Healthy Life Ad
Life Style

ကျန်းမာပြီး ရောဂါဘယကင်းဝေးစေမည့် နေထိုင်စားသောက်မှုပုံစံ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ကျန်းမာရေးနဲ့ ညီညွတ်တာဟာ လာဘ်ကြီးတစ်ပါးဖြစ်လို့ ကျန်းမာမှ လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့ အစာအာဟာရတွေမှီဝဲတာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာနဲ့ ရောဂါဘယတွေ ကင်းဝေးအောင် ပြုမှုနေထိုင်တာတို့ လိုက်နာဖို့လိုပါတယ်။ ရောဂါတွေကို ကူးစက်တတ်တဲ့ရောဂါနဲ့ မကူးစက်တတ်တဲ့ရောဂါဆိုပြီး နှစ်မျိုးခွဲပါတယ်။ ကူးစက်တဲ့ ရောဂါတွေကတော့ တုပ်ကွေးရောဂါ၊ AIDS ရောဂါ၊ တီဘီရောဂါ စတာတွေဖြစ်ပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ မကူးစက်တတ်တဲ့ ရောဂါတွေကတော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါ စတာတွေဟာ အဓိကဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ဆက်နွှယ်နေတာကြောင့် ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာ မျှဝေလိုပါတယ်။

(၁) ကိုယ်ခံစွမ်းအား

ခန္ဓာကိုယ်မှာ ခံနိုင်ရည်အားလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ် (Immune System) ကောင်းကောင်းမွန်မွန်ရှိမှ ပြင်ပကရောဂါပိုးတွေ မဝင်အောင် ကာကွယ်ပေးနိုင်မှာဖြစ်လို့ ကိုယ်ခံအားကောင်းစေမယ့် အလေ့အကျင့်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝ၀အိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာနဲ့ အာဟာရမျှတအောင် စားသောက်ပေးတာတို့ ဖြစ်ပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားမှု

အလုပ်လာတဲ့အခါ ကားစီး၊ ပြန်တဲ့အချိန် ကားစီးနဲ့ လူတိုင်းက အထိုင်များတာနဲ့ အချိန်ကုန်ကြပါတယ်။ နောက်ပြီး တစ်နေကုန်အလုပ်လုပ်ထားတာရယ်၊ ကားလမ်းပိတ်နေလို့ ကားပေါ်မှာ အကြာကြီးထိုင်စောင့်ရလို့ အချိန်ကုန်ပင်ပန်းပြီး အိမ်ရောက်တဲ့အခါ ဘာမှမလုပ်နိုင်တော့ပါဘူး။ ကားစီးရတာ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိပ်ရာထဲဝင်ချင်ဝင်မယ်၊ တီဗီကြည့်မယ်။ ဒါကြောင့် ကိုယ်ကိုယ်ကိုယ် ဆန်းစစ်ရမှာက တစ်ရက်ကို လမ်းလျှောက်တာ ဘယ်လောက်နှုန်းရှိသလဲ။ အထူးသဖြင့် ရုံးမှာထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေ ထိုင်တာများနေရင်တော့ ဗိုက်မှာအဆီတွေတက်လာတာ တွေ့ရမှာပါပဲ။ အလုပ်လုပ်တဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်သလို မိသားစုနဲ့ အချိန်ကုန်တာမျိုး ပြုလုပ်သင့်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အလုပ်မှာ စိတ်ဖိစီးမှုများတာတွေ ဖြစ်လာကြပါတယ်။ ဒီတော့ မိသားစုနဲ့အတူတူ ခရီးသွားတာမျိုး၊ မုန့်ထွက်စားတာမျိုး ပြုလုပ်သင့်ပါတယ်။ ကလေးတွေကိုလည်း အားကစားအတူတူလုပ်တာမျိုး လုပ်ခိုင်းဖို့လိုပါတယ်။ နောက်ပြီး အရက်သောက်တယ်ဆိုရင် စိတ်ဖိစီးမှုများလို့ အရက်အများကြီး စွတ်သောက်တာတော့ မကောင်းပါဘူး။ အရက်မသောက်တာ ကောင်းပေမယ့် မနေနိုင်ရင် အသင့်အတင့် ခွင့်ပြုပါတယ်။ ဆေးလိပ်သောက်တာကိုတော့ လုံးဝခွင့်မပြုပါဘူး။

