Healthy Life Ad
Life Style

စိတ်ဓာတ်ကျလို့ သတ်သေချင်နေတဲ့ သူငယ်ချင်းကို ဘယ်လို နှစ်သိမ့်ဆွေးနွေး အကြံပေးရမလဲ . .

ဒေါက်တာဦးဇော်စိန်လွင်(ဆေးရုံအုပ်ကြီး-ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး

နီလာရဲ့ သူငယ်ချင်းမြသက်က အလုပ်မှာ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတာ ရက်အတော်ကြာပါပြီ။ တစ်ခါတစ်ခါ ” စိတ်ညစ်တယ်ဟာ၊ ကိုယ့်ကိုယ် ကိုယ်တောင် သတ်သေပစ်ချင်တယ် “ဆိုပြီး သူ့နှုတ်ကနေ လွှတ်ခနဲ ထွက်လာတတ်တယ်။
” နင် ဘာဖြစ်နေတာလဲ၊ ငါ ဘာကူညီရမလဲ ” လို့ နီလာက မေးလိုက်တိုင်း မြသက်က ” ဘာမှ မ ဟုတ်ပါဘူး “ဆိုပြီး ငြိမ်သွားတတ်တယ်။ ဒါပေမဲ့ မြသက် ပုံမှန်မဟုတ်ဘူးဆိုတာ နီလာသိပါတယ်။ အရင်က အလုပ်ထဲမှာ ပျော်ရွှင်တက်ကြွကနေတဲ့ မြသက်ဟာ အခုဆို အလုပ်မှာ စိတ်မပါလက်မပါ လုပ်နေတတ်သလို နီလာတို့တွေ အပြင်ထွက် မုန့်စားလည်း မလိုက်၊ အလုပ်နားချိန်ဆိုရင် လူသွားလူလာနည်းတဲ့ နေရာမှာ တစ်ယောက်တည်း နားကြပ်တပ်ပြီး သီချင်းနားထောင်နေတတ်တယ်၊ တစ်ခါတလေ မျက်ရည်ဝဲချင်ဝဲနေတတ်တယ်။ မြသက်ဒီလို ဖြစ်နေတာ ဘာကြောင့်လဲဆိုတာ နီလာ သိချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြသက်ကို ကူညီနိုင်တာရှိရင် ကူညီချင်လို့ပါ . . ပြီးတော့ မြသက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှာကို နီလာ အရမ်းစိုးရိမ်လို့ပါ. . ။
– – –

စိတ်ဓာတ်ကျပြီး သတ်သေချင်တယ်ဆိုတဲ့ သူ ငယ်ချင်းကို နီလာ့လို ကူညီချင်သူတွေ ထိထိရောက်ရောက်ကူညီနိုင်ဖို့ နည်းလမ်းကောင်းတွေရှိပါတယ်။

စိတ်ဓာတ်ကျတယ်ဆိုတာ . . .
စိတ်ဓာတ်ကျတယ်ဆိုတာ လက္ခဏာ တစ်ခုတည်းနဲ့တော့ ရောဂါဆိုပြီး သတ်မှတ်ဖို့ ခက်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတဲ့ Depression မှာ အခြေအ နေသုံးမျိုးရှိပါတယ်။

(၁) လောကဓံ ဖိစီးမှုတွေ (ဥပမာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး) အဲဒါတွေ ဖိစီးမှုများလို့ရှိရင် မျှော်လင့်ချက်တွေ ရုတ်တရက် ကုန်ဆုံး သွားရာက စိတ်ဓာတ်ကျတာပါ၊

(၂) ပင်ကိုဗီဇကို ကထစ်ခနဲရှိရင် အထိမခံ ရွှေပန်းကန်လို ဖြစ်နေတော့ ဘာလေးပဲဖြစ်ဖြစ် စိတ် ဓာတ်ကျလွယ်တာ၊ အကြောင်းတစ်ခုခု ကြုံတာနဲ့ စိတ်ဓာတ်ကျတာ၊ ဒါက ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တဲ့ စိတ်ဓာတ်ကျတာဖြစ်ပါတယ်၊

(၃) စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျရောဂါလို ခံစားရတာကြောင့် စိတ်ဓာတ်ကျတာဖြစ်ပါတယ်။
ဒီအခြေအနေသုံးမျိုးမှာ တကယ်စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်တာက စိတ်ဓာတ်ကျရောဂါ (Pathological Depression) ကြောင့် စိတ်ဓာတ်ကျသူတွေမှာ အဖြစ်များပါတယ်။

