Healthy Life Ad
News

COVID – 19 ကူးစက်မှုကာကွယ်ရန် တာမွေမြို့နယ်တွင် ဖျားနာလူနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်ကုသပေးနေ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

COVID – 19 ကူးစက်ရောဂါ မပြန့်ပွားစေရေး ရည်ရွယ်ပြီး တာမွေမြို့နယ် အထက(၄)တွင် ဖျားနာလူနာများ ကုသမှုဆေးခန်း (Fever Clinic) ကို ဧပြီလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ကုသမှုပေးနေကြောင်း တာမွေမြို့နယ်၊ Coronavirus ရောဂါတားဆီးကာကွယ်ရေးနှင့် လူမှုကူညီရေးကွန်ရက် ပြန်ကြားရေးတာဝန်ခံ ကိုမောင်မောင်စိုးထံမှ သိရသည်။

“နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖျားနာနေတဲ့ ဘယ်သူမဆို အခမဲ့ လာကုလို့ရပါတယ်။ လူနာဦးရေ သတ်မှတ်ထားတာလည်း မရှိပါဘူး။ သာမန်ဖျားတယ်၊ အဖျားကြီးတယ်၊ COVID-19 နဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် လာပြလို့ရပါတယ်။ နာတာရှည်ရောဂါ၊ ထိခိုက်ဒဏ်ရာရသူတွေဆိုရင်တော့ အစိုးရဆေးရုံတွေကိုပဲ သွားပြစေချင်ပါတယ်။ အဓိက ဖျားတဲ့အခါလာရင် ကူးမှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ ဖွင့်ဖြစ်တာပါ” ဟု ကိုမောင်မောင်စိုးက ပြောသည်။

စေတနာ့ဝန်ထမ်း ဆရာဝန်များက မေတ္တာဖြင့် အလှည့်ကျ လာရောက်ကုသမှုပေးနေသော ဖျားနာလူနာကုဆေးခန်းကို ဧပြီလကုန်အထိ ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။ “ဆေးခန်းမှာထိုင်တဲ့ ဆရာဝန်တိုင်းက PPE ဝတ်စုံဝတ်ပြီး ထိုင်ပါတယ်။ လူနာတွေကိုလည်း ဆရာဝန်နဲ့ အကာအကွယ်ထားပြီး အဖျားတိုင်းတာ၊ စစ်ဆေးတာတွေ လုပ်ပါတယ်။ လူနာတစ်ယောက်ကုပြီးတာနဲ့ ချက်ချင်း ပိုးသတ်ဆေးဖြန်းပါတယ်။ ဖျားနာတာက COVID-19 သံသယလက္ခဏာဖြစ်တယ်ဆိုရင် မြို့နယ်ကျန်းမာရေးမှူးကို အကြောင်းကြားပြီး သက်ဆိုင်ရာဆေးရုံကို ချက်ချင်းလွှဲပေးပါတယ်”ဟု ကိုမောင်မောင်စိုးက ပြောသည်။

မြန်မာနိုင်ငံဆရာဝန်များအသင်း၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တာမွေမြို့နယ် ရွေးကောက်ခံအမတ်များ၊ ပညာရေးမှူးရုံး၊ စည်ပင်သာယာရေးကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top