Healthy Life Ad
Health Tips

အိပ်စက်စဉ် ဖြစ်ပေါ်တတ်သည့် ထူးဆန်းသော အချက် ၇ ရပ်

မီမိုး(ဆေးဝါးတက္ကသိုလ်)
အိပ်စက်တာက လူတွေရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ပုံမှန်ဖြစ်နေစေဖို့ လိုအပ်တဲ့ အခြေခံအချက်ပါ။ ညတွေမှာ အိပ်စက်ရင်း အိပ်မက်ဆိုး မက်တတ်သလို အိပ်ရင်း မထင်မှတ်ဘဲ ထူးထူးဆန်းဆန်း အကျင့်တွေလည်း ဖြစ်တတ်ပါသေးတယ်။
 အိပ်ရင်း လမ်းလျှောက်ခြင်း
အိပ်ရင်း လမ်းလျှောက်တာက အန္တရာယ်များ တဲ့ အပြုအမူပါ။ အိမ်ကထွက်ပြီး ယာဉ်သွား ယာဉ်လာများတဲ့ နေရာကို သွားတာ၊ လှေကားကနေ ပြုတ်ကျတာ စတဲ့ အခြေအနေတွေအထိ ဖြစ်စေနိုင်လို့ပါ။ အိပ်ရင်း လမ်းလျှောက်တာက အိပ်ရင်း အစာစား တာ၊ အိပ်ငိုက်ရင်း ကားမောင်းတာလိုပဲ အန္တရာယ်များတဲ့ အပြုအမူဖြစ်ပါတယ်။
 အိပ်မက်မက်ရင်း ပြုတ်ကျခြင်း
အိပ်မက်မက်ရင်း ရုတ်တရက် ပြုတ်ကျသလို တုံ့ခနဲဖြစ်သွားတာ၊ ဆတ်ခနဲတုန်ပြီး ရုတ်တရက် လန့်နိုးသွားတာ စတဲ့ အခြေအနေမျိုး ဖြစ်တာပါ။ လူတိုင်းလိုလို ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ဖြစ်တတ်ပါတယ်။
 အိပ်စက်စဉ် ကိုယ်တစ်ခြမ်းသေခြင်း
အိပ်စက်စဉ် ကိုယ်တစ်ခြမ်း သေတာက ကြောက်စရာကောင်းတဲ့ အခြေအနေပါ။ ဦးနှောက်က တက်ကြွနေပေမယ့် ခန္ဓာကိုယ်က အိပ်မောကျနေတဲ့ အခြေအနေမျိုးပါ။ နိုးနေရင်တောင် သင့်ခန္ဓာကိုယ်က မလှုပ်ရှားနိုင်၊ စကားမပြောနိုင်တာမျိုးနဲ့ တူပါတယ်။ ဒီအခြေအနေက တစ်စက္ကန့်ကနေ မိနစ်ပိုင်းအထိ ကြာတတ်ပါတယ်။ ဆင်တစ်ကောင်ရဲ့ ကိုယ်အလေးချိန် ဖိခံထားရသလို ခံစားရပြီး ကောင်းကောင်း အသက်မရှူနိုင်တာမျိုးပါ။
 အိပ်မက်တစ်ခုကို ထပ်တလဲလဲ မက်ခြင်း
စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ မှတ်ဉာဏ် ပြဿနာ တွေကြောင့် အိပ်မက်တစ်ခုကို ထပ်တလဲလဲ မက် တတ်ပါတယ်။ ဒါက မှတ်သားနိုင်စွမ်း အခက်အခဲ ရှိရင်၊ ချစ်တဲ့သူ သေဆုံးသွားတာလို မှတ်ဉာဏ်က ထိခိုက်လွယ်နေရင် ဒီလို ဖြစ်တတ်ပါတယ်။
 အိပ်ရင်း ခေါင်းထဲ ပြိုးပြိုးပျက်ပျက်မြင်ခြင်း
ဒါက အိပ်ရင်း ရုတ်တရက် ပြုတ်ကျသလို ခံစားရတာနဲ့ ဆင်ပါတယ်။ ရုတ်တရက် ဆူညံသံ၊ ပေါက်ကွဲ သံကြားရသလို ဖြစ်တတ်ပြီး ခေါင်းထဲမှာ အလင်းတန်း တစ်ခု မြင်လိုက်သလို ဖြစ်တတ်တာပါ။
 အိပ်ရင်း လိင်ဆက်ဆံခြင်း
အိမ်ထောင်ဖက်က အိပ်မောကျနေစဉ်မှာ ဖြစ်တတ်ပါတယ်။ ဒါက အိပ်ရင်း လမ်းလျှောက်တာနဲ့ တူပြီး ဦးနှောက်က အပြည့်အဝ သိစိတ်မရှိဘဲ ခန္ဓာကိုယ်က လုပ်ဆောင်နေတာမျိုးပါ။ လိင်ပိုင်းဆိုင်ရာ အိပ်မက် မက်စဉ်မှာ ဖြစ်နိုင်ခြေ ပိုရှိပါတယ်။
 အိပ်ရင်း စကားပြောခြင်း
အတွေ့ရအများဆုံး အိပ်စက်မှုဆိုင်ရာ ပြဿနာပါ။ အိပ်ရင်းစကားပြောတာက အများအားဖြင့် စက္ကန့် ၃၀ လောက် ကြာတတ်ပါတယ်။ အိပ်စက်ချိန်  ၂-၃ နာရီအတွင်း ဖြစ်တတ်ပြီး ကြွက်သားတွေ အလုံအလောက် လှုပ်ရှားမှု ရှိနေချိန်မှာ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top