Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်စဉ် အအေးမိခြင်းနှင့် တုပ်ကွေးဖျားခြင်းတို့ ခံစားရလျှင်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုယ်ဝန်ဆောင်ချိန် အတောအတွင်းမှာ အအေးမိခြင်းနဲ့ တုပ်ကွေးဖျားခြင်းတို့ ခံစားရတာဟာ အလေးထားရမယ့် ကျန်းမာရေးပြဿနာပါ။ အအေးမိဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေဟာ ပုံမှန်ထက် ကြာကြာရှိနေရင် ကိုယ်ဝန်ဆောင်မိခင်ကိုရော၊ ဗိုက်ထဲက ကလေးလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ တခြားသူတွေထက် ကိုယ်ခံစွမ်းအားစနစ် လျော့နည်းတတ်တာကြောင့် အအေးမိခြင်းနဲ့ တုပ်ကွေးဖျားခြင်းတို့ မခံစားရအောင် အထူးဂရုစိုက်သင့်ပါတယ်။

အအေးမိခြင်းနဲ့ တုပ်ကွေးဖျားခြင်းတို့ရဲ့ လက္ခဏာရပ်တွေက တူညီတတ်ပါတယ်။ ဒါပေမဲ့ ဒီဝေဒနာနှစ်ခုက ကုသမှုမတူညီတဲ့အတွက် ခြားနားချက်ကို သဘောပေါက်ထားရပါမယ်။

အအေးမိဝေဒနာလက္ခဏာရပ်များ

• ကိုယ်ပူချိန်က ၁၀၂ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်သွားရင်၊

• ညောင်းကိုက်နေရင်၊

• နှာရည်ကျနေရင်၊ နှာခေါင်းပိတ်နေရင်၊

• ချောင်းဆိုးနေရင်၊ နှာချေနေရင်၊

• ခေါင်းကိုက်နေရင်

တုပ်ကွေးလက္ခဏာရပ်များ

• ကိုယ်အပူချိန်က ၁၀၂ ဒီဂရီဖာရင်ဟိုက်ကျော်ရင်၊

• နှာခေါင်းပိတ်ရင်၊

• ချမ်းတုန်ဖျားရင်၊

• တစ်ကိုယ်လုံးညောင်းကိုက်ရင်၊

• ချွေးထွက်များရင်၊

• ခေါင်းကိုက်ရင်

ဒါတွေဟာ ဒီဝေဒနာနှစ်ရပ်လုံးရဲ့ အဖြစ်များတဲ့ လက္ခဏာရပ်တွေဖြစ်ပြီး ဒီလက္ခဏာရပ်တွေကို ခံစားရတာနဲ့ သေချာသဘောပေါက်သင့်တာက ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းမှာ ဘယ်လိုဆေးဝါးကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးဆိုတာပါပဲ။ အရင်ဆုံး သင်ပြသနေတဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

အိမ်တွင်းကုထုံးများ

အအေးမိခြင်းနဲ့ တုပ်ကွေးကွေးခြင်း သက်သာအောင် အိမ်မှာဆောင်ရွက်သင့်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အနားကောင်းကောင်းယူပါ။ အိမ်အလုပ်တွေကို အလွန်အမင်းမလုပ်ပါနဲ့။

၂။ ရေ၊ သစ်သီးဖော်ရည် စတဲ့ အရည်တွေကို များများသောက်ပါ။

၃။ ကြက်စွပ်ပြုတ်ပူပူကို သောက်ပါ။

၄။ ဆားရေနဲ့ ပလုတ်ကျင်းပေးပါ။ ဒါဟာလည် ချောင်းနာသက်သာစေပါတယ်။

၅။ ရေနွေးငွေ့ကို ရှူရှိုက်ပေးပါ။ ဒီနည်းလမ်းဟာ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းသွားစေပါတယ်။

Most Popular

Healthy Life Ad
To Top