Healthy Life Ad
Health Tips

ခြေထောက်လှုပ်ပေးမှ သက်သာသော ရောဂါစု

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီရောဂါစုဟာ ခြေထောက်မှာ မသက်မသာဖြစ်တာ၊ ယားယံတာ၊ ထုံကျင်တာ၊ နာကျင်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာ စတာတွေကို ခံစားရတတ်တဲ့ ရောဂါစုပါ။ ဒီပြဿနာကြောင့် အိပ်လို့မပျော်တာမျိုး၊ အိပ်ပျော်ပြီး လန့်နိုးတာမျိုးတွေ ခံစားရတတ်ပါတယ်။ ကံမကောင်းစွာပဲ လူအများစုဟာ RLS ဝေဒနာကို ခံစားနေကြရပြီး တစ်ညမှာ စက္ကန့် ၂၀-၃၀ ကြာတိုင်း တစ်ကြိမ် ခြေထောက်ကို လှုပ်ပေးနေရပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ကာ အိပ်ရေးမဝတတ်ကြပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ဟာလည်း ခြေထောက်လှုပ်တဲ့ဝေဒနာကို ခံစားနေရတာကြောင့် အိပ်ရေးပျက်နေရပြန်ပါတယ်။ ဒါကြောင့် RLS ဝေဒနာ ခံစားနေရသူတို့အနေနဲ့ အောက်ပါအပြုအမူတွေကို လိုက်နာပြီး သက်သာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

၁။ မအိပ်ခင် လမ်းလျှောက်ပေးပါ

ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို အလွန်အကျွံမလုပ်ပါနဲ့။ ဒီလေ့ကျင့်ခန်းတွေကို မအိပ်ခင်လုပ်ပေးရင် နိုးကြားနေစေပါတယ်။ မအိပ်ခင်မှာ ဖြေးဖြေးနဲ့ ညင်ညင်သာသာ လမ်းလျှောက်ပေးပါ။

၂။ အကြောဆန့်ပေးပါ

ခြေထောက်အကြောတွေကို အချိန်ငါးမိနစ်လောက် ဆန့်ထုတ်ပေးပါက ခြေထောက်တွေကို အညောင်းပြေကာ အနားရစေပါတယ်။

၃။ ဆေးလိပ်ငွေ့နှင့် ဝေးဝေးမှာနေပါ

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်ပါက RLS အန္တရာယ်ကို နှစ်ဆခန့်မြင့်တက်စေကြောင်း သိရပါတယ်။

၄။ ခြေထောက်များကို နွေးအောင်ထားပါ

လဲလျောင်းနေတဲ့အချိန်မှာ ခြေထောက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးတာမျိုးက ခြေထောက်တွေကို နွေးထွေးစေပါတယ်။

၅။ ဟစ်စတာမင်းတားဆေးဝါးကို ရှောင်ပါ

မိမိဘာသာဝယ်လို့ရတဲ့ ဟစ္စတာမင်းတားဆေးဝါးတွေဟာ RLS ဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် အဆိုပါဆေးဝါးတွေကို မသောက်သင့်ပါဘူး။

၆။ သံဓာတ်နှင့် ဖောလိတ်အဆင့်ကို စစ်ဆေးပါ

သင့်အနေနဲ့ ဗီတာမင်အားဆေးတွေကို မှီဝဲနေရင်တောင်မှ တချို့အမျိုးသမီးတွေမှာ သွေးအားနည်းရောဂါကြောင့် ခြေသလုံးကြွက်တက်ခြင်းနဲ့ RLS ဝေဒနာတို့ကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်နဲ့ ဖောလိတ်ချို့တဲ့ခြင်း ရှိ၊ မရှိ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပါ။

၇။ သံဓာတ်ပေါကြွယ်ဝသော အစားအစာစားပါ

ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းမှာ သံဓာတ်ပါဝင်မှုများတဲ့ အနီရောင်အသား၊ ဥအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးရင် သံဓာတ်နဲ့ ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top