Healthy Life Ad
Life Style

အာရုံပြားခြင်း၏ ဘေးထွက်ဆိုးကျိုး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

စာရေးသူရဲ့ မိတ်ဆွေကိုတာက အိမ်ထဲရောက်ရောက်ချင်း ညည်းတွားပါတယ်။

“ဒီနေ့ ခင်ဗျားအိမ်ကို အလည်လာရတာ အရမ်းဈေးကြီးသွားပြီ ကိုအုန်းကျော်”

“ဘာဖြစ်လို့လဲ။ ဇိမ်ခံအငှားကားကြီးနဲ့ လာရလို့လား ဒါမှမဟုတ် ကားတိုက်မှုဖြစ်ခဲ့လို့လား”

“ရဲကဖမ်းပြီး နှစ်သစ်ကူးလက်ဆောင် လက်မှတ်လေးပေးလိုက်လို့ ဒဏ်ငွေဒေါ်လာတစ်ထောင်နဲ့ ပြစ်ဒဏ်အမှတ် (Demerit Point) ၃ မှတ်ကျခံရမယ်တဲ့”

“ခင်ဗျားကျူးလွန်တဲ့အမှုက . .”

“ကားမောင်းရင်း ဖုန်းပြောမိလို့ပါဗျာ။ ကျွန်တော့်အလုပ်ရှင်ဘော့စ်ရဲ့ ဖုန်းပေါ်လာလို့ ကောက်ကိုင်ပြီး ပြောမိတာပါ။ ရဲတွေအသုံးပြုတဲ့ လက်ကိုင်ကင်မရာထဲမှာ ပေါ်လာလို့ ဓာတ်ပုံရိုက်ပြီး ကားရပ်ခိုင်းတာဗျ။ ဒါသူတို့ ဝင်ငွေရှာတာဗျ”

“သူတို့က ဥပဒေအရ ဆောင်ရွက်ရတာပါ။ သူတို့အတွက် ဝင်ငွေရှာတာ မဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးတစ်ယောက် သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ကျော်ပြီး ကားမောင်းတာ ဖမ်းမိလို့ ဒဏ်ခတ်ခံရတဲ့ သတင်းကို ခင်ဗျားဖတ်မိတယ်မဟုတ်လား”

သွေးဆူနေတဲ့ ကိုတာကို ဖျောင်းဖျပြောရတယ်။

“လာပါဗျာ။ ထိုင်ပါ။ အေးအေးဆေးဆေးပေါ့။ ဘာသောက်မလဲ၊ ဘီယာလား၊ ဝိုင်လား”

ကိုတာက ခဲမှန်ဖူးတဲ့ စာသူငယ်လို မျက်နှာထားနဲ့ အဖြေပေးပါတယ်။

“အိမ်ပြန်ရင် ကားမောင်းရဦးမှာဗျ။ ရေနွေးကြမ်းပဲ သောက်တော့မယ်”

မေမေစတိုးဆိုင်က ဝယ်ထားတဲ့ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းသောက်ပြီး စိတ်ပြေသွားပုံရတဲ့ ကိုတာက စူးစမ်းမေးမြန်းတယ်။

“လွန်ခဲ့တဲ့ ၆ လလောက်က သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိလို့ ဒေါ်လာ ၃၀ဝ ပဲ ဒဏ်ခတ်ခံရတယ်။ အခုဟာက မများလွန်းဘူးလား”

“မတော်တဆ ကားတိုက်မှုဖြစ်ပွားဖို့ အလားအလာများတဲ့ အပြုအမူပေါ် မူတည်တယ်ထင်ပါတယ်”

“ရှင်းပြပါဦး”

