Healthy Life Ad
Men

ကော်ဖီကြောင့်ဖြစ်သော စိတ်ရောဂါ

ဒေါက်တာအုန်းကျော်( အငြိမ်းစား- စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို့တော် တောင်ဘက်ပိုင်းရှိ လိုဂန်ရပ်ကွက်မှာ နိုင်ငံပေါင်းစုံ ဈေးဆိုင် တန်းတစ်ခုရှိပါတယ်။ မြန်မာနိုင်ငံထွက်ပစ္စည်းတွေကို ရောင်းချတဲ့ မေမေမြန်မာစတိုးဆိုင် လည်းရှိတယ်။ တနင်္ဂနွေနေ့တစ်နေ့မှာ မေမေမြန်မာ စတိုးဆိုင်က လက်ဖက်ထုပ်နဲ့ အကြော်စုံဘူးဝယ်ယူပြီး စာရေးသူရဲ့ မိတ်ဆွေကိုတာတို့အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။
“ကိုတာနဲ့ ဒေါ်မှုန်တို့ နေကောင်းကြတယ်နော်။ လမ်းကြုံလို့ဝင်လာတာပါ။ ဒေါ်မှုန်ကြိုက်တတ်တဲ့ လက်ဖက်ထုပ်လည်း ဝယ်လာတယ်”

ဒေါ်မှုန်က ဧည့်ဝတ်ပြုပါတယ်။

“အလည်လာလို့ ရပါတယ်။ လက်ဆောင်တွေ ယူလာစရာမလိုပါဘူး။ ကိုအုန်းကျော် အမောပြေ ဘာသောက်မလဲ”

“မနက်ဘက်မှာဆိုတော့ လက်ဖက်ရည်ပဲ သောက်မယ်”

“ကိုကိုတာကတော့ ကော်ဖီပဲမဟုတ်လား။ ဒီမနက် ကော်ဖီနှစ်ခွက်ရှိပြီနော်”

ပြောပြောဆိုဆို ဒေါ်မှုန်က မီးဖိုခန်းထဲ ဝင်သွားပါတယ်။ စာရေးသူကိုတာကို မေးမြန်းတယ်။

“ခင်ဗျားက ကော်ဖီကြိုက်နေပြီလား”

“ရုံးမှာ အလုပ်တစ်ခုလုပ်ပြီးတိုင်း၊ အစည်းအဝေးရှိတိုင်း ကော်ဖီသောက်ဖြစ်နေတယ်။ ရုံးပိတ်ရက်မှာလည်း တီဗီကြည့်ရင်း၊သတင်းစာဖတ်ရင်း ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်မိနေတယ်။ကာ်ဖီက စွဲတတ်

သလား”

“ကော်ဖီထဲမှာပါရှိတဲ့ ကဖင်းဓာတ်(Caf-feine) က ဦးနှောက်ကလာပ်စည်းတွေကို လှုံ့ဆော်ပေးတဲ့ အာနိသင် ရှိတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးရင် အိပ်ငိုက်တာ ပြေပျောက်တယ်။ ဦးနှောက်ပင်ပန်းနေတာက သက်သာစေတယ်။ လူကို နိုးကြား တက်ကြွစေတယ်။ အာရုံစိုက်နိုင်မှုကို အားပေးတယ်။ ကော်ဖီသောက်ပြီး နာရီဝက်-တစ်နာရီ အတွင်း အာနိသင်ပြပြီး ၃-၄ နာရီအထိ အာနိသင် အရှိန်ရှိနိုင်ပါတယ်။ ကဖင်းဓာတ်က ကြွက်သားမောပန်းနွမ်းနယ်မှုကို လျော့နည်းစေတယ်။ ဒါကြောင့် ကဖင်းပါတဲ့ ဖျော်ရည်ကို စွမ်းအင်ဖျော်ရည် (Energy Drink) အဖြစ် သုံးစွဲတာ ရှိပါတယ်။
ကိုတာက ကော်ဖီကောင်းကျိုးကို ထောက်ခံတယ်။

“ဒီတော့ ကော်ဖီသောက်တာကို အဆိုးမဆိုသာ ဘူးပေါ့”

