Healthy Life Ad
Health Tips

ကျန်းမာသောဘဝကို ဖော်ဆောင်ပေးမည့် ဟင်းသီးဟင်းရွက်စိမ်းလေးမျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် အထူးသင့်တော်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်သလို အာဟာရဓာတ်တွေလည်း များစွာပါဝင်နိုင်ပါတယ်။ တချို့အရွက်တွေဆိုရင် ကင်ဆာရောဂါကိုတောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒီလိုထိရောက်တဲ့ ကောင်းကျိုးတွေရစေဖို့ အဓိကစားသင့်တဲ့ ဟင်းသီးဟင်းရွက်ကို သိရှိထားဖို့ လိုပါလိမ့်မယ်။

ကင်ဆာကာကွယ်နိုင်သည့် ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း စားမလားဆိုရင် စဉ်းစားမနေပါနဲ့။ ခေါင်းသာငြိမ့်လိုက်ပါ။ ဘာလို့လဲဆိုရင် ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်မှုက တခြားအစာတွေထက် ပိုများပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့နဲ့ အမျိုးတူဖြစ်ပြီး ပါဝင်တဲ့ဒြပ်ပေါင်းတွေက ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ အတည်ပြုထားပါတယ်။ ပန်းဂေါ်ဖီစိမ်းကို ချက်ပြုတ်စားသောက်လို့ရသလို အစိမ်းလည်း စားလို့ရပါတယ်။

သတိပြုရန်

သတိထားရမှာကတော့ ပန်းဂေါ်ဖီစိမ်းကို ချက်တဲ့နေရာမှာ အကျက်မလွန်စေဖို့ လိုပါတယ်။ ဝါးဝစ်တက္ကသိုလ်လေ့လာမှုအရ ဟင်းသီးဟင်းရွက်တွေကို ရေဆူဆူမှာ အချိန် ၁၀ မိနစ်ထက် ပိုပြုတ်ထားပါက ကင်ဆာကာကွယ်နိုင်တဲ့ ဒြပ်ပေါင်း ၇၇ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပူချိန် အတော်အသင့်နဲ့သာ ချက်ပြုတ်စားသောက်သင့်ပြီး ကယ်လိုရီတွေပါတဲ့ ဒိန်ခဲတွေ၊ ခရင်မ်အခြေခံတဲ့ တခြားအရာတွေ ထည့်မချက်သင့်ပါ။

ကိုလက်စထရော ကျစေသည့် ကိုက်လန်

ကိုက်လန်ဟာလည်း ဂေါ်ဖီမျိုးနွယ်စုပဲဖြစ်ပြီး ကင်ဆာဆဲလ်တွေကို ခုခံပေးတတ်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ ကိုက်လန်ကို ရေနွေးဖျောပြီး စားပေးရင် ကိုလက်စထရောဓာတ်ကို ကျစေနိုင်ပါတယ်။

သတိပြုရန်

ကိုက်လန်ကို ရေနွေးပူပူနဲ့ ကြာကြာပြုတ်ထားရင်တော့ ကင်ဆာကာကွယ်နိုင်တဲ့ဓာတ်တွေ အကုန်ကင်းစင်သွားမှာဖြစ်ပါတယ်။ ရေနွေးဖျောတာ၊ မွှေကြော်တာနဲ့ မိုက်ခရိုဝေ့ဖ်နဲ့ချက်တာတွေကတော့ အရွက်ထဲက ကင်ဆာကာကွယ်နိုင်တဲ့ ဓာတ်တွေကို မထိခိုက်ဘဲ ကျန်ရှိနေစေပါတယ်။ ကိုက်လန်ရဲ့ အရွက်ထဲမှာ ကိုလက်စထရောကျစေတဲ့ အစွမ်းတွေပါရှိနေပြီးတော့ အဆီပိုတွေ စုနေတာကိုလည်း လျော့ကျစေပါတယ်။ လေ့လာမှုအရ နေ့စဉ်ကိုက်လန်ကို စားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို များစွာကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ဉာဏ်ထက်သန်စေသည့် ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်က ကယ်လိုရီနည်းပါးပြီး ဗီတာမင် အေ၊ စီး၊ အီးနဲ့ ကေ စတဲ့ ဗီတာမင်အများအပြား ပါဝင်ပြီး သံဓာတ်နဲ့ ကယ်လ်စီယမ်လည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အမျိုးသမီးတွေ လိုအပ်တဲ့ ဖော်လစ်အက်စစ်ဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ ဟင်းနုနယ်ရွက် ရဲ ့ အစိမ်းရောင်အရွက်တွေထဲမှာ ဦးနှောက်ကို ကြည်လင်ထက်မြက်လာစေနိုင်တဲ့ ထရိုင်ရိုဆင်နဲ့ အမိုင်နိုအက်စစ်တွေလည်း ပါဝင်ပါတယ်။

သတိပြုရန်

တကယ်လို့ ဟင်းနုနယ်ရွက်ကို ကြော်စားရတာ အရသာမရှိရင် ရေနွေးဖျောကာ နှမ်း၊ ကြက်သွန်နီ စတာတွေနဲ့ သုပ်ပြီး စားနိုင်ပါတယ်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီမျိုးနွယ်ဝင် အသီးအရွက်တွေက ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာကိုတော့ အတိအကျသိပြီး ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်မှာလည်း ဗီတာမင် အေ၊ စီနဲ့ ကေ အများအပြား ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းတိုင်းစားလို့လည်း ဒီဓာတ်တွေကို အပြည့်အဝရစေနိုင်သလို တခြားဟင်းတွေထဲ ထည့်စားရင်လည်း ရရှိနိုင်ပါတယ်။

သတိပြုရန်

ဂေါ်ဖီထုပ်ကို သန့်ရှင်းဖို့အတွက် သေချာရေဆေးပေးဖို့ လိုပါတယ်။

ကျန်းမာရေးအတွက် ထိရောက်တဲ့ ကာကွယ်မှုတချို့က ဆေးဆိုင်တွေကနေ မရနိုင်ပါဘူး။ သဘာဝထဲမှာ ဆေးကောင်းတွေရှိနေပါတယ်။ အခုလို လေ့လာစမ်းသပ်ပြီး ကောင်းကျိုးတွေများတဲ့ အစားအစာတွေကို သင့်နေ့စဉ်အစားအစာတွေထဲမှာ ထည့်သွင်းစားပေးရင် ကင်ဆာရောဂါကင်းဝေးစေပြီး ထိရောက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top