“မတော်တဆ ယာဉ်တိုက်မှုဖြစ်စေတဲ့ အဓိကအကြောင်းရင်း ၁၀ မျိုး ရှိတယ်။ အဲဒီအထဲမှာ နံပါတ် (၁) တရားခံက ကားမောင်းနေရင်း လက်ကိုင်ဖုန်းပြောခြင်းနဲ့ “တက်မက်ဆေ့ချ်” ရိုက်ခြင်းလို့ သိရတယ်။ တခြားအကြောင်းရင်းတွေကို ကြီးစဉ်ငယ်လိုက်ပြောမယ်။ အရက်မူး၊ မူးယစ်ဆေးမူးနေစဉ် ကားမောင်းခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ၁၀ ကီလိုမီတာပိုပြီး အရှိန်ပြင်းပြင်းမောင်းခြင်း၊ မဆင်မခြင် လမ်းကြောင်းပြောင်းခြင်း၊ တဇွတ်ထိုးကျော်တက်ခြင်း၊ မိုးရွာနေစဉ်မှာ အရှိန်မလျှော့ဘဲ မောင်းခြင်း၊ ကားစက်ကိရိယာ ချို့ယွင်းခြင်း၊ ရှေ့ကားကို နောက်ကအနီးကပ် လိုက်လံမောင်းခြင်းနဲ့ အကွေ့မှာ အချက်မပြဘဲ ဗြုန်းကနဲ ချိုးဝင်ခြင်းတို့ ဖြစ်ပါတယ်”

ကိုတာက ကြားဖြတ်မေးခွန်းထုတ်တယ်။

“အန္တရာယ်ကင်းကင်း ကားမောင်းနိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေက ဘာတွေလဲ”

“အဓိကအချက်က အာရုံစူးစိုက်နိုင်တာပဲ။ နောက်ပြီး ခြေလက်လှုပ်ရှားမှုကို ညှိနှိုင်းထိန်းချုပ်နိုင်မှုနဲ့ အချိန်မီတုံ့ပြန်နိုင်မှုရှိဖို့လည်း လိုအပ်တယ်။ ပတ်ဝန်းကျင်အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းနဲ့ လိုအပ်သလို တုံ့ပြန်နိုင်အောင် အလျင်အမြန်ဆုံးဖြတ်နိုင်ဖို့လည်း လိုအပ်ပါတယ်”

“အဲဒီလို အရည်အချင်းတွေက ကားမောင်းတတ်ရင် အလိုအလျောက်ဖြစ်ပေါ်လာတာပဲ မဟုတ်ဘူးလား”

“မှန်ပါတယ်။ အကျင့်ရှိလာတယ်။ အင်္ဂလိပ်လိုဆိုတော့ (Second Nature) ဖြစ်လာတာပေါ့။ ဒါပေမဲ့ အရက်မူးပြီး ကားမောင်းရင် အာရုံစိုက်နိုင်မှု ချို့ယွင်းမယ်။ ခြေလက်လှုပ်ရှားတုံ့ပြန်မှု လေးလံထိုင်းမှိုင်းနေမယ်၊ တဇွတ်ထိုးလုပ်ချင်စိတ်ပေါက်မယ်၊ လျင်လျင်မြန်မြန် ဆုံးဖြတ်နိုင်မှုစွမ်းရည် ကျဆင်းမယ်။ ဒါကြောင့် ကားတိုက်မှုဖြစ်ပေါ်ဖို့ အခြေအနေမျိုး ဖြစ်လာတာပေါ့”

“စိတ်ရောဂါရှိသူတွေထဲမှာ မတော်တဆ ကားတိုက်မှုဖြစ်ပွားနှုန်းက သာမန်နှုန်းထက် ၂ ဆလောက် ပိုမိုများပြားပါတယ်။ ဒါပေမဲ့ ဝါလုံးရှည်ကြီးနဲ့ သိမ်းကျုံးရိုက်သလိုတော့ စိတ်ရောဂါရှိသူတိုင်း ကားမမောင်းရဆိုပြီး အမိန့်မထုတ်သင့်ဘူး။ သူတို့ရဲ့ လူမှုအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ သြစတြေးလျနိုင်ငံမှာ”. . .

