Healthy Life Ad
Health Tips

သက်သတ်လွတ်စားခြင်းတို့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သက်သတ်လွတ်အစားအစာတွေကို စားတာကြောင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

သွေးတွင်းမကောင်းသော ကိုလက်စထရော ကျစေခြင်း

အပင်ထွက်အစာတွေသာ ပါဝင်တဲ့ သက်သတ်လွတ်အစာတွေဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်လို့ တိုရွန်တိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သက်သတ်လွတ်အစာကို ပုံမှန်စားတာက ကိုလက်စထရောကျဆေး မှီဝဲသလိုပဲ ထိရောက်မှုရှိတယ်လို့ အမေရိကန် ဆေးဂျာနယ်က ဖော်ပြထားပါတယ်။ သက်သတ်လွတ်စားသူတွေ စားလေ့ရှိတဲ့ အပင်ထွက်အစာတွေမှာပါတဲ့ အမျှင်ဓာတ်တွေဟာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ မကောင်းတဲ့ ကိုလက်စထရော LDL က နှလုံးသွေးကြော ပိတ်ဆို့စေပါတယ်။

အမျှင်ဓာတ်များများ ရရှိစေခြင်း

သက်သတ်လွတ်အစာတွေက သဘာဝအားဖြင့် ပြည့်ဝဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှု များတဲ့အတွက် ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေ လျော့ကျခြင်း

လေ့လာမှုအတော်များများအရ အသားစားသူတွေနဲ့ယှဉ်ရင် သက်သတ်လွတ်စားသူတွေဟာ ကင်ဆာအမျိုးမျိုးဖြစ်နှုန်း လျော့ကျမှုရှိတာကို တွေ ့ရပါတယ်။ ယူကေလေ့လာသူတွေက ပြုလုပ်ခဲ့တဲ့ လတ်တလောလေ့လာမှုအရ သက်သတ်လွတ်စားသူတွေဟာ အသားစားသူတွေနဲ့ယှဉ်ရင် ကင်ဆာ၊ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရှိရပါတယ်။

ဆီးကျောက်တည်နိုင်ခြေ လျော့နည်းခြင်း

သက်သတ်လွတ်အစာတွေဟာ လူတွေရဲ ့ ဆီးကျောက်တည်နိုင်ခြေနဲ့ သည်းခြေကျောက်တည်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ပရိုတင်း၊ အထူးသဖြင့် တိရစ္ဆာန်ထွက် ပရိုတင်းတွေဟာ ခန္ဓာကိုယ်ကနေ အောက်ဇဲလ်လိတ်နဲ့ ယူရစ်အက်စစ် အထွက်တိုးစေပါတယ်။ ဒီဓာတ်တွေက ဆီးလမ်းကြောင်း ကျောက်တည်ရာမှာပါတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးကျောက်တည်နိုင်ခြေ များသူတွေကို သက်သတ်လွတ်စားဖို့ ဗြိတိန် လေ့လာသူတွေက အကြံပြုထားပါတယ်။

အသက်ရှည်စေခြင်း

လေ့လာမှုအမျိုးမျိုးအရ သက်သတ်လွတ်စားသူတွေက အဝလွန်တာ၊ ဆီးချိုရောဂါဖြစ်တာ၊ ကင်ဆာနဲ့ နှလုံးသွေးကြောရောဂါ အစရှိတဲ့ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေ အများကြီး လျော့နည်းတယ်လို့ သိရပါတယ်။ ဒီရောဂါဝေဒနာတွေဟာ လူတွေရဲ ့သက်တမ်းကို တိုစေတဲ့အချက်တွေ ဖြစ်တဲ့အတွက် သက်သတ်လွတ်စားသူအများစုဟာ အသက်ရှည်ပြီး ကျန်းမာစေပါတယ်။

ဆီးချိုရောဂါမဖြစ်စေရန် ကာကွယ်ပေးခြင်း

အဆီနည်းတဲ့ သက်သတ်လွတ်အစာတွေကို စားပြီး ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် ဆီးချိုရောဂါကို ကောင်းကောင်းထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

ကိုယ်အလေးချိန် လျော့ကျခြင်း

ယူကေ ကင်ဆာလေ့လာမှုက ပြုလုပ်တဲ့ သုတေသနတစ်ခုအရ အသားစားတဲ့သူတွေက သက်သတ်လွတ်စားသူတွေထက် ငါးနှစ်အတွင်း ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ လေ့လာမှုအရ သက်သတ်လွတ် စားသူတွေက အသက်ပိုကြီးလာလေလေ၊ ကိုယ်အလေးချိန် ပုံမှန်ထိန်းနိုင်စွမ်း အားပိုကောင်းလေလေ ဖြစ်တယ်လို့ ဆိုပါတယ်။ အသားစားသူ၊ ငါးစားသူ၊ သက်သတ်လွတ်စားသူ နှစ်သောင်းနှစ်ထောင်ကို လေ့လာပြီး ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top