Healthy Life Ad
Health Tips

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့ ဆေးကြောရာတွင် အသုံးဝင်သော နည်းလမ်းများ

မီမိုး (ဆေးဝါးတက္ကသိုလ်)

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာစင်ကြယ်အောင်
ဆေးကြောမှသာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပိုးမွှားတွေကို ကင်းစင်စေမှာပါ။ ဒါမှသာ အစာကြောင့် ဖြစ်တဲ့ အဆိပ်သင့်တဲ့ ဝေဒနာကိုလည်း လျော့ပါးစေမှာ ဖြစ်ပါတယ်။

– ထောပတ်သီး ဆေးရာတွင်
လူအများစုက ထောပတ်သီးအခွံကို ရေဆေးဖို့
မေ့လျော့နေတတ်ပါတယ်။ တကယ်တော့ ထောပတ်သီးအခွံမှာ ဘက်တီးရီးယားပိုးတွေ ကပ်နေတတ်တာကြောင့် ထောပတ်သီးကို ဓားနဲ့ ထက်ခြမ်းခြမ်းလိုက်ရင် ဓားမှာပိုးတွေ တွယ်နေပါလိမ့်မယ်။ ဒါကြောင့် ထောပတ်သီးကို ရေနဲ့စင်အောင် အရင်ဆေးလိုက်ပါ။

– ငရုတ်ပွသီး ဆေးရာတွင်
ငရုတ်ပွသီး ဆေးတဲ့အခါ လက်အိတ်စွပ် ထားပါ။ ဒါမှသာ ငရုတ်ပွသီးမှာပါတဲ့ သဘာဝအဆီကြောင့် သင့်လက်အရေပြား အပူလောင်တာမျိုး ကင်းဝေးမှာ ဖြစ်ပါတယ်။ အဲဒီလက်နဲ့ မျက်စိကို ပွတ်သပ်မိရင်လည်း မျက်စိပူစပ် သွားနိုင်ပါတယ်။

– ဟင်းခတ်အမွှေးအကြိုင်များ ဆေးရာတွင်
လတ်ဆတ်တဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တွေကို ညင်ညင်သာသာ ကိုင်တွယ် ဆေးကြောပေးရပါမယ်။ ဟင်းခတ်အမွှေးအကြိုင် အရွက်တွေမှာ ပုန်းကွယ်နေတဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ကင်းစေဖို့ ရေအေးတွေပြည့်နေတဲ့ ဇလုံထဲစိမ်ပြီး အရွက်တွေကို သေချာဆေးပေးပါ။ ပြီးရင် တစ်ရှူးစက္ကူနဲ့ သုတ်ပေးရပါမယ်။

– အစိမ်းရောင် ဟင်းရွက်များ ဆေးရာတွင်
ဟင်းရွက်စိမ်းတွေကို ရေအေးထဲစိမ်ပြီး နှစ်မိနစ်ခန့်ထားပါ။ ပြီးမှ ဘုံပိုင်ရေနဲ့ ဆေးပြီး ပိုးမွှားတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။

– ပန်းဂေါ်ဖီစိမ်းနှင့် ပန်းမုန်လာ ဆေးရာတွင်
ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းမုန်လာတွေမှာ ပိုးမွှားနဲ့ အညစ်အကြေးတွေ ကပ်ငြိနေတာကြောင့် မဆေးခင်ရေအေးထဲမှာ နှစ်မိနစ်ခန့် စိမ်ထားပါ။ ပြီးမှ ဘုံပိုင်ရေနဲ့ ဆေးကြောလိုက်ရမှာ ဖြစ်ပါတယ်။

– ပန်းသီး ဆေးရာတွင်
ပန်းသီးအညှာမှာ ဘက်တီးရီးယားပိုးမွှားနဲ့ အညစ်အကြေးတွေ ကပ်ငြိနေတတ်ပါတယ်။ အညှာကိုချွေပြီး ရေအေးနဲ့ ပွတ်တိုက်ဆေးကြောပေးပါ။

– မှိုဆေးရာတွင်
မှိုကိုအရင်ဆုံး ခြောက်သွေ့နေတုန်းမှာ ပွတ်တိုက်သန့်စင်ပေးပါ။ ပြီးမှ ရေအေးနဲ့ စက္ကန့်အနည်းငယ်ကြာ ဆေးပြီး တစ်ရှူးနဲ့ သုတ်ပေးပါ။ မှိုကို ရေထဲ စိမ်မထားပါနဲ့။ ရေစုပ်ယူထားရင် ချက်ရ ခက်ခဲတတ်လို့ပါ။

– ဖရုံသီး ဆေးရာတွင်

ဖရုံသီးကို မလှီးခင် ရေနဲ့ဆေးလိုက်ပါ။ ပြီးမှ အခွံနွှာပြီး လိုချင်တဲ့ အတုံးအရွယ်အစားအတိုင်း လှီးဖြတ်ပါ။ ရေမဆေးဘဲ လှီးလိုက်ရင် ဓားမှာ ပိုးမွှားကပ်ငြိပြီး ဖရုံသီးစိတ်တွေဆီ ပြန့်နှံ့နိုင်ခြေ ရှိလို့ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top