ကိုတာက သူ့ဘက်ကိုဆွဲပြီး စောဒကတက်ပါတယ်။

“ကားမောင်းရင်း ဖုန်းပြောရင် အဲဒီလောက်အခြေအနေ မဆိုးဘူးလို့ ကျွန်တော်ထင်ပါတယ်”

“ပိုပြီးဆိုးရွားနိုင်ပါတယ်။ ကားမောင်းရင်း ဖုန်းပြောနေရင် ပြောဆိုနေတဲ့ ကိစ္စကိုပဲ စဉ်းစားနေမယ်၊ စိတ်ကူးထဲမှာ ကိုယ်ပြောဆိုနေတဲ့ အကြောင်းအရာတွေကို မြင်ယောင်လာမယ်။ ဒီတော့ ကားရှေ့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတိမမူမိတာ ရှိနိုင်တယ်။ တက်မက်ဆေ့ချ်ရိုက်နေရင် မျက်လုံးက တယ်လီဖုန်းပေါ် ရောက်နေတော့ ပိုပြီးဆိုးတာပေါ့။ နောက်ပြီး လက်တစ်ဖက်က မအားတော့ လက်တစ်ဖက်တည်းနဲ့ ကားမောင်းသလို ဖြစ်နေမယ်။ ဒီတော့ “စတီရာရင်း”ကို ထိန်းချုပ်နိုင်အား လျော့နည်းမယ်။ မိုဘိုင်းဖုန်းထဲမှာ ပြောဆိုနေတဲ့ အကြောင်းအရာပေါ် မူတည်ပြီး စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာတော့ အရှိန်ပြင်းပြင်း မောင်းမိတာတို့၊ ဒေါသနဲ့ ဘရိတ်အုပ်မိတာတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းရင်း ဖုန်းပြောနေတာက အရက်မူးပြီး ကားမောင်းတာထက် အပြစ်ရှိတယ်လို့ သတ်မှတ်ထားတာပါ။ နောက်ပြီး လူတိုင်းက အရက်သောက်ပြီး ကားမောင်းနေတာမဟုတ်ဘူး။ အခုခေတ်မှာ ကားမောင်းသူတိုင်းရဲ့ အိတ်ထဲမှာ ဖုန်းဆောင်ထားတာ ရှိပါတယ်။ သြစတြေးလျနိုင်ငံမှာ မတော်တဆ ကားတိုက်မှုအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းက ကားမောင်းနေရင်း မိုဘိုင်းဖုန်းပြောတာကြောင့် ဖြစ်ပွားတာလို့ သိရတယ်။ ဒါကြောင့် ဒီဥပဒေချိုးဖောက်သူကို ထိထိရောက်ရောက် ဒဏ်ခတ်တာပါ”

ကိုတာက ရေနွေးကြမ်းတကျိုက်သောက်ချရင်း တိုးတိုးလေး ရေရွတ်တယ်။

“အချိန်မှား၊ နေရာမှားကို ရောက်သွားလို့ ကျွန်တော်ကံဆိုးတာပါ။ လူတိုင်းဒီလိုပဲ လုပ်နေကြတာပဲ”

“လူတိုင်းတော့ မဟုတ်ဘူး။ သြစတြေးလျနိုင်ငံမှာ ကားမောင်းသူ ၅ ရာခိုင်နှုန်းက ကားမောင်းနေရင်း ဖုန်းပြောနေတာ တွေ့ရှိရတယ်။ အမေရိကန်နိုင်ငံမှာ ၁၈ ရာခိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံမှာ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။

ကိုတာက သူဒဏ်ငွေတစ်ထောင် ဆောင်ရမှာကို မကျေမနပ် ခံစားနေရတုန်းပါပဲ။ ငြင်းဆိုချက်ထွင်ပြီး (Rationalise) စောဒကတက်ပါတယ်။ မြားဦးက စာရေးသူဘက် ဦးတည်လာတယ်။

“ဒီလိုဆိုရင် စိတ်ရောဂါလူနာတွေကို ဘာကြောင့် ကားမောင်းခွင့်ပေးထားလဲ။ စိတ်ရောဂါရှိရင် အာရုံမစိုက်နိုင်တာ၊ တဇွတ်ထိုးလုပ်တတ်တာ၊ ဆုံးဖြတ်နိုင်စွမ်း လျော့နည်းတာ၊ သူတို့သောက်သုံးနေရတဲ့ ဆေးကြောင့် အိပ်ငိုက်တာတို့ ရှိနိုင်တယ်မဟုတ်ဘူးလား”

