Healthy Life Ad
Life Style

သင့်ခန္ဓာကိုယ်က ဘယ်ဟောလိဝုဒ်စတားပုံစံမျိုးလဲ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အခြေခံအားဖြင့် လူတွေရဲ့ ခန္ဓာကိုယ်ပုံစံကို သုံးမျိုးခွဲခြားထားပြီး လူတွေမှာ အဲဒီခန္ဓာကိုယ်ပုံစံ သုံးမျိုးအနက် တစ်မျိုးနဲ့ အကျုံးဝင်နေတတ်ပါတယ်။ ဝပြီး လုံးဝိုင်းတဲ့ ခန္ဓာကိုယ် (Endormorph)၊ မပိန်မဝ အနေတော်ခန္ဓာကိုယ် (Mesomorph)နဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်(Ectomorph)ဆိုတဲ့ ပုံစံသုံးမျိုးပါ။ ဒီလိုခန္ဓာကိုယ်အချိုးအဆစ်တွေက မွေးရာပါပုံစံဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာ ဘဝနေထိုင်စားသောက်မှုပုံစံတွေကြောင့် တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ပုံစံပြောင်းလဲလာတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုခန္ဓာကိုယ်ပုံစံမျိုးပဲရှိရှိ၊ အဓိကကတော့ ကျန်းမာသန်စွမ်းနေဖို့ပါပဲ။ ဒါကြောင့် သင့်ခန္ဓာကိုယ်က ဘယ်လိုပုံစံမျိုးလဲဆိုတာ သိနိုင်ဖို့ ဟောလိဝုဒ်စတားတွေရဲ့ ခန္ဓာကိုယ်ပုံစံကို လေ့လာပြီး အဲဒီခန္ဓာကိုယ်အလိုက်ရှိတဲ့ အားသားချက်၊ အားနည်းချက်တွေကိုသိရှိကာ ချိန်ညှိနေထိုင်တတ်စေဖို့ ရေးသားလိုက်ရပါတယ် . . .

ဝပြီး လုံးဝိုင်းသော ခန္ဓာကိုယ် (Endormorph)

သင့်ခန္ဓာကိုယ်ပုံစံက ဂျက်ဘလက်လို ခန္ဓာကိုယ်ပုံစံမျိုးလား

သင်က ဝပြီးလုံးဝိုင်းတဲ့ ခန္ဓာကိုယ်ရှိရင် လူအများကြား သိသာပေါ်လွင်နေမှာပါ။ ဒါက သင့်ရဲ့အားသာချက်တစ်ရပ်ဖြစ်နိုင်ပေမယ့် အဆီတွေကိုလျှော့ချနိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ အကြောင်းကတော့ ဝပြီးလုံးဝိုင်းတဲ့ ခန္ဓာကိုယ်ပုံစံရှိသူတွေက ဗိုက်မှာအဆီစုနိုင်ခြေများလို့ပါ။

Endormorph ခန္ဓာကိုယ်ပုံစံရှိကြောင်း သိသာထင်ရှားသော လက္ခဏာများ

လုံးဝိုင်းတဲ့ ခန္ဓာကိုယ်ပုံစံရှိပါတယ်။ ကြွက်သားထုထည်နည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ခက်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်နှုန်း နှေးပါတယ်။ တခြားခန္ဓာကိုယ်ပုံစံမျိုးတွေနဲ့ယှဉ်ရင် ခန္ဓာကိုယ်မှာ သဘာဝအရကို အဆီတွေပိုရှိနေတတ်ပါတယ်။

Endormorph ခန္ဓာကိုယ်၏ အားနည်းချက်များ

Endormorph ခန္ဓာကိုယ်ပုံစံက ကိုယ်အလေးချိန်အပိုကို သယ်ဆောင်ထားရတာကြောင့် ကြွက်သားနဲ့ အရိုးတည်ဆောက်မှုဆိုင်ရာပြဿနာတွေ ပိုဖြစ်နိုင်ခြေရှိပါတယ်။ သူတို့အနေနဲ့ သစ်တော်သီးပုံသဏ္ဌာန်ခန္ဓာကိုယ်မျိုး ရှိလိုကြပေမယ့် ဝမ်းဗိုက်တဝိုက်မှာ စုဆောင်းနေတဲ့ အဆီတွေကိုချေဖျက်နိုင်ဖို့ ခက်နေတတ်ကြပါတယ်။