“အကောင်းရှိသလို အဆိုးလည်း ရှိပါတယ်။ ကဖင်းဓာတ်က နှလုံးခုန်နှုန်းကို မြန်စေတယ်။ သွေးတိုးစေတယ်။ ဦးနှောက်သွေးကြောကို ကျုံ့စေတယ်။ အစာအိမ်ထဲမှာ အက်စစ်ဓာတ်ထုတ်လုပ်မှုကို များပြားစေတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိရင်၊ အစာအိမ်ရောဂါရှိရင် ကော်ဖီသောက်တာကို သတိထားရမယ်။ ကော်ဖီ သောက်တာများရင် ကော်ဖီစွဲတာ ဖြစ်နိုင်ပါတယ်။ ခင်ဗျား တစ်နေ့မှာ ကော်ဖီဘယ်နှခွက် သောက်သလဲ”

“တစ်နေ့ ၄-၅ခွက်အထိတော့ ရှိမယ်။ များသလား”

“တစ်နေ့လုံး ကဖင်းဓာတ် ၄၀ဝ မီလီဂရမ် ထက်ပိုပြီး မသောက်သုံးသင့်ဘူးလို့ ညွှန်ကြားထားတာရှိပါတယ်။ ကဖင်းဓာတ်က ချောကလက်၊ ကိုကာကိုလာဖျော်ရည်၊ စွမ်းအင်ဖျော်ရည်၊ လက်ဖက်ရည် နဲ့ တချို့အကိုက်အခဲ ပျောက်ဆေး၊ အအေးမိဝေဒနာပျောက်ဆေးတွေထဲမှာလည်း ပါရှိတယ်ဆိုတာကို ထည့်တွက်ရမယ်။ ကော်ဖီ တစ်ခွက်မှာ ပျမ်းမျှခြင်းအားဖြင့် ကဖင်းဓာတ် ၁၀ဝ မီလီဂရမ်ပါရှိတယ်ဆိုတာ ကိုထည့်တွက်ရမယ်။ ပုံမှန ် လက်ဖက်ရည်တစ်ခွက်ထဲမှာ ကဖင်းဓာတ် ၆၀ မီလီဂရမ်လောက် ပါရှိပါတယ်။ သြစတြေးလျနိုင်ငံရှိ အရွယ် ရောက်သူတွေထဲမှာ ၇၅ ရာခိုင်နှုန်းက ကော်ဖီသောက်ပါတယ်။ ကော်ဖီသောက်တတ်သူ ၂၈ ရာ ခိုင်နှုန်းက တစ်နေ့ကော်ဖီ သုံးခွက်ထက် ပိုမိုသောက်သုံးကြောင်း တွေ့ရှိရတယ်။ ဒီတော့ ခင်ဗျားက အဲဒီ ၂၈ ရာခိုင်နှုန်း ထဲမှာ ပါဝင်နေတာပေါ့”

ကိုတာက စပ်စုမေးမြန်းပါတယ်။

“ကော်ဖီသောက်တာများရင် စိတ်ရောဂါ ဖြစ် ပွားလာနိုင်သလား”

“စိတ်ကျန်းမာရေးဆေးကျမ်းတွေထဲမှာ “ကဖင်းမူးဝေဒနာ”(Caffeine Intoxication)နဲ့ “ ကဖင်းကြောင့် ဖြစ်ပွားစိုးရိမ်စိတ်လွန်ကဲရောဂါ” (Caffeine Induced Anxiety Disorder) ကို ဖော်ပြ ထားတာရှိပါတယ်”

ကိုတာက စောဒကတက်ပါတယ်။

“ကော်ဖီသောက်တိုင်း ကဖင်းမူးဝေဒနာဖြစ်မယ်တော့ မထင်ပါဘူး”

