Healthy Life Ad
Life Style

နေရောင်ခြည်ကာကွယ်နိုင်ရန် နေကာခရင်မ်ကို မိတ်ကပ်အပေါ်ဆုံးမှ လိမ်းသင့်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နေရောင်ခြည်ကာကွယ်နိုင်ရန် နေကာခရင်မ်ကို မိတ်ကပ်အပေါ်ဆုံးမှ လိမ်းသင့်ကြောင်း၊ နေကာခရင်မ်လိမ်းပြီး အပေါ်မှ မိတ်ကပ်လိမ်းလျှင် မလိမ်းခြင်းနှင့် အာနိသင်အတူတူပင်ဖြစ်ကြောင်း Kembangan UHC ဆေးရုံမှ အရေပြားအထူးကုဆရာဝန် ဒေါက်တာယဉ်လှိုင်ဝင်းက ၁၇-၁၁-၂၀၁၈ ရက်နေ့က ပြုလုပ်သည့် လှပနုပျိုခြင်း၏ လျှို့ဝှက်ချက် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“နေကာခရင်မ်လိမ်းရာမှာ လိမ်းပုံလိမ်းနည်းရှိပါတယ်။ များသောအားဖြင့် မသိကြဘူး။ နေကာခရင်မ် (Sunscreen)ဆိုတာ မိတ်ကပ်လည်း မဟုတ်ဘူး၊ Skin Care အနေနဲ့ လိမ်းရတာဆိုတော့ လှတဲ့ဘက်ကိုမသွားဘဲ အဆီပြန်တာ၊ ဘာညာရှိပါတယ်။ ဒီတော့ အများစုက မိတ်ကပ်မလိမ်းခင် နေကာခရင်မ်ကို အရင်လိမ်းကြတယ်။ ပြီးတော့မှ အပေါ်ကနေ မိတ်ကပ်ထပ်လိမ်းကြတယ်။ ဒီတော့ ဘာနဲ့တူသလဲဆိုတော့ ထီးကိုသယ်သွားပြီး ထီးကိုထုတ်မဆောင်းဘဲ အိတ်ထဲထည့်ထားတာနဲ့ တူနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေကာခရင်မ်ရဲ့ အာနိသင်က နေရောင် (UVA၊ UVB)တွေနဲ့ ထိတွေ ့တဲ့အခါမှာ အပေါ်ဆုံးကနေ အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးထားတဲ့သဘောပါ။ အဲဒါကို အောက်ကခံလိမ်းပြီး အပေါ်ကမိတ်ကပ်လိမ်းလိုက်တဲ့အခါ မလိမ်းတာနဲ့အတူတူပါဘဲ” ဟု ဒေါက်တာယဉ်လှိုင်ဝင်းက ပြောကြားခဲ့သည်။

နေကာခရင်မ်ကို မနက် ၁၀ နာရီနှင့် ညနေ ၄ နာရီကြား ဦးစားပေးလိမ်းခြင်း၊ နေပြင်းလွန်းသည့် ပင်လယ်ကမ်းခြေသို့ သွားရာတွင် ချွေးပြန်ချွေးထွက်ပါက နေကာခရင်မ်ကို နှစ်နာရီကြားတစ်ကြိမ် ပြန်လိမ်းပေးခြင်း၊ နေကာခရင်မ်ကို SPF ၅၀-၆၀ ခန့် ရှိသည့် ပမာဏလိမ်းခြင်းတို့ကို လိုက်နာရန် လိုအပ်ကြောင်းသိရသည်။

“တချို့ နေကာခရင်မ်တွေမှာ SPF က ၁၅ လောက်ပဲပါတယ်။ ဒါဆိုရင် နေပြင်းလွန်းတဲ့နေရာမှာ မထိရောက်ပါဘူး။ သုတေသနတွေက ဘာပြောလဲဆိုရင် SPF ၁၀ဝ လိမ်းတဲ့သူနဲ့ SPF ၆၀ လိမ်းတဲ့သူမှာရတဲ့ ရလဒ်က အတူတူပဲလို့ပြောပါတယ်။ SPF ၁၀ဝ လိမ်းလို့လည်း နေရောင်ကို ပိုကာကွယ်သွားတယ်လို့ သိပ်မရှိပါဘူး။ SPF ၆၀ ပါတဲ့ နေကာခရင်မ်လိမ်းတာက အထိရောက်ဆုံးပါပဲ” ဟု ဒေါက်တာယဉ်လှိုင်ဝင်းက ဆိုသည်။

နေရောင်ခြည်ကိုမကာကွယ်ဘဲ နေပူထဲသွားပါက တင်းတိပ်ထွက်ခြင်း၊ နေလောင်ကွက် အမည်းစက်ထွက်ခြင်း၊ အရေးကြောင်းဖြစ်လွယ်ခြင်း၊ အရေပြားပါးခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရွယ်မတိုင်မီ အိုမင်းစေခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top