“ခင်ဗျားပြောတာ မှန်ပါတယ်။ စိတ်ရောဂါရှိသူတွေထဲမှာ မတော်တဆ ကားတိုက်မှုဖြစ်ပွားနှုန်းက သာမန်နှုန်းထက် ၂ ဆလောက် ပိုမိုများပြားပါတယ်။ ဒါပေမဲ့ ဝါလုံးရှည်ကြီးနဲ့ သိမ်းကျုံးရိုက်သလိုတော့ စိတ်ရောဂါရှိသူတိုင်း ကားမမောင်းရဆိုပြီး အမိန့်မထုတ်သင့်ဘူး။ သူတို့ရဲ့ လူမှုအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ သြစတြေးလျနိုင်ငံမှာ စိတ်ရောဂါရှိသူတွေထဲမှာ ၄၄ ရာခိုင်နှုန်းက တရားဝင် ကားမောင်းလိုင်စင် ရှိပါတယ်”

“ဘယ်လိုစိတ်ရောဂါမျိုး ခံစားနေရရင် ကားမောင်းခွင့်လိုင်စင် ရပ်ဆိုင်းသင့်သလဲ”

“ရောဂါအမည်ပေါ်မှာ မူမတည်ပါဘူး။ ရောဂါအခြေအနေဆိုးရွားမှု၊ ညွှန်ကြားချက်အတိုင်း ကုသမှုအစီအစဉ်ကို လူနာက လိုက်နာမှု၊ ဆေးကြောင့်ဖြစ်ပွားတဲ့ ဘေးထွက်ဆိုးကျိုး စတဲ့အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရတယ်။ သြစတြေးလျနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်အများစုမှာ ကျင့်သုံးတဲ့ စည်းမျဉ်းဥပဒေ ရှိပါတယ်”

“ရှင်းပြဗျာ”

ပြင်းထန်တဲ့ စိတ်ကျရောဂါ၊ စိတ်ကျ-စိတ်ကြွရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ ယုံမှားမှုစွဲမြဲလွန်ကဲရောဂါ (Delusional Disorder)၊ ငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါနဲ့ စိတ္တဇရောဂါ (Psychosis) တစ်မျိုးမျိုး စတဲ့ စိတ်ရောဂါခံစားနေရရင် ကာယကံရှင်က မော်တော်ယာဉ်လိုင်စင်ဌာနကို အသိပေးရမယ့် တာဝန်ရှိတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လူနာက မလိုက်နိုင်ရင် ကုသသူဆရာဝန်က မော်တော်ယာဉ်လိုင်စင်ဌာနကို စာရေးတိုင်ကြားခွင့် ရှိပါတယ်။ လူနာရဲ့အတွင်းရေးကို ချိုးဖောက်ရာမကျဘူး”

“တခြားစိတ်ရောဂါတွေ-ဥပမာ ကြောက်စိတ်လွန်ကဲရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ၊ မပြင်းထန်တဲ့ စိတ်ကျရောဂါ၊ အစွဲအလမ်းကြီး ထပ်တလဲလဲ ပြုမူရောဂါ (OCD)၊ ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားစိတ်ဖိစီးမှုရောဂါ (PTSD)၊ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါ စတဲ့ ရောဂါတစ်ခုခု ခံစားနေရရင် မော်တော်ယာဉ်လိုင်စင်ဌာနကို မဖြစ်မနေ တိုင်ကြားရမယ့် ဥပဒေမရှိပါဘူး။ ဒါပေမဲ့ ရောဂါအခြေအနေကြောင့် မတော်တဆ ကားတိုက်မှုဖြစ်ပွားဖို့ အလားအလာများရင်တော့ ကုသသူဆရာဝန်က လိုအပ်သလို ညွှန်ကြားပေးရပါတယ်”

ကိုတာက စကားစပ်ပြီး မေးမြန်းတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အတွေ့အကြုံကို ပြောပြဗျာ”