“ကဖင်းအချိန်အတွယ်နဲ့ ဘယ်လောက်မြန်မြန် သောက်သုံးသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ ကဖင်းဓာတ် ၂၅၀ မီလီဂရမ် (ကော်ဖီသုံးခွက်လောက်)ကို တစ်နာရီလောက် သောက်သုံးမိရင် ကဖင်း မူးဝေဒနာရရှိနိုင်ပါတယ်”
ကဖင်းမူးလက္ခဏာတွေလား။ စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြစိတ်ပေါ်ပေါက်လာခြင်း၊ စိတ်လှုပ်ရှားတက်ကြွလာခြင်း၊ မောပန်းနွမ်းနယ်မှုလျော့နည်းခြင်း၊ မျက်နှာနီရဲလာခြင်း၊ ဆီးသွားများခြင်း၊ ဗိုက်နာခြင်း၊ နှလုံးခုန် ရင်တုန်ခံစားရခြင်း၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ညဘက်မှာ အိပ်မပျော်ခြင်းတို့ ဖြစ်ပါတယ်”

ကိုတာက သူ့အတွေ့အကြုံကို ပြောပြတယ်။

“ရုံးမှာ ကော်ဖီဆက်တိုက်သောက်မိရင် ခြေလက်တုန်တာ၊ ရင်ခုန်တာတွေ ကြုံရဖူးတယ်”

“ကဖင်းမူးဝေဒနာက သွေးထဲမှာ ကဖင်းဓာတ် အရှိန်ရနေစဉ် အချိန်မှာ ခံစားရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ “ကဖင်းကြောင့် ဖြစ်ပွား စိုးရိမ်စိတ်လွန်ကဲရောဂါ” (Caffeine Induced Anxiety Disorder) ကတော့ ကော်ဖီစွဲတဲ့ လူတွေ အမြဲလိုလို အချိန်တိုင်း ခံစားနေရတဲ့ ရောဂါဖြစ်တယ်”

“ရောဂါလက္ခဏာတွေက ပိုပြီး ထူးခြားလား”

“ပိုပြီး ပြင်းထန်တယ်။ နေ့စဉ်နေ့တိုင်း လနဲ့ချီ ပြီး ခံစားနေရမယ်။ အဲဒီလို ရောဂါလက္ခဏာတွေ ခံစားနေရလို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုင်နိုင်စွမ်းကျဆင်းလာပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့

လူနာနော်မင်လိုပေါ့”

“ပြောပြဗျာ”

“နော်မင်က ဒါဝင်တက္ကသိုလ်၊ ဓာတုဗေဒဌာန မှာ နည်းပြဆရာပါ။ Ph.D ဘွဲ့အတွက် သုတေသနစာတမ်း ရေးနေတဲ့ ဘွဲ့လွန်ကျောင်းသားလည်း ဖြစ်တယ်။ စာသင်ရတာတစ်ဖက်၊ သုတေသနလုပ်ငန်း နဲ့ စာတမ်းပြုစုဖို့ လေ့လာနေရတာက တစ်ဖက်နဲ့ အလုပ်များနေတယ်။ ဒီတော့ စိတ်ပင်ပန်း လူပင်ပန်းသလို ခံစားရတိုင်း ကော်ဖီ သောက်မိလာတယ်။ တဖြည်းဖြည်း ကော်ဖီစွဲလာတယ်။ တစ်နေ့ ကော်ဖီ ၈ ခွက်၊ ၁၀ ခွက်အထိ သောက်သုံး ဖြစ်လာတယ်။ ကဖင်းဓာတ် ၈၀ဝ မီလီဂရမ်မှ ၁၀ဝ၀ မီလီဂရမ်အထိ ရှိတာပေါ့”

“အဲဒီတော့ ဘာဖြစ်လာသလဲ”

