Healthy Life Ad
Health Tips

တရားထိုင်ခြင်းကြောင့် ရရှိနိုင်သည့် အခြားကောင်းကျိုးများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တရားထိုင်တာက ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်ပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေတယ်လို့ လူအများသိပြီးသားပါ။ အဲဒီကောင်းကျိုးအပြင် တခြားအကျိုးတွေကိုလည်း ရရှိစေပါတယ်။

ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း

တရားထိုင်တာက နာကျင်မှုပြင်းအားကို ၄၀ ရာခိုင်နှုန်း လျော့ကျစေတယ်၊ မော်ဖင်းကတော့ နာကျင်မှုကို ၂၅ ရာခိုင်နှုန်းပဲ လျော့ကျစေတဲ့အတွက် တရားထိုင်တာက အကိုက်အခဲပျောက်စေတဲ့ အာနိသင် ပိုရှိတယ်လို့ ဝိတ်ခ်ဖောရက်စ်ဘက်တစ်တက္ကသိုလ် လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

သွေးတိုးရောဂါ ထိန်းချုပ်နိုင်ခြင်း

မက်ဆာချူးဆက် ဆရာဝန်တစ်ဦးက သွေးတိုးနေတဲ့ လူနာတွေကို သုံးလကြာ တရားထိုင်ခိုင်းခဲ့ရာ သူတိုရဲ့သုံးပုံတစ်ပုံဟာ ၁၂ပတ်အကြာမှာ သွေးဖိအား သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် တရားထိုင်တာကြောင့် ပြဿနာဖြေရှင်းနိုင်စွမ်း ပိုမိုကောင်းမွန်ပြီး အလုပ်နဲ့ မိသားစုအကြား ဟန်ချက်ပိုမို ထိန်းနိုင်စွမ်းရှိစေပါတယ်။

ပျော်ရွှင်မှု ရရှိစေခြင်း

အမေရိကန် ဆေးပညာအသင်းရဲ့ လေ့လာမှုတစ်ခုအရ တရားထိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာ တိုးတက်လာပြီး စိတ်ဓာတ်ကျတဲ့ ဝေဒနာလျော့ပါးမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ လက်တွေ့စမ်းသပ်မှုအရ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းသူ ၃၉ ဦးဟာ တစ်နေ့ အနည်းဆုံး ၁၂ မိနစ်နဲ့ ရှစ်ပတ်ကြာ တရားထိုင်ခဲ့တဲ့အခါ စိတ်ဓာတ်ကျမှု သိသိသာသာ လျော့ပါးသွားပြီး ပျော်ရွှင်မှုကို ပိုမိုရရှိပိုင်ဆိုင်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဉာဏ်ကောင်းခြင်း

အမေရိကန်ဆေးပညာ လေ့လာမှုတစ်ခုအရ တရားထိုင်တာကြောင့် အသက်ကြီးချိန်မှာဖြစ်တဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် တရားထိုင်သူတွေက တရားမထိုင်သူတွေထက် တွေးခေါ်မြော်မြင်နိုင်စွမ်း ရမှတ်သိသိသာသာ ကောင်းမွန်မှုရှိလာပါတယ်။

မျိုးဗီဇကို ပိုမိုကောင်းမွန်စေခြင်း

တရားထိုင်တာကြောင့် ခန္ဓာကိုယ်မှာ ဇီဝရုပ်ဆိုင်ရာ သက်ရောက်မှုရှိပြီး မျိုးဗီဇအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိသွားစေတယ်လို့ ဟားဗတ်သိပ္ပံပညာရှင်အဖွဲ့က ဆိုပါတယ်။ တရားထိုင်ပြီးချိန်မှာ အင်ဆူလင် ထွက်ရှိစေတဲ့ မျိုးဗီဇမြင့်တက်လာပြီး ရောင်ရမ်းမှုနဲ့ စိတ်ဖိစီးမှုဆိုင်ရာ မျိုးဗီဇတွေကို ဖိနှိပ်ခံလိုက်ရပါတော့တယ်။ ဒါကြောင့် ပုံမှန်တရားထိုင်ပြီးချိန်မှာ စိတ်ဖိစီးမှုလျော့ကျပြီး ရောဂါဖြစ်နိုင်ခြေ သိသိသာသာ လျော့ပါးသွားတာပါ။

အပန်းပြေစေခြင်း

လူနာတွေ တရားထိုင်တာကြောင့် စိတ်ခံစားမှုကောင်းပြီး ပူပင်သောက လျော့ပါးမှုရှိကြောင်း အမေရိကန် အဖွဲ့အစည်းက ဆိုပါတယ်။ တရားထိုင်တဲ့အခါ ဦးနှောက်ထဲ အောက်ဆီဂျင် ပိုမိုရောက်ရှိသွားစေပြီး အတွေးအခေါ်ကောင်းတွေ ထွက်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top