Healthy Life Ad
Life Style

သက်သတ်လွတ်နှင့် ကျန်းမာရေး (Vegetarianism)

ဒေါက်တာတင့်ဆွေ

၁။ ဆရာ . . ကျွန်မအသက် ၄၁ နှစ်၊ အိမ်ထောင်ရှိပါတယ်။ မြန်မာပြည်မှာ နေထိုင်နေတယ်ဆရာ။ ကျွန်မအရင်က ကိုယ်ဝန် ၂ခါပျက်ဖူးတယ်။ ယခု ကိုယ်ဝန်ထပ်ရှိပြန်တယ်။ ပြီးတော့ ကျွန်မ သက်သတ်လွတ်စားသူဖြစ်တယ်။ ကျွန်မက မွေးမြူရေးလုပ်သူဆိုတော့ ငါးသတ်မိတယ်ဆိုတော့ ကလေးနှုတ်ခမ်းကွဲမွေးမှာစိုးရိမ်မိတယ်။ ကိုယ်ဝန် ဘယ်နှစ်လဆိုရင် နှုတ်ခမ်းကွဲမကွဲ၊ ကိုယ်စုံမစုံကြည့်လို့ရလဲ။ ပြီးတော့ သတ်သတ်လွတ်စားတော့ အာဟာရချို့တဲ့ရင်လည်း နှုတ်ခမ်းကွဲတတ်တယ်လို့ ပြောကြလို့ပါ။ ကျွန်မ စိတ်အရမ်းလှုပ်ရှားနေပါတယ်။ ကိုယ်ဝန်က ခန့်မှန်း ၁လကျော် ၂လလောက်ရှိပြီဆရာ။ ကျေးဇူးပြုပြီး အကျိုးအကြောင်းလေး သိပါရစေဆရာ။

၂။ ကျွန်နော့်အဖေက အသက် ၁၂ အရွယ်က နေ နှစ် ၆၀လုံး သက်သတ်လွတ်စားပါတယ်။ အပြင်အစားအစာလည်း အစားနည်းပါတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားပါဘူးဆရာ။ နောက်ဆုံး ရေဖျင်းဖြစ်ပြီး ရေဖောက်ထုတ်တာနဲ့ တပတ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်ဆရာ။ အနီးဝန်းကျင် က လူတွေလည်း သက်သတ်လွတ်စားသမားတွေရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သက်သတ် လွတ်စားဖို့ ကြိုးစားနေလို့ပါဆရာ။ ဒီရေဖျင်းဖြစ်တာက သက်သတ်လွတ်စားတာနဲ့များ သက်ဆိုင်ပါသလား ဆရာ။

၃။ အစားအသောက်စားရင် သက်သတ်လွတ် အသီးအနှံချည်းပဲစားတာ လူအတွက် ကောင်းပါသလား ဆရာ။ အဲလိုစားရင် အာဟာရဓါတ်တွေ ဘာတွေများ ချို့ယွင်းနိုင်ပါသလဲဆရာ။

၄။ သက်သက်လွတ်စားခြင်းသည် ဘုရားအလိုတော်ကျ ဟုတ်မဟုတ်။ အကြောင်းအကျိုး အကောင်းအဆိုးကို မသိတတ်တဲ့ လူမိုက်ဟာ နိဗ္ဗာန်ရဖို့ရည်ရွယ်ပြီး အစားမစားဘဲကျင့်သည်ဖြစ်စေ၊ သမန်းမြတ်များနှင့် တလမှ တကြိမ်တို့စားပြီး ကျင့်သည်ဖြစ်စေ၊ သိအပ်သောတရားကို သိတဲ့ပုဂ္ဂိုလ်တို့ရဲ့အကျင့်ကို (၁၆)စိတ်ပြီး တစိတ်မျှပင် မမှီနိုင်ဘူးလို့ဆိုပြီးဓမ္မပဒမှာလာပါတယ်။ (အရှင်နန္ဒမာလာ)

