Healthy Life Ad
Health Tips

ပန်ကရိယအတွက် သင့်တော်သည့် အစာ ၆မျိုး

– စူး (ဆေးဝါးတက္ကသိုလ်)

ပန်ကရိယဆိုတာ အစာခြေလမ်းကြောင်းစနစ်အတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အက်ဆစ်များတဲ့ အစားအသောက်တွေကို ချေဖျက်ပေးရုံသာမက ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီချေဖျက်ရေးမှာလည်း ပါဝင်ကူညီပါတယ်။ ကျန်းမာရေးကောင်းတဲ့ ပန်ကရိယရှိရင် ကိုယ်တွင်းမှာသကြားရယူမှုဟန်ချက်ညီပြီး အစာခြေလမ်းကြောင်းစနစ်ကို ပိုကောင်းစေပါတယ်။ ပန်ကရိယ(မုန့်ချိုအိတ်) ကျန်းမာဖို့အတွက် အထူးသင့်တော်တဲ့ အစားအသောက် ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


(၁) နနွင်းမှုန့်

နနွင်းမှုန့်(ဆနွင်းမှုန့်)က သဘာဝရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် ပန်ကရိယမှာ ပူစပ်ပူလောင်ဖြစ်ရာကဖြစ်တဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။ နနွင်းမှုန့်ဟာ ပန်ကရိယထဲက အင်ဆူလင်ထုတ်လုပ်မှုကို တိုးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ကာ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၂) ကြက်သွန်ဖြူ

ဗိုက်ထဲအစာမရှိတုန်း ပျားရည်ကြက်သွန်ဖြူစိမ်သောက်ဖို့ လူတွေအကြံပေးလေ့ရှိကြပါတယ်။ ကြက်သွန်ဖြူမှာ သဘာဝပိုးသတ်အစွမ်းရှိတာကြောင့် မတူညီတဲ့ အစာအမျိုးမျိုးနဲ့ ပေါင်းစားလို့ရပါတယ်။ ကြက်သွန်ဖြူကို ပျားရည်၊ ကြက်သွန်နီ စတာတွေနဲ့ တွဲဖက်စားရင် ပန်ကရိယအပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအမျိုးမျိုးရဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးကာ ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။


(၃) ဟင်းနုနယ်ရွက်

ဗီတာမင်ဘီနဲ့ သံဓာတ်ပါဝင်မှုများတဲ့ ဟင်းနုနယ်ရွက်ဟာ ပန်ကရိယရဲ့ အခြေခံလိုအပ်ချက်ကို ပြည့်ဝစေပါတယ်။ သံဓာတ်က ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးပြီး ဗီတာမင်ဘီက ပန်ကရိယကို အားဖြည့်ပေးပါတယ်။ ကြက်သွန်နီနဲ့ ဟင်းနုနယ်ရွက်ကို သုပ်စားတာ ဒါမှမဟုတ် ဟင်းနုနယ်ရွက်ကို ကြက်သွန်ဖြူနဲ့ကြော်စားတာက ပန်ကရိယကို ကျန်းမာစေပါတယ်။ ဟင်းနုနယ်ရွက်မှာ ကင်ဆာဟန့်တားအစွမ်းဖြစ်တဲ့ MGDG (monogalactosyldiacyl-glycerol) ပါဝင်တာကြောင့် ပန်ကရိယကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။


(၄) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပွင့်နဲ့ ကိုက်လန်တွေမှာ ပန်ကရိယရှိကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်စွမ်းရှိပြီး ရောဂါကင်းစင်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းတွေက အာဟာရဓာတ်စုပ်ယူလွယ်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို ချေဖျက်ပေးပါတယ်။


(၅) အနီရောင် စပျစ်သီး

အနီရောင်စပျစ်သီးမှာ ရက်စ်ဗာရထရောလို့ခေါ်တဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်ပါတယ်။ ဒါက ပန်ကရိယကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပန်ကရိယကင်ဆာဆဲလ်တွေကို ချေဖျက်ပေးပါတယ်။ တစ်နေ့မှာ စပျစ်သီးလက်တစ်ဆုပ်စာပမာဏ စားပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။


(၆) ကန်စွန်းဥ

ဦးနှောက်အတွက် သစ်ကြားသီး၊ အရိုးအတွက် တရုတ်နံနံပင်၊ နှလုံးအတွက် ခရမ်းချဉ်သီးတို့လိုပဲ ပန်ကရိယအတွက် ကန်စွန်းဥက သင့်တော်ကောင်းမွန်ပါတယ်။

အကြံပြုချက်

– ပန်ကရိယမကောင်းတဲ့သူ၊ ပန်ကရိယ ရောင်ရမ်းနေသူတွေက အဆီကနေ ကယ်လိုရီ ၃၀-၄၀ ရာခိုင်နှုန်းသာရယူသင့်ပြီး သဘာဝအစားအသောက်တွေကသာ ကယ်လိုရီများများ ရယူသင့်ပါတယ်။

– အရက်၊ ပြုပြင်ထားတဲ့အစာ၊ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စတာတွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။

– ရေသောက်တာက ပန်ကရိယရောင်တာအပါအဝင် ပန်ကရိယဆိုင်ရာ ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top