(၃) အာဟာရ

လူတွေက စိတ်ပျော်ချင်လို့ အစာစားကြပါတယ်။ ဒီတော့ အဆီများတဲ့ အစားအသောက်တွေကို အတတ်နိုင်ဆုံးလျှော့စားပါ။ ဆရာမတို့ မြန်မာလူမျိုးတွေက အဆီတွေ၊ ဆီကြော်မုန့်တွေ ကြိုက်ကြပါတယ်။ အရင်တုန်းကဆို အိမ်ကလူကြီးမိဘတွေ ချက်ကျွေးတဲ့အစာနဲ့ ကလေးတွေ ကြီးပြင်းတယ်။ သရေစာစားဖို့တောင် အိမ်ကလုပ်ပေးပါတယ်။ အခုခေတ်မှာတော့ အဲလိုအခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။ ဝယ်စားရတာများလာပါတယ်။ အစားစားသောက်တဲ့ ပုံစံတွေပြောင်းလာတဲ့အတွက် အသက် ၄၀နဲ့ ၅၀နှစ်ကြား အရွယ်တွေက ရောဂါတွေခံစားရတာ အများဆုံးဖြစ်ပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ဖြစ်တာတွေ့ရပါတယ်။ အခုနောက်ပိုင်းဆို အသက် ၃၀ကျော်လောက်ကတည်းက သွေးတိုးရောဂါဖြစ်တာကို တွေ့လာရပါတယ်။ ဒီတော့ အစာစားတော့မယ်ဆိုရင် အရိုးရှင်းဆုံး စဉ်းစားပြီးစားပါ။ စားသောက်တဲ့ ပုံစံတွေကိုလည်း ဖြည်းဖြည်းချင်းပြင်ပါ။ ဖြစ်စေချင်တာက မနက်စာပုံမှန်စားဖို့ ဖြစ်ပါတယ်။ မနက်အိပ်ရာထပြီး တစ်နာရီအတွင်းမှာ မနက်စာ စားကိုစားပေးရပါမယ်။ မုန့်ဟင်းခါးပဲစားစား၊ ထမင်းဖြူလေးပဲစားစား၊ နောက်ဆုံး ပေါင်မုန့်တစ်လုံးလောက်ပဲစားစား မနက်စာကို မဖြစ်မနေစားတဲ့အကျင့်ကို လုပ်ပေးပါ။ တချို့က ညတုန်းက အစာတွေအများကြီး စားထားလို့ဆိုပြီး မနက်စာကို မစားတာမျိုးရှိပါတယ်။ တကယ်တော့ ညစာများများစားတတ်တဲ့ သူတွေက ဗိုက်ပူလာတာများပါတယ်။ ကိုယ်အလေးချိန်ချချင်တဲ့ မိန်းကလေးတွေဆိုလည်း ညစာစားတဲ့အခါ ထမင်းစားဇွန်း ၄-၅ ဇွန်းထက် ပိုပြီးမစားသင့်ပါဘူး။ အသီးအရွက်တွေနဲ့ရောပြီး စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် အဲလောက်မတက်တော့ပါဘူး။

ဘာစားစား မျှမျှတတဖြစ်အောင်စားပါ။ တစ်ခုဆိုတစ်ခုတည်း စားနေတာနဲ့စာရင် မျိုးစုံစားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်၊ ရေစတာတွေက စားလိုက်တဲ့အနပ်တိုင်း ဒီဓာတ်တွေနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အနောက်နိုင်ငံကလူတွေက အသားအများကြီး စားနိုင်ပါတယ်။ တစ်ရက်ကို ၅၀သားလောက် စားပါတယ်။ ဒါမှ သူတို့သတ်မှတ်ထားတဲ့ အသားဓာတ်ရရှိတဲ့ စံနှုန်းနဲ့ကိုက်ညီမယ်ပေါ့။ ဒါပေမဲ့ မြန်မာလူမျိုးတွေက အဲလောက်တော့ မစားနိုင်ပါဘူး။ တစ်တုံး-နှစ်တုံးလောက်ပဲစားနိုင်ပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုးကိုလည်း စားပေးသင့်ပါတယ်။

အကြံပြုချက်

စိတ်ကိုဆုံးဖြတ်ပြီး အိပ်ရေးဝ၀အိပ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ အခုနောက်ပိုင်း အိပ်ချိန်တွေ နောက်ကျတာများလာတော့ မနက်ထတဲ့အချိန်တွေလည်း ကမောက်ကမဖြစ်ပါတယ်။ ညတစ်နာရီလောက်မှအိပ်တော့ မနက်ကို ၉နာရီလောက်မှ ထဖြစ်ပါတယ်။ ဒီတော့ မနက်စာက နေ့လယ် ၁၁ နာရီလောက်မှ စားဖြစ်ပြီး နေ့လယ်စာကျတော့ ၃ နာရီလောက်ဖြစ်သွားပါတယ်။ ညစာကျတော့ ညရှစ်နာရီ၊ ကိုးနာရီလောက်မှ စားဖြစ်ပြီး အချိန်တွေလည်း မှားကုန်ပါတယ်။ အဲဒီတော့ နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ည ၁၀ နာရီနောက်ဆုံး၊ အလုပ်များရင် ၁၁ နာရီ နောက်ဆုံးထားပြီး အိပ်ပေးပါ။ မနက်ဆို ခြောက်နာရီ၊ ခုနှစ်နာရီလောက်ထတာတော့ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ လက်ဆေးပါ။ ဘယ်သွားသွားဖိနပ်စီးသွားပါ။ ဆီးသွားပြီးတိုင်း ရေဆေးပါ။ စိတ်ဖိစီးမှုကင်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကစားတာ၊ ခရီးသွားတာတွေ ပြုလုပ်ပါ။ ကိုယ်မနိုင်လောက်တဲ့ အလုပ်တွေအများကြီးကို လက်မခံပါနဲ့။ ကိုယ်ကျန်းမာသလို စိတ်ကျန်းမာရေးကိုလည်း အလေးထားပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top