Healthy Life Ad
Health Tips

ကျန်းမာရေးကောင်းမွန်စေရန် လှုံ့ဆော်ပေးနိုင်သည့်အရာ ၁၀ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ခန္ဓာကိုယ်စမတ်ကျပြီး ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် သင့်ကိုလှုံ့ဆော်ပေးနိုင်တဲ့ အရာတွေဟာ သင်နဲ့လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။ အဲဒီအရာတွေကို အသုံးချပြီး အစားအသောက်ကို မှန်မှန်ကန်ကန် စားတတ်အောင်၊ လေ့ကျင့်ခန်းကောင်းကောင်း လုပ်ဖြစ်အောင်နဲ့ ခန္ဓာကိုယ် စမတ်ကျလှပနေအောင် ကြိုးစားသင့်ပါတယ်။

(၁) တေးဂီတဆိုတာ လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့အတွက် အဓိကသော့ချက်ပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ တေးသီချင်းဖွင့်ထားပြီးမှ လုပ်ဆောင်ပါ။

(၂) တစ်ပတ်တာလုံး သင်ဟာ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကောင်းကောင်းစားသောက်ခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ အစားအသောက်မဝယ်ပါနဲ့။ ခန္ဓာကိုယ်လိမ်းလိုးရှင်း ဒါမှမဟုတ် ပန်းဝယ်ပါ။

(၃) လေ့ကျင့်ခန်းလုပ်ရတာ စိတ်ပါတဲ့ သူငယ်ချင်းကို ကစားဖော်အဖြစ် ထားရှိပါ။ သူနဲ့အတူ တနင်္ဂနွေနေ့တိုင်း လေ့ကျင့်ခန်းလုပ်ပေးရင်ကို သင့်အတွက် တော်တော်အကျိုးရှိနေပါပြီ။

(၄) သင်မကြာခဏ မြင်တွေ့နိုင်တဲ့ ပြက္ခဒိန်ပေါ်မှာ လေ့ကျင့်ခန်းလုပ်ဖြစ်ပြီး အာဟာရရှိတာကို ရွေးစားဖြစ်တဲ့နေ့ကို မှတ်သားထားပါ။ ဒါကို တွေ့မြင်နေရရင် လေ့ကျင့်ခန်းလုပ်ပြီး အစာကောင်းကောင်း စားချင်တဲ့စိတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်။

(၅) တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်နိုင်မယ့်အချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်ကို မပျက်ကွက်အောင် ထိန်းသိမ်းပေးပါ။

(၆) လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်မှသာ ချွေးစိုနေတဲ့ အားကစားဝတ်စုံကို ချွတ်ပါ။ ဆိုလိုတာက ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးဖို့ပါ။

(၇) သင်ဟာ တီဗီကြည့်ရတာ ကြိုက်သူဆိုရင် အားကစားအစီအစဉ်ပါတဲ့ တီဗီပရိုဂရမ်ကိုကြည့်ပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။

(၈) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတာဟာ သင့်ကို အခုထက်ပိုပြီး လှပလာစေပါတယ်။ ဒိန်ချဉ်တစ်ခွက်ထဲ သစ်သီးတွေထည့်စားတာမျိုး၊ ဟင်းရွက်သုပ်များများစားတာမျိုး ပြုလုပ်ပေးပါ။

(၉) အားကစားမလုပ်ခင် အခြေအနေနဲ့ အားကစားလုပ်ပြီး အခြေအနေကို ပြန်လည်သုံးသပ်ပါ။ အားကစားလုပ်ပြီးသွားတဲ့အချိန်မှာ သင်ဟာ ပိုပြီးပေါ့ပါးသွက်လက်လာတာကို သဘောပေါက်သွားပြီး အားကစားလုပ်ချင်စိတ် စွဲမြဲလာပါလိမ့်မယ်။

(၁၀) ရေသောက်ပါ။ ရေဟာ အာရုံစူးစိုက်အားကို ကောင်းမွန်စေကာ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

Most Popular

Healthy Life Ad
To Top