Healthy Life Ad
Health Tips

မြန်မာလူမျိုးများ ဟင်းသီးဟင်းရွက်အစိမ်းစားသည့် အကျင့်ပြင်ရန်လိုပြီ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဟင်းသီးဟင်းရွက်အများစုအား ပိုးသတ်ဆေးအများကြီး အသုံးပြုထားလေ့ရှိသည့်အတွက် မြန်မာလူမျိုးတို့ နေ့စဉ်စားလေ့ရှိသည့် ဟင်းသီးဟင်းရွက်တို့အား အစိမ်းစားသည့်အကျင့်ကို ပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ပြောကြားသည်။

“ဟင်းသီးဟင်းရွက်တွေကို ဓာတုဗေဒပါတဲ့ ဆေးတွေဖျန်းတာရှိတယ်။ ဘယ်လောက်ကပ်ငြိနေလဲဆိုတာ စားသုံးသူတွေအနေနဲ့ မသိနိုင်ပါဘူး။ ဒီတော့ အရင်ကလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတဲ့အကျင့်ကို ပြင်မှဖြစ်ပါမယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးတွေ ကပ်ငြိနေနိုင်တဲ့အတွက် ရေစင်အောင် ဆေးတဲ့အပြင် အစိမ်းစားမယ့်အစား ပြုတ်ပြီးစားတာ၊ ရေနွေးဖျောပြီးစားတာတို့ လုပ်သင့်ပါတယ်”ပါမောက္ခဦးကိုကိုက ရှင်းပြသည်။

ပိုးသတ်ဆေးအန္တရာယ် ကင်းစင်ရန်အတွက် ပိုးပေါက်လုံးဝကင်းစင်ပြီး ပုံမှန်နှင့်မတူဘဲ အရသာပြောင်းလဲနေသော သစ်သီးဝလံမျိုးကို ရှောင်ကြဉ်သင့်ပြီး ပိုးပေါက်အနည်းငယ်ပါသည့် သစ်သီးဝလံမျိုးကို ဝယ်ယူစားသောက်သင့်ကြောင်း သိရသည်။

“သစ်သီးတွေကို စားမယ်ဆိုရင် ရေစင်အောင်ဆေးကြောပြီး အခွံပါရင် အခွံကိုခွာပြီး စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုလည်း ဆားနဲ့ရေသုံးပြီး ထပ်ခါတလဲလဲ စင်ကြယ်တဲ့အထိ ဆေးကြောသင့်ပါတယ်”ဟု ပါမောက္ခဦးကိုကိုက ဆိုသည်။

ပိုးသတ်ဆေးပါဝင်သည့် ဟင်းသီးဟင်းရွက်များကို စားမိလျှင် ဗိုက်နာခြင်း၊ ပျို ့ချင်အန်ချင်ဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း အစရှိသည့် အစာအဆိပ်သင့်သော ဝေဒနာများ ခံစားရတတ်ကြောင်း သိရှိရသည်။

Most Popular

Healthy Life Ad
To Top