Healthy Life Ad
Health Tips

ကြိုတင်ကာကွယ် လေဖြတ်အန္တရာယ်

——၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——

လေဖြတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ထိခိုက်သွားတာကြောင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် လေဖြတ်မှာကို ထိတ်လန့်ကြောက်ရွံ့တတ်ကြပါတယ်။ လေဖြတ်မှာ ကြောက်သူတွေအနေနဲ့ လေဖြတ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးဟာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ် ပါဝင်တာကြောင့် အနီရောင်သမ်းနေရတာ ဖြစ်ပါတယ်။ လတ်တလောလေ့လာမှုတစ်ရပ်အရ သွေးထဲမှာ လိုင်ကိုပင်းပမာဏ အမြင့်ဆုံးရှိတဲ့ အမျိုးသားတွေက လိုင်ကိုပင်းအနည်းဆုံး ရှိသူတွေနဲ့ယှဉ်ရင် လေဖြတ်ဝေဒနာအမျိုးမျိုး ဖြစ်နိုင်ခြေကို ၅၅ ရာခိုင်နှုန်း လျော့နည်းစေပြီး သွေးကြောပိတ်ပြီး လေဖြတ်နိုင်ခြေကို ၅၉ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ တခြားလိုင်ကိုပင်းဓာတ်ပါတဲ့ အရာတွေက ဖရဲသီး၊ ပန်းရောင်ဂရိတ်ဖရုသီးနဲ့ မာလကာသီးတို့ပဲ ဖြစ်ကြပါတယ်။

(၂) ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပါ

ပြင်းထန်တဲ့ လေ့ကျင့်ခန်းဟာ လေဖြတ်နိုင်ခြေကို လျော့ကျစေတဲ့နည်းပါ။ လတ်တလော လေ့လာမှုအရ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာတို့လို အသင့်အတင့်မှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်တာကြောင့် လေဖြတ်နိုင်ခြေကို လျော့နည်းစေပါတယ်။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ပုံမှန်ထိန်းပေးတာ၊ ဆေးလိပ်မသောက်တာ၊ အရက်ကိုမရှောင်နိုင်လို့ အသင့်အတင့်သောက်တာ စတဲ့ နေထိုင်မှုပုံစံအတိုင်းနေရင် လေဖြတ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေပါတယ်။

(၃) ဆားလျှော့စားပါ

အမေရိကန်လူမျိုးတွေက တစ်နေ့ကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်း-တစ်ဇွန်းခွဲခန့် စားနေကြတာကြောင့် စားသင့်တဲ့ ပမာဏထက် နှစ်ဆကျော်ပိုများကြောင်း အမေရိကန်နှလုံးကျန်းမာရေး အဖွဲ့အစည်းက ဆိုပါတယ်။ ဆားလျှော့စားတာကြောင့် သွေးဖိအားကို ပုံမှန်ထိန်းနိုင်ပြီး လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆားအများကြီး စားသူတွေက ဆားလျှော့စားသူတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆပိုများလို့ပါ။

alignnone size-medium wp-image-55105
(၄) တစ်နေ့ ပန်းသီးတစ်လုံး စားပါ

ဒတ်ချ်လေ့လာမှုတစ်ခုအရ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားသူတွေဟာ လေဖြတ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ ပန်းသီး၊ သစ်တော်သီးတို့လို အမျှင်ဓာတ်နဲ့ ကွာစီတင်များများပါတဲ့ အစာတွေစားတာကြောင့် အင်တီအောက်ဆီးဒင့် ရရှိကာ ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်။ တခြားစားသင့်တဲ့ အဖြူရောင်အပင်ထွက် အစာတွေက ငှက်ပျောသီး၊ ပန်းဂေါ်ဖီပွင့်၊ သခွားသီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ပဲ ဖြစ်ပါတယ်။

(၅) ကော်ဖီကို အသင့်အတင့်သောက်ပါ

လတ်တလောလေ့လာမှုအရ ကော်ဖီကို နေ့စဉ် အသင့်အတင့်သောက်တာက လေဖြတ်နိုင်ခြေကို ကာကွယ်ပေးကြောင်း သိရပါတယ်။ ဒါကြောင့် တစ်နေ့ ကော်ဖီတစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

(၆) အင်တီအောက်ဆီးဒင့် ဖြည့်တင်းပါ

ချောကလက်ထဲက ကိုကိုးမှာ ဖလေဗိုးနွိုက်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများပြီး သွေးကြောထိခိုက်မှုကို တွန်းလှန်ပေးနိုင်သလို သွေးခဲနိုင်ခြေမရှိအောင် ကာကွယ်ပေးပါတယ်။ သွေးခဲတာကြောင့် လေဖြတ်စေနိုင်ပါတယ်။ ဆွီဒင်လေ့လာမှုတစ်ရပ်အရ ချောကလက်ကို အများဆုံးစားတဲ့ အမျိုးသားတွေက ချောကလက်မစားသူတွေထက် လေဖြတ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ အမည်းရောင် ချောကလက်မှာ နို့ချောကလက်မှာထက် ကိုကိုးပါဝင်မှု ပိုများပါတယ်။ လက်ဖက်စိမ်း၊ လက်ဖက်ရည်ကြမ်း၊ ဝိုင်နီ၊ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ ကြက်သွန်ဖြူတို့မှာလည်း ဖလေဗိုးနွိုက် ပါဝင်မှုများပါတယ်။

alignnone size-medium wp-image-55104
(၇) တရားထိုင်ပါ

စိတ်နဲ့ ခန္ဓာ ငြိမ်သက်အောင် တရားထိုင်တာက ကိုယ်တွင်းအနာကျက်မှုကို တိုးစေပါတယ်။ လေ့လာမှုတစ်ရပ်အရ နှလုံးရောဂါရှိသူ အမေရိကန် လူမည်းတွေက တစ်နေ့နှစ်ကြိမ် တရားထိုင်ခဲ့ရာ လေဖြတ်တာ၊ နှလုံးရောဂါအမောဖောက်တာတို့ ဖြစ်နိုင်ခြေကို ၄၈ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ တရားထိုင်သူတွေကို ငါးနှစ်ကြာ လေ့လာမှုအရ ဒေါသနဲ့ သွေးတိုးတာကို သိသိသာသာ လျော့ကျစေကြောင်း သိရပါတယ်။

(၈) ညစ်ညမ်းသောလေထုကို ရှောင်ရှားပါ

လေထုညစ်ညမ်းတဲ့ ဒေသမှာ နေထိုင်သူတွေက လေကောင်းလေသန့်ရတဲ့ နေရာမှာ နေထိုင်သူတွေထက် လေဖြတ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများပါတယ်။ လေထုညစ်ညမ်းပြီး ယာဉ်ကြောထူထပ်တဲ့ နေရာမှာ နေထိုင်တာကြောင့် နှလုံးသွေးကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top