အမေရိကန်နိုင်ငံမှာ သုတေသနပြုချက်အရ ပြည်သူလူထုအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု စိတ်ကူးတွေ ဘယ်လောက်ရှိသလဲဆိုတာ လေ့လာလိုက်တော့ လူ၁၀ယောက်မှာ တစ်ယောက်က ဘဝတစ်သက်တာမှာ တစ်ကြိမ်တစ်ခါ လောက်တော့ စိတ်ကူးထဲမှာ သတ်သေဖို့ကြံဖူးတယ်လို့ အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ ကြံစည်တယ်ဆိုတဲ့ အဆင့်ကိုတော့ လူအများကြံဖူးပေမယ့် ဒီလိုကြံစည်တာ တစ်ခုတည်းနဲ့ ရောဂါဆိုတာ မဟုတ်ဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်တယ်ဆိုတာ စိတ်ဓာတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုဟုတ်ပေမယ့် သာမန်လူတွေမှာလည်း ဒီလိုအခက်အခဲကြုံတဲ့အခါ ဒီလို စိတ်ကူးမျိုး ရှိတတ်ကြပါတယ်။ ဒါ ကြောင့် စိတ်ဓာတ်ကျတယ်၊ သေချင်တယ်ဆိုတိုင်း ရောဂါလို့ အမည်တပ်စရာမလိုဘဲဖြစ်တဲ့ အကြောင်းကို သေချာ လေ့လာဝေဖန်ပြီးတော့မှ ကုထုံးတွေကို ပေးသင့်ပါတယ်။

ကုထုံးတစ်ခုထဲမှာ ပါတာက နှစ်သိမ့်ဆွေးနွေးခြင်း၊ အကြံပေးခြင်း၊ ကူညီခြင်း (Counselling) ပဲ ဖြစ်ပါတယ်။ အဲဒီလို နှစ်သိမ့်ဆွေးနွေး အကြံပေးကူညီလိုက်တာက စိတ်ဓာတ်ကျရောဂါလက္ခဏာ အ တော်များများကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ သေကြောင်းကြံစည်မှုအားလုံးကလည်း ဒီလို နှစ်သိမ့်ဆွေးနွေး ကူညီပေးလိုက်တာကြောင့် ကြံစည်မှုတွေ လွတ်မြောက်ပြီး အသက်ကယ်တင်နိုင်ပါ တယ်။ ဒါကြောင့် နိုင်ငံခြားမှာ ဆိုရင် မီးသတ်သမား၊ ပြည်သူ့ရဲ၊ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း စတာတွေကို နှစ်သိမ့်ဆွေးနွေး အကြံပေးကူညီတဲ့ ပညာသေချာကျွမ်းကျင်အောင် လေ့ကျင့်ပေးထားပါတယ်။ ပြီးတော့ အတွေ့အကြုံတွေလည်း အများကြီး ပေးထားတဲ့အတွက် သေကြောင်းကြံစည်ခြင်း Hot-line Service တွေနဲ့ ကူညီပံ့ပိုးပေးကြပါတယ်။

ဘယ်လို နှစ်သိမ့်ဆွေးနွေးအကြံပေးမလဲ . . .

ပထမအဆင့် – အရေးကြီးဆုံးအချက်က ကောင်းစွာ နားထောင်ပေးရပါမယ် (Good Listening)
သဘာဝဖန်တီးမှုကိုက နားထောင်ဖို့ နားနှစ်ဖက် ရှိတယ်၊ ပြောဖို့ ပါးစပ်က တစ်ပေါက်ပဲ ရှိတယ်၊ ဒါပေမဲ့ လေ့လာမှု သက်တမ်းအရ လူတွေရဲ့ ဘဝမှာ ကိုယ်နားထောင်တာထက် ပြောချင်တာက ပိုများ နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို အကူအညီပေးချင်တဲ့သူ၊ နှစ်သိမ့်ပေးချင်တဲ့ သူအတွက် ပထမဆုံး လိုအပ်တဲ့ အရည်အချင်းက ကောင်းစွာ နားထောင်တတ်တဲ့ အလေ့အကျင့် လိုပါတယ်။

