Healthy Life Ad
Health Tips

နားအကြားအာရုံ ဆုံးရှုံးမှုဖြစ်စေနိုင်သည့် ထိပ်တန်းအကြောင်းရင်းများ

——–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——–

အောက်ပါအကြောင်းရင်းတွေဟာ နားအကြားအာရုံထိခိုက်မှုကို ဖြစ်စေနိုင်တဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။


(၁) ဆူညံသံများသောလုပ်ငန်းခွင်တွင် အလုပ်လုပ်ခြင်း

အဆက်မပြတ်ကျယ်လောင်တဲ့ ဆူညံသံကို ရေရှည်ကြားရတာကြောင့် အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်များဆုံး ထိခိုက်မှုက လုပ်ငန်းခွင်ဆူညံသံပဲ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဆူညံသံကို အဆက်မပြတ်ကြားရတဲ့အခါ နားကိုအကာအကွယ်ပေးနိုင်တဲ့ နားအကာ (Earplugs) တပ်ထားသင့်ပါတယ်။


(၂) ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဖိအားအပြောင်းအလဲ

ဦးခေါင်းကို အပြင်းအထန်ထိခိုက်တာကြောင့် အလယ်နားရိုးပြုတ်ထွက်တာ ဒါမှမဟုတ် နာ့ဗ်ကြောထိခိုက်တာတို့ဖြစ်ပြီး အကြားအာရုံဆုံးရှုံးမှုကို ရာသက်ပန်ဖြစ်စေနိုင်ပါတယ်။ လေယာဉ်စီးတာ၊ ရေငုပ်တာ စတဲ့ ဖိအားအပြောင်းအလဲ ဖြစ်တာကြောင့် နားစည်၊ အလယ်နား၊ အတွင်းနားထိခိုက်ပြီး အကြားအာရုံ ဆုံးရှုံးစေနိုင်ပါတယ်။ နားစည်ဟာ သီတင်းပတ်အနည်းငယ်အတွင်း အလိုလို အနာကျက်နိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာသာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ နားထဲကို ဂွမ်းစဆို့တာက မကောင်းပါဘူး။ နားစည်ပေါက်တာနဲ့ အကြားအာရုံထိခိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။


(၃) ဆေးဝါးအချို့

ဆေးဝါးတချို့ဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတချို့နဲ့ ကင်ဆာဆေးတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ တချို့သော အကြားအာရုံ ဆုံးရှုံးမှုက ယာယီပဲဖြစ်ပါတယ်။ အက်စ်ပရင်ဆေး၊ အကိုက်အခဲပျောက်ဆေး(NSAIDs)နဲ့ ပါရာစီတမော စတာတွေကို ပုံမှန်သုံးစွဲတာကြောင့် အကြားအာရုံဆုံးရှုံးမှုကို တိုးစေနိုင်ပါတယ်။


(၄) နာတာရှည် ရောဂါများ

နားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ နာတာရှည်ရောဂါတချို့ကြောင့် အကြားအာရုံဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ အတွင်းနားထဲကို သွေးစီးဆင်းမှု အဟန့်အတားဖြစ်တာကြောင့် ဖြစ်ရတာပါ။ နှလုံးရောဂါ၊ လေဖြတ်တာ၊ သွေးတိုးတာနဲ့ ဆီးချိုရောဂါတို့ကြောင့် ဖြစ်တတ်သလို ရူမတွိုက်အဆစ်ရောင်နာလို ရောဂါနဲ့လည်း ဆက်စပ်မှုရှိပါတယ်။


(၅) အကျိတ်

ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ နားစည်ကိုပိတ်စေနိုင်ပြီး အကြားအာရုံ ဆုံးရှုံးစေနိုင်ပါတယ်။ တချို့လူနာတွေမှာ အကျိတ်ကို ဖယ်ရှားကုသလိုက်မှ အကြားအာရုံ ပြန်လည်ကောင်းမွန်လာပါတယ်။