“ကျွန်တော်မှတ်မိနေတဲ့ လူနာတစ်ယောက်ရှိတယ်။ နယူးဇီလန်နိုင်ငံမှာ အလုပ်လုပ်စဉ်က တွေ့ရှိခဲ့တဲ့လူနာပါ။ အသက် ၄၅ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသမီး နာအိုမီလို့ခေါ်ပါတယ်။ သူက ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်တယ်။ လင်မယားနှစ်ယောက်ပိုင်တဲ့ ကျောင်းအကြိုအပို့ ကျောင်းကားနှစ်စီးရှိတယ်။ နှစ်ယောက်စလုံး ကားပိုင်ရှင် ကားမောင်းသမားလုပ်ငန်းပါ။ နာအိုမီက တဖြည်းဖြည်း စိတ္တဇရောဂါတစ်မျိုး ခံစားလာရတယ်။ ပတ်ဝန်းကျင်က လူတွေက သူ့ကိုရန်မူဖို့ ကြံစည်နေကြတယ်လို့ ယုံကြည်လာတယ်။ “အယူမှားစိတ် စွဲမြဲလွန်ကဲရောဂါ”( Delusional Disorder) တစ်မျိုးပါ။ အဲဒီရောဂါကြောင့် အိမ်ခြံစည်းရိုးကို မြှင့်ထားတာ၊ ဂိတ်သော့ခလောက်ကို ပြောင်းလဲအသုံးပြုတာ၊ အိမ်တံခါးအားလုံးကို သော့ခတ်ထားတာ စတဲ့အပြုအမူတွေရှိတယ်။ ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ခုကတော့ သူ့ကိုမကောင်းကြံစည်နေတယ်လို့ ယူဆတဲ့လူကို လမ်းပေါ်မှာတွေ့ရင် နာအိုမီက အဲဒီလူနောက် နောက်ယောင်ခံလိုက်သွားပြီး စုံထောက်တဲ့အပြုအမူပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေအပြည့်နဲ့ ကျောင်းကားကိုမောင်းလာတယ်။ မီးပွိုင့်မှာ ရပ်စောင့်နေတုန်း ဘေးကကားထဲမှာ မသင်္ကာစရာ လူတစ်ယောက်ကို တွေ့လိုက်တယ်။ ဒါကြောင့် နာအိုမီက အဲဒီလူပါတဲ့ ကားနောက်ကို အလွတ်မခံဘဲ ကပ်လိုက်သွားတယ်။ ကျောင်းသားတွေကို တစ်အိမ်ချင်းလိုက်ပြီး ပို့ရတာ နောက်ကျသွားတာပေါ့။ ကျောင်းသားမိဘတွေက မကျေနပ်လို့ ကျောင်းကိုတိုင်တန်းတယ်။ ကျောင်းက ရဲဌာနကို တဆင့်တိုင်ကြားတယ်။ ရဲဌာနက စိတ်ကျန်းမာရေးစစ်ဆေးပေးဖို့ ကျွန်တော်တို့ဆေးခန်းကို ပို့လိုက်တယ်ဆိုပါတော့”

“ခင်ဗျားက ကားမောင်းလိုင်စင်ဖျက်သိမ်းပေးဖို့ ထောက်ခံလိုက်သလား”

“ကုသမှုခံယူဖို့၊ စိတ္တဇရောဂါကုသဆေးစားသုံးဖို့ သဘောတူမှု ရယူပါတယ်။ ကျောင်းကားမမောင်းသင့်ဘူးလို့တော့ ထောက်ခံချက်ပေးလိုက်တယ်။ အိမ်သုံးကားကို မောင်းသင့်/မသင့်ကတော့ နာအိုမီကုသမှုကို လိုက်နာပြီး ရောဂါအခြေအနေ အတက်အကျပေါ်မှာ မူတည်ပါတယ်။ မတင်မကျ ဖြစ်နေတယ်ပေါ့ဗျာ”

“ကျေးဇူးပါပဲ ကိုအုန်းကျော်။ မတင်မကျ ဖြစ်မနေတော့ဘဲ မမှောင်ခင် အိမ်ပြန်မှ ဖြစ်တော့မယ်။ ဘိုင် . .ဘိုင်”

“ခင်ဗျားမိုဘိုင်းဖုန်းကို ပိတ်ပြီး ကားမောင်းဗျာ။ ဖုန်းမြည်သံကြားရင် ကောက်မကိုင်နဲ့”

Most Popular

Healthy Life Ad
To Top