နားထောင်တဲ့အခါမှာ ကျောက်ဆင်းတုလို နား ထောင်နေရမှာ မဟုတ်ပါဘူး၊ ပြောတဲ့ သူရဲ့ စကားကို စိတ်ဝင်စားရမယ်၊ ပြောတဲ့သူကို မျက်လုံးချင်းဆိုင်ပြီး စေ့စေ့ကြည့်ရင်း စိတ်ပါလက်ပါ နားထောင်ရမယ်၊ ပြောတဲ့အကြောင်းကို သေသေချာချာ နား ထောင်ပြီး မရှင်းလင်းတာရှိရင် ဖြည့်စွက်မေးတတ်ရမယ်၊ အကြောင်းအရာထဲမှာ နှုတ်နဲ့ တုံ့ပြန်ဖို့တင်မကဘဲ ကိုယ်အမူအရာ၊ ဟန်အမူအရာကလည်း ပြော နေတဲ့ အကြောင်းတွေကို အသိအမှတ်ပြုတဲ့ လက္ခဏာပြရပါမယ်၊ နောက်တစ်ခုက တစ်ခါတလေ နွေးထွေးမှု ပေးရပါမယ်၊

မရှင်းလင်းတဲ့ အကြောင်းတွေကို သူ့ရင်ထဲက ဆက်ပြီး ထုတ်ဖော်ပြောကြားချင်လာအောင် ဖွင့်ပေးရပါမယ်၊ အခန်းတစ်ခုကို သော့တံနဲ့ ဖွင့်သလို သူ့ရင်ထဲက အကြောင်းအရာတွေကို ဟင်းလင်းပြင်ဖြစ်အောင် ဖွင့်ပေးရပါမယ်၊ အဲဒီလို နားထောင်တတ်သူရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။

ကိုယ်ရော စိတ်ပါ နွေးနွေးထွေးထွေး၊ ဖက်လှဲတကင်း စိတ်ဝင်စားတဲ့ အမူအရာအပြည့်နဲ့ နားထောင်တတ်ဖို့ လိုပါတယ်။

ဒုတိယအဆင့် – နားလည်ကြောင်း ပြန်ပြောရပါ မယ်

နားထောင်ပြီးပြီဆိုတာနဲ့ သူ့ကို နားလည်ကြောင်း ပြန်ပြောရပါမယ်၊ သူ့ရင်ထဲက အကြောင်းအရာတွေ ကို ပြန်ပြောပြီး ဒါတွေက ဖြစ်တတ်တဲ့ သဘာဝတွေ ပါဆိုတာကိုနှိ မ့်သိမ့်ပေးရပါမယ်။ အဲဒီအခါမှာ ကိုယ်ရဲ့ တုံ့ပြန်မှုက ဝေဖန်အကြံပြုချက်မပါတဲ့Neutral Response ဖြစ်ရပါမယ်၊ တချို့သူတွေက နားထောင်ပြီးတဲ့အခါ ဆရာတတ်ဝင်လုပ်ကြပါတယ်။ ဘယ်လို လုပ်လိုက်ပါလား၊ ရုံးတိုင်လိုက်ပါလား၊ ရဲ တိုင်လိုက်ပါလား၊ ဘယ်သူ့ကို ဘယ်လို ပြန်ပြောလိုက်ပါလား စသဖြင့် ပြောတာက ကူညီအားပေးသူရဲ့ အရည်အချင်း မဟုတ်ပါဘူး။ ဆရာလုပ်တဲ့သူ၊ ဝေဖန်တဲ့သူရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်တစ်ခုလုံး နားထောင်ပြီး သူ့ကို အပြုသ ဘောဆောင်တဲ့ မှတ်ချက်၊ အဆိုးမြင် မှတ်ချက် ဘာကိုမှမပေးရပါဘူး၊ မှားတယ်၊ မှန်တယ်ဆိုတာ ကာကယံရှင် သူ့ဘာသာ နားလည်သဘောပေါက်သွားအောင် ဖြည့်ဆည်းကူညီပေးရပါမယ်။ ဆရာတို့က ” ဒါ ဒီလိုလုပ် . . ဟိုဟာ ဟိုလိုလုပ် ” ဆိုတာမျိုး အမိန့်ပေးတဲ့ အကြံပြုချက်တွေ လုံးဝ မလုပ်ရပါဘူး။

ဒါပေမဲ့ အကြောင်းအရာတစ်ခုပေါ် မူတည်ပြီး ဒါဆိုရင် ဒီလိုမဖြစ်နိုင်ဘူးလား၊ ဟိုဟာဆိုရင် ဟိုလို မဖြစ်နိုင်ဘူးလားလို့ ပြောရင်း သူ့ထင်မြင်ချက်ဟာ တခြားဟာတွေလည်း ရှိပါတယ်ဆိုတာ ဖြည့်ဆည်း တွေးတတ်အောင် အကြံပေးသင့်ပါတယ်။ ၁နဲ့ ၁ ပေါင်းရင် ၂ ဆိုပေမယ့် ၁ Plus ကော မဖြစ်နိုင်ဘူး လား၊ ၃ Minus ကော မဖြစ်နိုင်ဘူးလားဆိုတဲ့ ဖြစ်နိုင်စရာလေးတွေ ရွေးချယ်တတ်အောင် Options လေးတွေပေးရပါမယ်။

