Healthy Life Ad
Life Style

သမီးကိုအချိန်ပေးပါဖေဖေ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

သမီးတွေကို ပြုစုပျိုးထောင်ရာမှာ ဖခင်တစ်ဦးရဲ့ အခန်းကဏ္ဍကအလွန်အရေးကြီးပါတယ်။ သမီးလေးကြီးပြင်းလာချိန်မှာ ဖခင်ရဲ့ သမီးလေးအပေါ် ကြင်နာနားလည်မှု၊ ချစ်မေတ္တာနဲ့ နွေးထွေးမှုတွေကို ဘယ်သူမှ အစားထိုးလို့ မရပါဘူး။ မတူညီတဲ့ လိင်အမျိုးအစားဖြစ်တဲ့အတွက် သမီးစိတ်ထဲမှာ ဖခင်က ကာကွယ်ပေးနိုင်တယ်ဆိုတာ ပိုယုံကြည်စိတ်ချမှုရှိရှိနဲ့ ကြီးပြင်းလာစေလို့ပါ။ သမီးလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဖခင်ဖြစ်သူက မလုပ်မဖြစ်လုပ်ပေးသင့်တဲ့ အချက်သုံးရပ်ရှိပါတယ် . . .

(၁) သမီးကို အချိန်များများပေးခြင်း

ယေးတက္ကသိုလ်က ကလေးတွေကို လေ့လာမှုတစ်ခုအရ တစ်လခွဲအရွယ် ကလေးလေးဟာ သူနဲ့ထိတွေ့နေတဲ့သူက ကျားလား၊ မလားခွဲခြားသိရှိနေပြီလို့ ဆိုပါတယ်။ ဒါကြောင့် “သမီးလေးက ငယ်သေးတယ်၊ ဘာကိုမှ မှတ်မိဦးမှာမဟုတ်ဘူး၊ ကလေးကို အချိန်ပေးကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ အရေးအကြီးဘူး” လို့ မထင်လိုက်ပါနဲ့။ သမီးလေးတွေရဲ့ ဆန့်ကျင်ဘက်လိင်အဖြစ် ပထမဆုံး ထိတွေ့ရသူက ဖခင်တွေ ဖြစ်လေ့ရှိတာကြောင့် သမီးကိုအချိန်ပေးပြီး နွေးထွေးတဲ့ မေတ္တာပေးသင့်ပါတယ်။ ဖခင်နဲ့အတူ လမ်းလျှောက်ကျင့်တဲ့ သမီးလေးတွေက ပြဿနာဖြေရှင်းရာမှာ ပိုတည်ငြိမ်ရင့်ကျက်ပြီး တခြားသူတွေရှေ့မှာ ပိုယုံကြည်မှုရှိကာ မလုံခြုံတဲ့စိတ်ခံစားချက် နည်းပါးတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၂) သမီးကို ချီးမြှောက်အားပေးရာမှာအချိန် မဆွဲခြင်း

လက်ထပ်ပြီးချိန်မှာ မိန်းကလေးအများစုဟာ သူတို့ခင်ပွန်းသည်တွေက အရင်သမီးရီးစားတုန်းကလို မချစ်တော့ဘူးလို့ခံစားရပါတယ်။ “လက်မထပ်ခင်နဲ့လက်ထပ်ပြီးချိန်မှာ အမျိုးသားတွေက ပုံစံမတူတော့ဘူး။ ဒါကြောင့် ခင်ပွန်းရွေးရာမှာသတိထား၊ သမီးရီးစားဘဝမှာ ရိုမန်တစ်လုပ်ပြနေတာလေးကို မသာယာနဲ့” လို့ ဝါရင့်အိမ်ထောင်ရှင်မတွေက ပြောလေ့ရှိပါတယ်။ ဘာကြောင့် မိန်းကလေးတွေက ရိုမန်တစ်လုပ်ပြတာလေးကို သိပ်ချစ်တယ်လို့ ထင်လိုက်ရတာလဲ။ အခြေခံကတော့ အရင်က သူတို့ကို ဘယ်သူမှ အဲဒီလို မလုပ်ဖူးလို့ပါပဲ။ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ချီးမြှောက်အားပေးမှုတွေကို အလုံးစုံရနေတဲ့ သမီးတွေကတော့ ဆန့်ကျင်ဘက်အမျိုးသားဆီက ချစ်မေတ္တာရဖို့ အလျင်မလိုတတ်ပါဘူး။ ဖခင်ဆီကရတဲ့ ချစ်မေတ္တာက ဘယ်ယောကျာ်းလေးဟာ သူ့အပေါ် တကယ်ချစ်၊ မချစ် နားလည်နိုင်စွမ်းရှိစေလို့ပါပဲ။

(၃) သမီးမေမေ(သင့်ဇနီး)ကို လေးစားချစ်ခင်တန်ဖိုးထားခြင်း

လူတစ်ယောက်ရဲ့ အယူအဆက သူမွေးဖွားခဲ့တဲ့ မိသားစုရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ်ခံရပါတယ်။ ဖခင် ဒါမှမဟုတ် မိသားစုက မဟာပုရိသ ယောကျာ်းကြီးဝါဒီဖြစ်ပြီး အိမ်ရှင်မဆိုတာ ကလေးတွေစောင့်ရှောက်ရုံ၊ အိမ်အလုပ်လုပ်ရုံလောက်ပဲလို့ ထင်ရရင် ကလေးတွေကလည်း ဒီအတိုင်း လက်ခံသွားတတ်ပါတယ်။ အနာဂတ်မှာ သမီးမိန်းကလေးကလည်း ဒီလိုအိမ်ရှင်မမျိုး ဖြစ်လာဖို့ များပါတယ်။ အကြောင်းကတော့ သူတို့မျက်စိထဲမှာ မိသားစုဘဝဆိုတာ ဒီအတိုင်းလို့ ထင်လို့ပါပဲ။ သမီးရဲ့မေမေကို ဖေဖေက အပြစ်တင်ရိုက်နှက်နေရင် သမီးစိတ်ထဲမှာ ခင်ပွန်းဆိုတာ ဒီလိုမျိုး၊ ဇနီးဆိုတာ ခင်ပွန်းကို ကြောက်ရွံ့နေရမယ့်သူမျိုးလို့ အထင်ရောက်သွားတတ်ပါတယ်။ ဒါကြောင့် သမီးရဲ့မေမေကို လေးစားချစ်ခင်တန်ဖိုးထားပြဖို့ ဖေဖေတိုင်း မဖြစ်မနေလုပ်ရမယ့် အချက်ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top