Healthy Life Ad
Health Tips

အသက်ကြီးတဲ့အထိ အရိုးသန်စွမ်းနေအောင် ဘာတွေစားသောက်သင့်သလဲ

မိမိုး ( ဆေးဝါးတက္ကသိုလ် )

အသက်ကြီးလာတဲ့အခါ အထူးသဖြင့် အမျိုးသမီးတွေဟာ အရိုးပါး  ၊ အရိုးပွရောဂါနဲ့ အရိုးအက်တာတွေ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ သန်စွမ်းကျန်းမာနေစေဖို့ရာအတွက် အထူးတလည် စားသောက်သင့်တဲ့ အရာတွေကို ရေးသား လိုက်ရပါတယ်။

ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အရိုး ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ အကောင်းဆုံး သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လ်စီယမ် အပြင် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ သံဓာတ်တွေ ပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေပါတယ်။ ကိုက်လန်၊ မုန်ညင်းစိမ်း၊ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်နဲ့ တခြားသတ္တုဓာတ်တွေပါ ဝင်ပါတယ်။

ပရိုတင်းပေါများသည့် အစာများ

ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အစာတွေက အရိုးအဆစ်ထိခိုက်ဒဏ်ရာရတာကို သက်သာစေပါတယ်။ အရိုးအကြောစနစ် သန်စွမ်းစေဖို့ စားသင့်တဲ့ ပရိုတင်း ပါဝင်မှုများတဲ့ ကြက်ရင်ပုံသား၊ ငါး၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ တိုဟူး၊ နွားနို့၊ ပဲနို့၊ အဆီနည်းအမဲသား၊ ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ အခွံမာသီး စတာတွေ ဖြစ်ကြပါတယ်။

စွပ်ပြုတ်

အရိုးသန်စွမ်းစေဖို့ ဟင်းသီးဟင်းရွက်နဲ့အသားတွေ ပါဝင်မှုများတဲ့ စွပ်ပြုတ်တွေကို သောက်သင့်ပါ တယ်။

ကောက်နှံတစ်ခုလုံးအစာ

သင့်အစာထဲမှာ ကာဗိုဟိုက်ဒရိတ်အလုံအလောက်ရဖို့ အရေး ကြီးပါတယ်။ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ် ကောင်းကောင်းရရှိစေဖို့ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ခေါက်ဆွဲညို စတာတွေကို စားသင့်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့အတွက် ကယ်လ်စီယမ် စုပ်ယူမှု အားကောင်းစေပါတယ်။

သတ္တုဓာတ်ပါဝင်မှု များသည့် အစာများ

ခန္ဓာကိုယ်ထဲမှာ သတ္တုဓာတ်မျှတနေမှသာ အရိုးအဆစ်တွေ သန်စွမ်း ကျန်းမာနေမှာပါ။ သတ္တုဓာတ် ပါဝင်မှု အများဆုံး အရင်းအမြစ်တွေက လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေပဲဖြစ်ပါတယ်။ အခွံမာသီး၊ ပင်လယ်ရေညှိနဲ့ အစေ့အဆန်တွေမှာလည်း သတ္တုဓာတ်ပါဝင်မှုများပါတယ်။

အရိုးပါစားနိုင်သော ငါးများ၊ ကြက်ရိုး

တိရစ္ဆာန်ထွက်အစာနဲ့ ပတ်သက်ရင် ကယ်လ်စီယမ်ပါဝင်မှုအများဆုံး အစာတွေက အရိုးတွေပဲ ဖြစ် ပါတယ်။ အရိုးပါ ကြိတ်ဝါးစားနိုင်တဲ့ ငါးလေးတွေ၊ ကြက်အရိုးနုတွေ စတာတွေက အရိုးသန်စွမ်းကျန်းမာစေတဲ့ အစာတွေ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီများ

ကောင်းမွန်တဲ့ အဆီတွေက အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။ EPA နဲ့ DHA တို့လို ငါးကြေးဆီတွေက သင့်နေ့စဉ်အစာထဲမှာ ပါဝင်သင့်ပါတယ်။ အရိုးကျန်းမာစေတဲ့ အဆီပါဝင်တဲ့ အစာတွေက ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးစတာတွေ ဖြစ်ကြပါတယ်။

Ref : HD

Most Popular

Healthy Life Ad
To Top