Healthy Life Ad
Life Style

အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်သွားခြင်းနှင့် ဆက်စပ်နေသည့် ကျန်းမာရေးအခြေအနေများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဟောက်သံထွက်တာက ရယ်စရာ ကောင်းနေနိုင်ပေမယ့် အိပ်ပျော်ရင်း ခေတ္တအသက်ရှူရပ်သွားတာက ဟာသမဟုတ်ပါဘူး။ ဒီလို ဖြစ်တာက သွေးဖိအားကိုတိုးစေနိုင်သလို ဆီးချိုသွေးချို ရောဂါဖြစ် နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ အောက်ပါ ကျန်းမာရေးပြဿနာခုနစ်ခုက အိပ်ပျော်နေတုန်းမှာ ခေတ္တအသက်ရှူရပ်သွားတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

(၁) သွေးတိုးခြင်း
အိပ်ပျော်နေတုန်း ခေတ္တအသက်ရှူရပ်သွားတဲ့ လက္ခဏာရှိသူတွေက သွေးဖိအားကို တိုးစေနိုင်ပါတယ်။ အိပ်ပျော်စဉ် ခေတ္တအသက်ရှူရပ်ပြီး ညဘက် မကြာခဏနိုးနေတာက ဟော်မုန်းစနစ် အပြောင်းအလဲကြောင့်ဖြစ်နိုင်သလို ညဘက်မှာ သွေးတိုးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်လျော့နည်းတာကြောင့် အိပ်ရင်း ခေတ္တအသက်ရှူရပ်တတ်တဲ့သူတွေအနေနဲ့ သွေးတိုးနိုင်ခြေများပါတယ်။

(၂) နှလုံးရောဂါ
အိပ်ရင်း ခေတ္တအသက်ရှူရပ်တဲ့သူတွေက နှလုံးရောဂါထနိုင်ခြေများပြီး ညဉ့်လယ်မှာ သေဆုံးနိုင်ခြေရှိပါတယ်။ အကြောင်းကတော့ အိပ်နေချိန်မှာ အောက်ဆီဂျင်လျော့နည်းတာနဲ့ စိတ်ဖိစီးမှု နှလုံးခုန်နှုန်း မမှန်ဖြစ်ရတာကြောင့်ပါ။ အိပ်ရင်းခေတ္တအသက်ရှူရပ်လို့ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ရတာက ဦးနှောက်ဟာ ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကိုထိန်းချုပ်ဖို့ ပင်ပန်းစေနိုင်ပါတယ်။

(၃) အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါ
အိပ်ရင်းခေတ္တအသက်ရှူရပ်တာက အမျိုးအ စား (၂) ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အလွန်အ ဖြစ်များပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က အိပ်ရင်းခေတ္တအသက်ရှူရပ်တတ်လို့ပါ။ လေ့လာမှုအရ အိပ်ရင်းခေတ္တ အသက်ရှူရပ်တာနဲ့ ဆီးချိုသွေးချိုရောဂါက ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ မသေချာပေမယ့် အိပ်ရင်းခေတ္တအသက်ရှူရပ်တာက ဆီးချိုရောဂါရဲ့ အကြိုဖြစ်တဲ့ အင်ဆူလင်ကို Resistance ဖြစ်စေတာကြောင့်ပါ။

(၄) ကိုယ်အလေးချိန် မြင့်တက်ခြင်း
ကိုယ်အလေးချိန်မြင့်တက်တာက အိပ်ရင်း ခေတ္တ အသက်ရှူရပ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် အိပ်ရင်းခေတ္တ အသက်ရှူရပ်သူ လူ သုံးပုံနှစ်ပုံကျော်က အဝလွန်နေကြပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချလိုက်ရင် အိပ်ရင်းအသက်ရှူ ရပ်နိုင်ခြေ လျော့ကျသွားနိုင်ပါတယ်။

ကိုယ်အလေးချိန် ပိုများတဲ့အခါ လည်ပင်းမှာ အဆီတွေစုနေပြီး ညမှာအသက်ရှူနှုန်းကို ပိတ်ဆို့မှု ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာက ခန္ဓာကိုယ်ရဲ့ အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေပြီး Ghrelin ဟော်မုန်းထုတ်လုပ်မှု တိုးစေကာ ကာဗိုဟိုက်ဒရိတ်နဲ့ အချိုစာတွေကို ချဉ်ခြင်းတပ်စေနိုင်ပါတယ်။ အိပ်ရင်းခေတ္တအသက်ရှူရပ်တတ်သူတွေက တစ်ချိန်လုံးပင်ပန်းနေတတ်ပြီး အိပ်ငိုက်နေကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနှေးစေတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတဲ့အနေနဲ့ အားကစားလုပ်တာနဲ့ တခြားလှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပါက စိတ်ခံစားမှုကို ပိုကောင်းစေပါလိမ့်မယ်။

(၅) ပန်းနာရင်ကျပ်ရောဂါ
အိပ်ရင်း ခေတ္တအသက်ရှူရပ်တတ်တဲ့ ဝေဒနာကို ကုသမှုခံယူလိုက်တဲ့အခါမှာ ပန်းနာရင်ကျပ် ရောဂါထနိုင်ခြေ လျော့ပါးသွားတာကို လေ့လာမှုတွေအရသိရပါတယ်။

(၆) ရင်ပူခြင်း
အိပ်ရင်း ခေတ္တအသက်ရှူရပ်သွားတတ်တာက အက်ဆစ်ပြန်တက်မှုကို ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက်မရှိသေးပေမယ့် လူနာအများစုက အက်ဆစ်ဆန်တက်တယ်လို့ ဆိုကြပါတယ်။ အိပ်ရင်း ခေတ္တအသက်ရှူရပ်တာကို ကုသမှုခံယူလိုက်တဲ့အခါမှာ ရင်ပူသက်သာသွားကြတယ်လို့ လူနာတွေက ဆိုပါတယ်။

(၇) ကားမတော်တဆထိခိုက်မှု
ညဘက်အိပ်ရင်း ခေတ္တအသက်ရှူရပ်တတ်သူတွေဟာ နေ့ခင်းအချိန်မှာ အိပ်ငိုက်တတ်ပါတယ်။ ဒါကြောင့် ကားမောင်းရင်း အိပ်ငိုက်တာကြောင့် ပုံမှန်အိပ်ရေးဝသူတွေနဲ့ ယှဉ်ရင် ကားမတော်တဆထိခိုက်နိုင်ခြေငါးဆနဲ့အထက် ပိုများနေတတ်ပါတယ်။

မှတ်ချက်။ ။အိပ်ရင်း ခေတ္တအသက်ရှူရပ်တတ်တဲ့ ပြဿနာရှိရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှုကိုခံယူဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top