“စိုးရိမ်စိတ်လွန်ကဲရောဂါ ခံစားလာရတယ်။ အချိန်တိုင်းလိုလို ဂနာမငြိမ်ဖြစ်လာတယ်။ စိတ်ထဲမှာ ကျီးကန်း တောင်းမှောက်သလိုခံစားလာရတယ်။ အာရုံစူးစိုက်နိုင်မှု ချို့ယွင်းလာတယ်။ ပင်ပန်းနွမ်းနယ်သလိုခံစားရတာ ပြေပျောက်မသွားဘဲ ပိုပြီး မောပန်းလွယ်လာတယ်။ အကြောင်းမဲ့ စိတ်တိုလာတယ်။ အကြောင်းမဲ့ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း (Panic) ခံစားရတယ်။ ကြွက်သားတင်းကျပ်နေတယ်။ ညဘက်မှာအိပ်မပျော်ဘူး။ ကြာတော့ သူ့လုပ်ငန်းကို ထိခိုက်လာတာပေါ့။ ဒါကြောင့် ကျွန်တော့် ဆေးခန်းရောက်လာတာပါ။ နော်မင်က အသက် ၃၀ ပဲရှိသေးတယ်။ နော်မင်မှာ စိုးရိမ်စိတ်လွန်ကဲမှုကို ဖြစ်စေတဲ့ တခြားရောဂါတွေ မရှိဘူး။ အရင်က ဒီ လိုရောဂါမျိုးလည်း မခံစားခဲ့ရဖူးဘူး။ မျိုးရိုးလည်း မရှိဘူး။ ကော်ဖီသောက်တာများလို့ ဖြစ်ပွားလာတဲ့ စိုးရိမ်စိတ် လွန်ကဲရောဂါလို့ ယူဆနိုင်တာပေါ့။ အဲဒါ ခင်ဗျား သတိထားဖို့ ပြောတာပါ”
ကိုတာက သူ့အတွေ့အကြုံကို ပြောပြတယ်။
“ရုံးပိတ်ရက်တွေမှာ ကော်ဖီမသောက်ဖြစ်အောင် ကြိုးစားကြည့်ပါတယ်။ အဲဒီလိုနေ့မှာ ခေါင်းကိုက်တာ ကြုံရတယ်။ အားအင်ကုန်ခမ်းသလို ခံစားရတယ်။ လူက မလန်းဆန်းဘူး။ အကြောင်းမဲ့ စိတ်တိုနေတတ်တယ်”
“အဲဒါက ကော်ဖီပြတ်(ကဖင်းပြတ်)လက္ခဏာ ဖြစ်မယ်။ ကော်ဖီသောက်တာများတဲ့လူတွေ ကော်ဖီဖြတ် လိုက်ရင် ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ကဖင်းပြတ်လက္ခဏာ ခံစားရတယ်။ အဲဒါ ခန္ဓာကိုယ် က

ကော်ဖီစွဲနေတဲ့သဘောလို့ ယူဆနိုင်တယ်”

လိမ္မော်ရည်သောက်ရင်း ထိုင်ပြီး နားထောင်နေတဲ့ ဒေါ်မှုန်က မှတ်ချက်ချပါတယ်။

“ဒါကြောင့် ကိုကိုတာ ကော်ဖီလျှော့သောက်ဖို့ တိုက်တွန်းနေရတာပါ”

စာရေးသူက ဖျောင်းဖျဆွေးနွေးပါတယ်။

“ကော်ဖီမဖြတ်နိုင်ရင် ဖြတ်ဖို့ မတိုက်တွန်းပါဘူး။ ကော်ဖီသောက်လို့ရေရှည်မှာ ကျန်းမာရေးအတွက်အကျိုးရှိတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ ဥပမာ-ကော်ဖီက သားအိမ်နဲ့ အသည်းကင်ဆာရောဂါကို ကာကွယ်နိုင်

တယ်လို့ သိရတယ်။ ( WHO 2016)

ကျွန်တော့်လူနာနော်မင်ကို ကော်ဖီလျှော့သောက်ဖို့ညွှန်ကြားပေးပါတယ်။ တစ်နေ့ ကော်ဖီ အချိန်အတွယ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့သောက်ဖို့အကြံပေးတယ်။ အဲဒီလို လျှော့သောက်ရင် ကော်ဖီပြတ် လက္ခဏာမခံစားရဘူးပေါ့။ တစ်နေ့ ကော်ဖီ ၃-၄ ခွက်ထက်ပိုပြီး မသောက်ဖို့လည်း တိုက်တွန်းပေးမယ်။ နော်မင်က ကျွန်တော်ပြောတဲ့အတိုင်းကြိုးစားပြီး ကော်ဖီလျှော့သောက်တယ်။ တစ်လကျော်လောက်ကြာတော့ စိုးရိမ်စိတ်လွန်ကဲရောဂါ သက်သာပျောက်ကင်းသွားတာ တွေ့ ရှိရပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top