Endormorph ခန္ဓာကိုယ်ရဲ့ ခြေထောက်နဲ့ လက်မောင်းတွေကတိုပြီး တုတ်ခိုင်နေတတ်ပါတယ်။ ခန္ဓာကိုယ်ပုံစံကလုံးဝိုင်းပြီး ဦးခေါင်းကြီးနေတတ်ပါတယ် Endormorph ခန္ဓာကိုယ်ပုံစံရှိသူတွေက သက်သောင့်သက်သာရှိဖို့နဲ့ ဇိမ်ခံဖို့ကို သဘောကျတတ်သူတွေ ဖြစ်ပါတယ်။

Endormorph ခန္ဓာကိုယ်ပိုင်ရှင်တို့ လေ့ကျင့်သင့်သည့် လေ့ကျင့်ခန်းများ

ဝပြီး လုံးဝိုင်းတဲ့ ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျကြည့်ကောင်းစေဖို့ အားကစားလေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ဖို့လိုပါလိမ့်မယ်။ လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကတော့ အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးလေ့ကျင့်ခန်း၊ ရေကူးလေ့ကျင့်ခန်း စတာတွေပဲဖြစ်ကြပါတယ်။ စက်နဲ့လေ့ကျင့်ခန်းလုပ်ပေးရင်လည်း အဆင်ပြေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းကို တစ်နေ့မှာ နာရီဝက်လုပ်ပေးပြီး တစ်ပတ်မှာတော့ လေးကြိမ်လုပ်ဖို့လိုပါတယ်။

အစာစားတဲ့အတိုင်းအဆက လျော့နည်းသွားဖို့လိုပေမယ့် အာဟာရမျှတအောင်တော့ စားပေးသင့်ပါတယ်။ သုံးနာရီကြာတိုင်းတစ်ကြိမ်စားပေးပြီး တစ်နေ့ကိုခြောက်ကြိမ်လောက် အစာကို နည်းနည်းချင်းစီခွဲစားပေးတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် ခန္ဓာကိုယ်ကျန်းမာသွယ်လျရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ အစာစားတဲ့အခါ ပရိုတင်းဓာတ်က ၃၅ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ်က ၂၅ ရာခိုင်နှုန်းနဲ့ ကောင်းတဲ့အဆီပါတဲ့အစားအစာကို ၄၀ရာခိုင်နှုန်းလောက်စားပေးရင် စွမ်းအင်တွေ ကောင်းနေစေပြီး သန်စွမ်းကျန်းမာစေပါတယ်။ အဆစ်တွေ ကျန်းမာနေအောင်လမ်းလျှောက်ပေးသင့်သလို သက်လုံကောင်းစေဖို့အတွက် ယောဂကျင့်ပေးနိုင်ပါတယ်။

ကြွက်သားများသော အနေတော်ခန္ဓာကိုယ် (Mesomorph)

သင့်ခန္ဓာကိုယ်ပုံစံက လိုင်လာအလီလို ခန္ဓာကိုယ်ပုံစံမျိုးလား

သင့်ခန္ဓာကိုယ်ပုံစံက ကြွက်သားတွေရှိပြီး မပိန်မဝခန္ဓာကိုယ်မျိုးဆိုရင် ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လို့ အများက သတ်မှတ်ထားကြပါတယ်။ ဒီလိုခန္ဓာကိုယ်ပုံစံမျိုးက ကြံ့ခိုင်တဲ့မျိုးဗီဇကြောင့် ရရှိတာဖြစ်သလို အရိုးတွေသန်စွမ်းကာ ကြွက်သားတွေ ထူထဲကြံ့ခိုင်နေတတ်ပါတယ်။ ဒီလိုပုံစံမျိုးကို အားကစားသမားပုံစံလို့ခေါ်ကြပြီး သဘာဝအားဖြင့်ကို ကြွက်သားများပြီး လေးစားစရာကိုယ်နေဟန်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်နေတတ်တဲ့သူတွေပါ။

