Healthy Life Ad
Health Tips

နှာချေ၊ ချောင်းဆိုးချိန်မှာ ဆီးစိမ့်ထွက်နေလျှင်

နှာချေလိုက်ရုံ၊ ချောင်းဟန့်လိုက်ရုံနဲ့ ဆီးတွေစိမ့်ထွက်နေရင် ကိုယ်အလေးချိန် များနေသလား ဆန်းစစ်ပြီး များနေရင် လျှော့ချရပါမယ်။ ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆီးဝမ်းထိန်း ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုပါတယ်။

ကိုယ်အလေးချိန်များခြင်းနဲ့ ဆေးလိပ်သောက်ခြင်း နှစ်မျိုးစလုံးဟာ ဖိအားကြောင့် ဆီးထွက်တဲ့ ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အသက်အရွယ်၊ ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်ဝန်ဆောင်ခြင်း စတဲ့ အချက်တွေဟာလည်း ဆီးဝမ်းထိန်းကြွက်သားတွေကို အားလျော့စေပြီး ဆီးလမ်းကြောင်းရဲ့ စွမ်းဆောင်နိုင်မှုကို လျော့ကျစေပါတယ်။

ဆီးဝမ်းထိန်းကြွက်သားတွေ သန်မာနေအောင် ဆီးသွားနေစဉ် တန့်လိုက်၊ သွားလိုက်လုပ်ပေးပါ။ ထိုင်နေရင်းနဲ့လည်း ဆီးဝမ်းထိန်းကြွက်သားတွေကို သုံးစက္ကန့်လောက် ကျုံ့လိုက်၊ သုံးစက္ကန့်လောက် ဖြေလျှော့လိုက် လုပ်ပေးပါ။ တစ်ကြိမ်မှာ ၁၀ ကြိမ်ခန့်နဲ့ တစ်နေ့သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးနေရက်နဲ့ ဆီးစိမ့်ထွက်နေတုန်းပဲဆိုရင် လူအများကြားသွားရတဲ့အခါ အတွင်းခံဘောင်းဘီထဲမှာ ဂွမ်းထုပ် (Pad) ကို ခံထားပေးပါ။

ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ဆီးဝမ်းထိန်းကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း စတဲ့ အချက်တွေကို လိုက်နာတာတောင် နှာချေ၊ ချောင်းဆိုးတဲ့အခါ၊ ပစ္စည်းတစ်ခုခုကို ကောက်တဲ့အခါတွေမှာ ဆီးစိမ့်ထွက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်နေပါပြီ။

Most Popular

Healthy Life Ad
To Top