(၆) ပေါက်ကွဲသံများ

အမေရိကန်လူမျိုး ၁၇ ရာခိုင်နှုန်းနီးပါးဟာ အကြားအာရုံဆုံးရှုံးမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေကြပါတယ်။ အလွန်ကျယ်လောင်တဲ့ ဆူညံသံကို ရုတ်တရက်ဖန်တီးကြတာကြောင့်ပါ။ ဗျောက်အိုးဖောက်တာ၊ မီးရှုးမီးပန်းလွှတ်တာ၊ သေနတ်ပစ်တာ အစရှိတဲ့ ပေါက်ကွဲသံတွေကြောင့် နားစည်ပေါက်ကွဲတာနဲ့ အတွင်းနားထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ ချက်ချင်းဖြစ်ပေမယ့် ရာသက်ပန် အကြားအာရုံဆုံးရှုံးမှု ဖြစ်တတ်ပါတယ်။


(၇) ဆူညံလွန်းသည့် တေးဂီတဖျော်ဖြေပွဲ

ကျယ်လောင်တဲ့ တေးဂီတဖျော်ဖြေပွဲမှာ သွားရောက်နားထောင်တာကြောင့် နားအူရတတ်ပါတယ်။ ကျယ်လောင်လွန်းတဲ့ ရော့ခ်ရှိုးပွဲမှာ ၁၅ မိနစ်လောက် နားထောင်ရုံနဲ့ နားအူတတ်ပါတယ်။ နားအူတာက နာရီပေါင်းများစွာ၊ နေ့ရက်ပေါင်းများစွာနဲ့ တစ်ခါတစ်ရံ သီတင်းပတ်ပေါင်းများစွာ ကြာတတ်ပါတယ်။ အကြားအာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ နားအကာ (Earplugs) တပ်ဆင်သင့်ပါတယ်။


(၈) နားကြပ်တပ်ပြီး သီချင်းနားထောင်ခြင်း

သင်နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ ဘေးကတခြားသူတွေတောင် ကြားနေရပြီလား။ ဒါဆိုရင် အသံကိုတိုးသင့်နေပါပြီ။ နားကြပ်သုံးတာကြောင့် နားကြားနိုင်စွမ်းကို ယာယီပြောင်းလဲစေနိုင်ပါတယ်။ အသံကကျယ်ပြီး သီချင်းနားထောင်ချိန် ကြာလေလေ၊ နားအကြားအာရုံ ထိခိုက်နိုင်ခြေများလေလေ ဖြစ်ပါတယ်။


(၉) နားဖာချေးပိတ်ဆို့ခြင်း

နားဖာချေးဟာ နားစည်ကို အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နားဖာချေးထူထဲမာကျောလာရင် အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါ နားကိုက်တာနဲ့ နားပိတ်ဆို့တာလို ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ နားဖာချေးကို မိမိဘာသာ မဖယ်ပါနဲ့။ ဆရာဝန်နဲ့ ပြသင့်ပါတယ်။


(၁၀) ကလေးဘဝ နာမကျန်းဖြစ်ခြင်း

ကလေးဘဝ နာမကျန်းဖြစ်တာကြောင့် အကြားအာရုံဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ နားထဲပိုးဝင်တာကြောင့် နားထဲအရည်တွေပြည့်ကာ အကြားအာရုံ ထိခိုက်စေနိုင်ပါတယ်။ ကလေးဘဝမှာ ကာကွယ်ဆေးထိုးနှံတာကြောင့် ရောဂါအမျိုးမျိုးမဖြစ်အောင် ကာကွယ်နိုင်ပြီး အကြားအာရုံမထိခိုက်အောင် ကာကွယ်ရာရောက်ပါတယ်။

(၁၁) မွေးရာပါ အကြားအာရုံဆုံးရှုံးခြင်း

တချို့ကလေးတွေက မွေးရာပါ အကြားအာရုံ ဆုံးရှုံးမှုရှိတတ်ပါတယ်။ ဒီလိုဖြစ်တာက မျိုးရိုးလိုက်တတ်သလို ကိုယ်ဝန်ဆောင်စဉ် ပိုးဝင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။


(၁၂) အသက်ကြီးခြင်း

အသက်ကြီးလာလေလေ၊ အကြားအာရုံ အားနည်းလာလေလေပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးတာနဲ့ ဆက်စပ်တဲ့ အကြားအာရုံဆုံးရှုံးမှုဟာ အတွင်းနားအမွှေးဆဲလ် ဆုံးရှုံးတာကြောင့် ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top