Healthy Life Ad
Health Tips

အရိုးပါးရောဂါအန္တရာယ် လျော့ကျအောင် အသက်ငယ်စဉ် လိုက်နာသင့်သောအချက်များ

———၊ ငွေကြယ်စင်ယံ ၊———

အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါမဖြစ်စေဖို့ အသက်ငယ်စဉ်ကတည်းက ကာကွယ်ပေးရပါမယ်။ အသက် ၁၂-၁၃ နှစ်အရွယ်မှာ အရိုးထုထည်အမြင့်ဆုံး (Maximum Accumulation of Bone Mass) ရအောင် ကယ်လ်စီယမ်ကို စုဆောင်းထားရင် အသက် ၂၀-၂၅ နှစ်အရွယ် (အထူးသဖြင့် အမျိုးသမီးတွေ)မှာ အရိုးထုထည် အများဆုံးအခြေအနေမှာ ရှိနေပါလိမ့်မယ်။ ဒါကြောင့် အသက်ကြီးလာချိန်မှာ အရိုးထုထည်အားကောင်းပြီး အရိုးသန်စွမ်းကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေရှိနေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်အလေးမတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကြောင့် အရိုးသန်စွမ်းစေပြီး အရိုးထဲက သတ္တုဓာတ်ဆုံးရှုံးမှုနှုန်းကို လျော့ကျစေပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်တာ၊ လှေကားတက်တာ၊ ရွရွပြေးတာ၊ အလေးမတာတွေဟာ အရိုးတွေကို သန်စွမ်းကျန်းမာစေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခုန်ပေါက်ဆော့ကစားတာကလည်း အရိုးတည်ဆောက်မှုအတွက် အရေးပါတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ကယ်လ်စီယမ်မှီဝဲမှုကို မြှင့်တင်ပါ

ကယ်လ်စီယမ်က အရိုးတည်ဆောက်မှုအတွက် အရေးပါပါတယ်။ အစားအသောက်အများစုထဲမှာ ကယ်လ်စီယမ်ပါဝင်ပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းထဲမှာ ပါဝင်မှုအမြင့်မားဆုံးဖြစ်တာကြောင့် အဲဒီအစားအသောက်တွေကနေ ကယ်လ်စီယမ်ကို အလွယ်တကူ စုပ်ယူနိုင်ပါတယ်။ ကယ်လ်စီယမ်လိုအပ်ချက်ကို ပြည့်မီအောင်ရရှိဖို့အတွက် နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းကို နေ့စဉ်ပါဝင်အောင် စားသောက်ပေးရပါမယ်။ အရိုးပါဝါးစားနိုင်တဲ့ ငါးကလေး၊ ပဲအမျိုးမျိုး၊ ကွေကာ၊ အခွံမာသီး၊ အစေ့အဆန်၊ သစ်သီးခြောက်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာလည်း ကယ်လ်စီယမ်ပါဝင်နေပါတယ်။

ဗီတာမင်ဒီကို ရယူပါ

ဗီတာမင်ဒီဟာ ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓာတ်စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဗီတာမင်ဒီကို အရေပြားဟာ နေခြည်နုနုနဲ့ ထိတွေ့မှုရှိတာကြောင့် ရရှိနိုင်ပါတယ်။ အဆီများတဲ့ ငါးထဲကို စားရင်လည်း ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။

အချို့အစားအသောက်များကို ဆင်ခြင်ပါ

တိရစ္ဆာန်အသားနဲ့ လုပ်ထားတဲ့ အစာတွေ၊ ဆား၊ အမြှုပ်ထတဲ့အရည်၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်တွေက အရိုးထဲကနေ သတ္တုဓာတ်တွေ အထွက်များအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို ပုံမှန်ရှိအောင် ထိန်းသိမ်းပါ

ကိုယ်အလေးချိန်နည်းလွန်းပြီး ပိန်တာက အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရိုးပါးရောဂါဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များသူတွေက အရိုးထုထည်ကို မြင့်တက်စေပေမယ့် အဝလွန်တာကြောင့် ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်မသောက်သင့်ပါ

ဆေးလိပ်သောက်တာက အရိုးအားကောင်းအောင် တည်ဆောက်ပေးမယ့် ဆဲလ်တွေကို ကောင်းကောင်းအလုပ်မလုပ်နိုင်အောင် တားဆီးထားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top