Mesomorph ခန္ဓာကိုယ်ပုံစံရှိကြောင်း သိသာထင်ရှားသော လက္ခဏာများ

အရိုးအဆစ်ကြီးပြီး ပင်ကိုအားဖြင့် ကြွက်သားတွေရှိနေပါတယ်။ ခါးနေရာတစ်ဝိုက်မှာ ကျဉ်းနေတတ်ပြီး ရင်အုပ်ကျယ်တတ်ပါတယ်။ ကြွက်သားတွေကို အလွယ်တကူတည်ဆောက်နိုင်ပြီး အဆီလည်း အလွယ်လောင်ကျွမ်းနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဒီလိုခန္ဓာကိုယ်ပုံစံမျိုးရှိရင် မျက်နှာသွင်ပြင်အနေအထားက ရှင်းလင်းပြတ်သားပြီး မေးရိုးတွေက လေးထောင့်ပုံရှိပါတယ်။ တချို့တွေဆိုရင် ယောကျာ်းဆန်တယ်လို့တောင် သတ်မှတ်ခံရတဲ့ပုံမျိုးပါ။ အမျိုးသားတွေမှာ ဒီလိုခန္ဓာကိုယ်မျိုး ရှိတယ်ဆိုရင်တော့ ကြည့်ကောင်းပါတယ်။

Mesomorph ခန္ဓာကိုယ်၏ အားသာချက်နှင့် အားနည်းချက်များ

တခြားခန္ဓာကိုယ်ပုံစံတွေနဲ့ယှဉ်ရင် ကြည့်အကောင်းဆုံးဖြစ်တဲ့ ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတွေစားပြီး လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးရုံနဲ့ ဒီခန္ဓာကိုယ်ပုံစံကို ဆက်ထိန်းထားနိုင်ပါတယ်။

Mesomorph ခန္ဓာကိုယ်ပိုင်ရှင်တို့ လေ့ကျင့်သင့်သော လေ့ကျင့်ခန်းများ

Mesomorph ခန္ဓာကိုယ်ပိုင်ရှင်တွေက သိပ်ကြိုးစားစရာမလိုဘဲ ကြွက်သားတွေကို တည်ဆောက်နိုင်ပြီး အဆီတက်မှာ အလွန်အမင်းစိုးရိမ်စရာမလိုဘဲ စားသောက်နိုင်ပါတယ်။

ပင်ကိုသဘာဝကိုက အားကစားသမားလို ကြံ့ခိုင်မှုရှိတာကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ ကျန်းမာနေမှာပါ။ ကြွက်သားတွေ သန်စွမ်းမှုရှိဖို့အတွက် လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကတော့ ဘဲလေး အက၊ ယောဂလေ့ကျင့်ခန်းနဲ့ အိပ်ထမတင်လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ပုံစံက အသားဓာတ် ၃၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၄၀ ရာခိုင်နှုန်း နဲ့အဆီပါတဲ့အစားအစာ ၃၀ ရာခိုင်နှုန်းလောက် စားပေးရုံနဲ့ အဆင်ပြေနေပါပြီ။

သွယ်လျပိန်ပါးသော ခန္ဓာကိုယ် (Ectomorph)

သင့်ခန္ဓာကိုယ်ပုံစံက ကင်မရွန်ဒိုင်ယက်ဇ်လို ခန္ဓာကိုယ်ပုံစံမျိုးလား

သွယ်လျပိန်ပါးတဲ့ ခန္ဓာကိုယ်က အလွန်ပဲပိန်ပါးနေပါတယ်။ သူတို့မှာ လက်တွေ၊ ခြေထောက်တွေ နဲ့လက်ချောင်းတွေက ရှည်လျားနေတတ်ကြပြီး ကြွက်သားဆိုတာ မရှိသလောက် သွယ်လျနေတတ်ပါတယ်။ Catwalk မော်ဒယ်လ်တွေအများစုက ပင်ကိုအနေနဲ့ကို Ectomorph ခန္ဓာကိုယ်ပုံစံမျိုး ရှိပါတယ်။ ဒီလို ခန္ဓာကိုယ်ပုံစံမျိုးရှိတာက အနုပညာဆန်ပြီး တစ်သီးတစ်သန့် နေတတ်တဲ့သူတွေများပါတယ်။

