Healthy Life Ad
Life Style

ခေတ်စားနေတဲ့ ဗီတာမင်ဒီ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခုတလောမှာ ဆီးချိုလူနာတွေအပါအဝင် လူနာတော်တော်များများဟာ မိမိသဘောနဲ့ သောက်နေကြတဲ့ဆေးတစ်ခုကတော့ ဗီတာမင်ဒီ Vitamin D ဆိုတဲ့ဖြည့်စွက်ဆေးတမျိုးပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးကိုသောက်လို့ရသလား။ အကြာကြီး ဆက်သောက်တာ အန္တရာယ်ရှိနိုင်လားလို့လည်း မေးကြပါတယ်။ မီဒီယာမှာ ဗီတာမင်ဒီနဲ့တကွ တခြားဖြည့်စွက်စာများစွာကို ကျန်းမာရေးအတွက် သောက်ထားသင့်ကြောင်းတွေကို သောက်ချင်စဖွယ် အများအပြားဖော်ပြထားတာဖတ်မိလို့ သောက်နေကြတာရှိသလို၊ မိတ်ဆွေတွေကတဆင့် ဒီဆေးသောက်ရင် ကျန်းမာတယ်ဆိုပြီး အကြံပေးတိုက်တွန်းချက်တွေကြောင့် သောက်နေကြတာလည်းရှိပါတယ်။ ဆရာဝန်တွေက ညွှန်ကြားလို့သောက်တာက သိပ်မများလှပါဘူး။ ကုန်ကျစရိတ်တွေလည်းမနည်းပါဘူး။ ဗီတာမင်ဒီကို သောက်တာ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ရောဂါတွေအတွက်လည်းကောင်းတယ်လို့ပြောကြတယ်။ တကယ်ကော အကျိုးကျေးဇူးရှိသလား၊ မလိုအပ်ဘဲ အများကြီးသောက်ရင်ကော ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သလား။ ဒါတွေကို သိသင့်တယ်လို့ ယူဆပါတယ်။

ဗီတာမင်ဒီ ( Vitamin)

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စွာရှိနေဖို့အတွက် ဗီတာမင်ဒီ ပြည့်ဝစွာရှိဖို့အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်ဒီကို ဘယ်ကရသလဲဆိုရင် လူတွေရဲ့ အရေပြားအောက်မှာရှိတဲ့ ကိုလက်စထရော (Cholesterol) အဆီဓာတ်ကို နေရောင်ခြည်ကျရောက်တဲ့အခါ ဗီတာမင်ဒီအဖြစ်သို့ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ဗီတာမင်ဒီကို sunshine vitamin နေရောင်ခြည်မှပေးသော ဗီတာမင်လို့ ခေါ်ကြပါတယ်။ ဒါက သဘာဝအလျောက် ဗီတာမင်ဒီ (vitamin D3) ရရှိတဲ့နည်းပဲ ဖြစ်ပါတယ်။ ဒီလိုရလာတဲ့ ဗီတာမင်ဒီက ချက်ချင်း အသုံးမဝင်သေးဘဲ အသည်းနဲ့ ကျောက်ကပ်တွေမှာ နောက်ဆုံးအဆင့် အသုံးကျပြီး အလုပ်လုပ်နိုင်တဲ့ ဗီတာမင်ဒီ(Active Vitamin D)အဖြစ် ပြောင်းလဲပေးခြင်းတွေ ပြုလုပ်ရပါသေးတယ်။

ဗီတာမင်ဒီကို ရရှိနိုင်တဲ့နောက် တခြားနည်းတွေကတော့ အစားအစာမှရရှိခြင်းဖြစ်ပါတယ်။ အပင်ကရတဲ့ ဗီတာမင်ဒီ D2 နဲ့ အသားငါးတွေကရရှိတဲ့ D3 တွေရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။ အထူးသဖြင့် အဆီများတဲ့ ငါးတွေ၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေစားသုံးရင် ဗီတာမင်ဒီ အများဆုံးရရှိနိုင်ပါတယ်။ D3 က D2 ထက်ပိုပြီး အစွမ်းထက်ပါတယ်။

