စဉ်နေ့တိုင်းဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ဒီတော့ မီးရှို့တဲ့အပြုအမူမဖြစ်ပွားခင် တဒင်္ဂအချိန်လေးမှာ ရပ်တန်းကရပ်ပြီး အပြုအမူပြောင်းလဲတတ်အောင် သင်ကြားပေးပါတယ်”

“ဘယ်လိုသင်ကြားပေးလဲ”

“(က) လူနာရဲ့စိတ်ထဲမှာ မီးရှို့ချင်စိတ်ဖြစ်ပေါ်လာစေတဲ့ ပတ်ဝန်းကျင်အခြေအနေကို သတိထားမိအောင် သင်ကြားပြသပေးရတယ်။ အဲဒီလို ပတ်ဝန်းကျင်အခြေအနေမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်ခိုင်းရမယ်။

(ခ) ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့် မီးရှို့ချင်တဲ့စိတ်ဖြစ်ပေါ်လာရင်၊ စိတ်ထဲမှာ တင်းကျပ်လာရင် စိတ်ဖြေလျှော့နည်းတစ်ခုခု အသုံးပြုနိုင်အောင် လေ့ကျင့်ပေးရတယ်။ ဒါမှမဟုတ် အန္တရာယ်မရှိတဲ့ အပြုအမူတစ်ခုကို ပြုလုပ်ဖို့ ညွှန်ကြားပြသပေးတယ်။ ဥပမာ-သီချင်းအော်ဆိုခြင်း၊ ခုန်ပေါက်ပြေးလွှားခြင်း။

(ဂ) မီးရှို့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို စာရင်းပြုစုခိုင်းရမယ်။ မီးရှို့ခြင်းရဲ့ အကျိုးနဲ့အဆိုးကို ဝေဖန်သုံးသပ်နိုင်ဖို့ လူနာနဲ့ အပြန်အလှန်ဆွေးနွေးတယ်။ မီးရှို့ချင်စိတ်ပေါ်လာရင် မီးရှို့မှုရဲ့ဆိုးကျိုးတွေကို စိတ်ထဲမှာ မြင်ယောင်လာအောင် ပြန်လည်စဉ်းစားနိုင်အောင် လေ့ကျင့်ပေးရပါတယ်။

အဲဒီကုထုံးနဲ့တွဲဖက်ပြီး ကူညီပံ့ပိုးစိတ်ကုထုံး (Supportive Psychotherapy)ကို အသုံးပြုပါတယ်။ မီးရှို့တဲ့အပြုအမူ ပြန်လည်မဖြစ်ပွားအောင် ကာကွယ်ပေးဖို့ အရေးကြီးတယ်။ လိုအပ်ရင် တရားဥပဒေနဲ့အညီ ထိန်းချုပ်ကွပ်ကဲပေးရပါတယ်”

အသက် ၁၉ နှစ်အရွယ် မိုက်ကယ်က ဒါဝင်မြို့အစွန်ပိုင်းမှာ ဖြစ်ပွားတဲ့တောမီးကို စတင်မီးရှို့သူဖြစ်တယ်။ မီးရှို့မှုကျူးလွန်သူဖြစ်ကြောင်း ထင်ရှားနေပေမယ့် မိုက်ကယ်ဘာကြောင့် ဒီလိုပြုမူသလဲဆိုတာကို တရားရုံးက မဝေခွဲနိုင်ဖြစ်နေပါတယ်။ သက်သေအထောက်အထားတွေကို လေ့လာကြည့်ရင် . . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top