Ectomorph ခန္ဓာကိုယ်ပုံစံရှိကြောင်း သိသာထင်ရှားသော လက္ခဏာများ

မော်ဒယ်လ်ပုံစံခန္ဓာကိုယ်မျိုးရှိပြီး ခြေလက်တွေက ရှည်လျားသွယ်လျနေတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆီနည်းပြီး ကြွက်သားထုထည်အနည်းဆုံးဖြစ်နေတတ်ပါတယ်။ အရပ်ရှည်တယ်ထင်ရပြီး အရိုးတွေကလည်း ရှည်နေတတ်ပါတယ်။ ကြွက်သားတည်ဆောင်ဖို့နဲ့အဆီရှိဖို့ ခက်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုမြန်ဆန်ပြီး ကယ်လိုရီလောင်ကျွမ်းတာက မြန်ပါတယ်။ ကိုယ်အလေးချိန်တက်ဖို့ မလွယ်တဲ့သူတွေလို့ဆိုရင်လည်း မမှားပါဘူး။

Ectomorph ခန္ဓာကိုယ်၏ အားသာချက်နှင့် အားနည်းချက်များ

ဒီခန္ဓာကိုယ်ပုံစံအမျိုးအစားက မြတ်နိုးဖွယ်ရာကောင်းပေမယ့် ကြွက်သားထုထည်ရရှိဖို့ ခက်ခဲတာကြောင့် ကြံ့ခိုင်မှုက နည်းလွန်းနေတတ်ပါတယ်။ သူတို့ရဲ့ပခုံးတွေ ကျယ်ပြန့်လာဖို့နဲ့အနေအထားက မားမားမတ်မတ်ရှိစေဖို့ လေ့ကျင့်ခန်းလုပ်သင့်တဲ့သူတွေပါ။ ယေဘုယျအားဖြင့် အရိုးတွေက အားနည်းနေတတ်တာကြောင့် အရိုးသိပ်သည်းဆကောင်းအောင် အလေးမသင့်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပေမယ့် ကြည့်ကောင်းရုံသာ ပြည့်လာတတ်ပါတယ်။

Ectomorph ခန္ဓာကိုယ်ပိုင်ရှင်တို့ လေ့ကျင့်သင့်သည့် လေ့ကျင့်ခန်းများ

Ectomorph ခန္ဓာကိုယ်ပိုင်ရှင်တွေက ကိုယ်အလေးချိန်တက်ချင်ပြီး ထပ်ကျသွားမှာကို မလိုလားရင် လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပေးဖို့ လိုပါတယ်။ အဓိကလုပ်သင့်တာက ကြွက်သားတွေ ညောင်းညာသွားအောင် အလေးမလေ့ကျင့်ခန်း လုပ်ပေးရမှာပါ။ အစားအသောက်အနေနဲ့ ပရိုတင်းဓာတ် ၂၅ရာ ခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၅၅ ရာခိုင်နှုန်းနဲ့ ကောင်းတဲ့အဆီပါတဲ့ အစားအသောက် ၂၅ရာခိုင်နှုန်းကို စားပေးသင့်ပြီး မာရသွန်အပြေးသမားတွေလို သက်လုံကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးဖို့ လိုပါတယ်။ ဒီလိုခန္ဓာကိုယ်ပုံစံမျိုးရှိတာကြောင့် ကိုယ်အလေးချိန်တက်ကာ ပြည့်ပြည့်ဖြိုးဖြိုးလေး ရှိချင်တယ်ဆိုရင် အာဟာရပညာရှင်နဲ့တိုင်ပင်ပြီး စားသင့်တဲ့ အာဟာရတွေကို စားပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top