လူ့သဘာဝက တစ်ခုခုကို စွဲပြီးပြီဆိုရင် ချိတ်တယ်၊ ချိတ်ပြီးပြီဆိုရင် မြဲတယ်၊ မြဲပြီးပြီဆိုရင် ဇွတ်လုပ်တတ်ပါတယ်။ ဒါကို မချိတ်ခင်မှာ တခြားဟာတွေလည်း ရှိပါတယ်ဆိုတာ စကားပြောရင်း နှစ်သိမ့် ဆွေးနွေးအကြံပြုပေးရပါမယ်။

တတိယအဆင့် – မှန်ကန်တဲ့ လမ်းကြောင်းရောက်အောင် ဘယ်လို ထုတ်ဖော်မလဲ

မှန်ကန်တဲ့ လမ်းကြောင်းကို ဘယ်လိုထုတ်ဖော်မလဲဆိုတော့ ဒါတွေက ယေဘုယျအားဖြင့် ဖြစ်တတ်တဲ့ သဘာဝပါဆိုတာ သိအောင် ပြောရမယ်။ သူတစ်ယောက်တည်းကျမှ ကွက်ပြီး ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတဲ့ ခံစားချက်((Guilt fee-ling) ဝင်တတ်ပါတယ်။ အများလည်း ဖြစ်နေတာပဲ ဆိုရင် စိတ်က သက်သာသွားတတ်ပါတယ်။ ဒါကို သိအောင် အများတောင် ဖြစ်တတ်တဲ့ သဘာဝရှိတယ်ဆိုတာ အကြောင်းအကျိုး ဆက်စပ်ပြီး တွေးတတ်အောင် သူ့ကို နှစ်သိမ့်ပေးရပါမယ်။

သူ့ဘာသာ လမ်းကြောင်းကို မှန်မှန်ကန်ကန် ရွေးတတ်အောင် ပံ့ပိုးပေးရပါမယ်။ ဇွတ်မတွန်းရပါ ဘူး။ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးသိတဲ့ ဇာတ်လမ်းတစ်ခုကို ပြောမယ်ဆိုရင် ကိသာဂေါတမီဟာ သူ့တစ်ဦးတည်းသော သားလေး သေသွားတဲ့အခါ ဒါကိုသူလက်မခံနိုင်ဘူး၊ လက်မခံနိုင်တဲ့အခါ သူဟာ နောက်ဆုံး စိတ်ရောဂါလက္ခဏာအသွင်အပြင်တွေနဲ့ တစ်ခါတည်း ပေါက်ကွဲပြီး ကလေးကို ကယ်ပေးပါ၊ ကယ်ပေးပါဆိုတဲ့ ဖောက်ပြန်မှုတွေဖြစ်ခဲ့တယ်။ နောက်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ဆီ ရောက်သွားခဲ့တယ်၊ ဒီအချိန်မှာ ” သေတာ ဘာဆန်းလို့လဲ ” ဆိုပြီး ပြောလိုက်ရင် သူတရားရမှာမဟုတ်ပါဘူး။ မြတ်စွာဘုရားက အကောင်းဆုံး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတဲ့ ကုထုံး (Psychotherapy)ပေးခဲ့ပါတယ်။ ” ကဲ . . ရှင်အောင်လုပ်ပေးမယ်၊ မုန်ညင်းစေ့ လက်တစ်ဆုပ်စာကို မသေတဲ့ အိမ်ခုနစ်အိမ်ကယူခဲ့” ဆိုတော့ ကိသာဂေါတမီမှာ ယုံကြည်မှု (Trust) ရသွားတယ်၊ အဖြေမှန်ကိုလိုက်ရှာတယ်၊ နောက်ဆုံးမှာ သေခြင်း တရားဟာ မဆန်းဘူးဆိုတဲ့ အဖြေမှန်ကို သူ့ဘာသာ သိသွားပါတယ်။ ဒီလိုပါပဲ . . ဆရာတို့ရဲ့ နှစ်သိမ့် ဆွေးနွေးအကြံပေးတဲ့ ဦးတည်ချက်က အမှန်တရားကို ကာယကံရှင်ကိုယ်တိုင်က အကောင်းဆုံး ရွေးချယ်နိုင်အောင် ဘေးက ပံ့ပိုးပေးတာပဲဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top