ဗီတာမင်ဒီ၏အရေးပါပုံ

ဗီတာမင်ဒီဟာ အရိုးတွေအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင်တစ်ခု ဖြစ်ပါတယ်။ အရိုးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ၊ ဖော့စ်ဖိတ်တွေကို အူလမ်းကြောင်းမှတဆင့် သွေးထဲသို့စုပ်ယူရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့နေရင် ကယ်လ်ဆီယမ်တွေလျော့နည်းပြီး အရိုးပုံမှန်တည်ဆောက်လို့မရနိုင်ပါဘူး။ ကလေးအရွယ်မှာဖြစ်ရင် ကြီးထွားမှုနှောင့်နှေးပြီး အရိုးပျော့ရောဂါဖြစ်တတ်ပါတယ်။အရပ်ပုပြီး ခြေထောက်တွေ ကောက်ကွေးသွားတတ်ပါတယ်။ ဒါကို Rickets လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ မှာ ဗီတာမင်ဒီ ချို့တဲ့ရင် မွေးဖွားလာတဲ့ ကလေးမှာ အရိုးပြဿနာ၊ ကြီးထွားမှု နှေးကွေးတဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ လူကြီးအရွယ်မှာ ဖြစ်ရင်တော့ Osteomalacia လို့ခေါ်တဲ့ အရိုးရောဂါဖြစ်စေတတ်ပါတယ်။ အရိုးတွေ၊ ကြွက်သားတွေနာတတ်ပါတယ်။ခါးနာ၊ ကျောနာ၊ အရိုးတွေနာစေတတ်ပါတယ်။ ခြေထောက်အရိုးနာခြင်း၊ နံရိုးတွေနာခြင်း၊ အဆစ်တွေ နာခြင်းတွေနှစ်ဆခန့် ပိုပြီးဖြစ်လွယ်ပါတယ်။ တစ်ခါတစ်ရံလေးဖက်နာရောဂါမျိုးစုံတွေ (Rheumatism) နဲ့မှားယွင်းတတ်ပါတယ်။ ကြွက်သားအားမရှိသလို ဖြစ်ပြီး အထိုင်အထမပြုလုပ်နိုင်တာဖြစ်စေပါတယ်။နုံးလွယ်၊ မောပမ်းလွယ်တာလည်းဖြစ်တတ်ပါတယ်။

ဗီတာမင်ဒီက ခန္ဓာကိုယ်မှာ အရိုးနဲ့ ကြွက်သားအပြင် တခြားဘယ်နေရာ တွေမှာ အရေးကြီးသေးလဲ

ဗီတာမင်ဒီ ရေပန်းစားလာရတဲ့အကြောင်းရင်း တစ်ခုကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ဗီတာမင်ဒီ ချို့တဲ့သူတွေတော်တော်များတာတွေ့ရှိလာတဲ့ အပြင် ဗီတာမင်ဒီရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေမှာ အရိုးတည်ဆောက်ရေးနဲ့တည်တံ့ခိုင်မြဲရေး တစ်ခုတည်းသာမဟုတ်တော့ပဲ တစ်ကိုယ်လုံးအနှံ့ရှိ အစိတ်အပိုင်းတွေပုံမှန်ကျန်းမာနေဖို့လည်း အရေးပါလှကြောင်းသိလာကြတာကြောင့်လည်း ဖြစ်ပါတယ်။

ဗီတာမင်ဒီဟာ တကယ်တော့ ဟော်မုန်းတစ်ခုလိုလုပ်ဆောင်ပြီး ခန္ဓာကိုယ်ရဲ့ကလာပ်စည်းတိုင်းရဲ့ မျက်နှာပြင်မှာ ဗီတာမင်ဒီကို လက်ခံထိတွေ့တဲ့ vitamin D receptor ခေါ်တဲ့ အစိတ်အပိုင်းလေး တွေရှိကြောင်းလေ့လာတွေ့ရှိလာပါတယ်။ ဒါကြောင့် ဗီတာမင်ဒီဟာ ခန္ဓာအနှံ့တစ်ကိုယ်လုံးအတွက် အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာတွေကိုဘယ်လိုအလုပ်လုပ်သလဲဆိုတာ တိတိကျကျမသိသေးပေမယ့် ဗီတာမင်ဒီ ချို့တဲ့သူတွေဟာ ရောဂါတော်တော်များများပိုဖြစ်တာနဲ့ ဆက်စပ်မှုရှိနေတာတွေ့ရပါတယ်။ ဒါပေမဲ့ နာတာရှည်ရောဂါဖြစ်လို့ ဗီတာမင်ဒီ သွေးထဲမှာလျော့နေတာလား (association)၊ ဗီတာမင်ဒီနည်းလို့ပဲ ဒီရောဂါကိုဖြစ်စေတာလား (causal factor)ဆိုတာ သေချာတဲ့လေ့လာမှု တွေ ပိုမိုရရှိလာမှ ပြောနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top