မွေးရာပါချို့ယွင်းချက်ဆိုတာ အစားအသောက် နဲ့မဆိုင်ပါ။ မျိုးဗီဇချို့ယွင်းလို့ဖြစ်တာက များတယ်။ တခါတလေ ဘာလို့ မသိနိုင်။ သက်သတ်လွတ်စားသူ တွေမှာ လိုအပ်တာရှိတယ်။

ဆရာဝန်တွေကတော့ သက်သတ်လွတ်စားပါလို့ မတိုက်တွန်းပါ။ အာဟာရအကြောင်းရေးထားတာ ကိုပို့လိုက်တယ်။ လူတွေ ဘယ်ဓာတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာ တွေတွေ့မှာပါ။

ဒီဓာတ်တွေ ဘယ်ကနေရရ ပြည့်ဝမျှတဖို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သိထားဖို့က လူတွေဟာ အစုံစားသက်ရှိဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကိုယ်ဟာ အစုံလိုတယ်။

အသားထဲကသာ ရတာတိုင်းကိုတော့ အသားမစားသူတွေ မရနိုင်ပါ။ အားဆေးဆိုတိုင်းလည်း အစားအစာလောက် မပြည့်စုံပါ၊ မကောင်းလှပါ။

သက်သတ်လွတ် စားတာမှာ ကျန်းမာရေးဒေါင့်ကကြည့်ရင် အကျိုးတွေရော စိုးရိမ်စရာတွေပါရှိတယ်။ သုတေသနအဖြေတွေအရ အဝလွန်သူနည်းတယ်၊ နှလုံး-သွေးကြောရောဂါ နည်းတယ်။ သွေးတိုးကြောင့် သေဆုံးရတာ နည်းတယ်လို့ သိရတယ်။ (ကယ်လိုရီ) အဆီကနေရတာ နည်းတယ်။ အမျှင်ဓာတ်(ဖိုက်ဘာ) ပိုရမယ်။

ပိုတက်ဆီယမ်နဲ့ ဗီတာမင် (စီ)၊ (အီး)တွေရမယ်။ ကျယ်ပြန့်တဲ့ လေ့လာမှုတစ်ခုအရ နှလုံးသွေးကြောကျဉ်းလို့သေဆုံးရသူ ယောကျာ်း ၃၀% နဲ့ မိန်းမ ၂၀% ပိုနည်းတယ်။ ဒါဟာ Saturated fat, Cholesterol and Animal protein အဆီဓာတ်တွေနည်းလို့ ဖြစ်တယ်။

အားနည်းမှာတွေကတော့ –
ဖက်တီးအက်စစ် အိုမီဂါ-၃ကို Olive oil, soy, walnuts, pumpkin seeds, canola oil, kiwifruit, hempseed, algae, chia seed, flaxseed, echium seed, lettuce, spinach, cabbage eJY purslane တွေကရမယ်။ ပဲပုတ်စားပါ။ အစေ့အဆံစားပါ။

ပရိုတင်းနည်းနည်းလေး နည်းတယ်။ အားကစားသမားတွေဆိုရင် သိပ်မဆင်မပြေဘူး။ စုံ အောင်စားသူဆိုရင်တော့ နည်းတာမတွေ့ဘူးလို့ နိုင်ငံစုံက လေ့လာမှုတွေက ဆိုတယ်။

သံဓာတ်ပါဝင်မှုမှာ အလေးချိန်အရ အတူတူ ပဲ ပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးချဖို့ အစွမ်းမှာ တော့ နည်းတဲ့အမျိုးအစားဖြစ်နေတယ်။ ပဲနက်၊ ပဲ အမျိုးမျိုး၊ မုန်လာပွင့်စိမ်း၊ မုန်လာထုပ်၊ မုန်လာဖြူ၊ သီဟိုစေ့၊ နတ်တော်ပဲ၊ ပဲပုပ်၊ ဟင်းနုနွယ်၊ စတာတွေ မှာ သံဓာတ်ပါတယ်။ ပဲအမျိုးမျိုးစားပါ။

ဗီတာမင် ဘီ ၁၂ဆိုတာ အသီးအနှံက ရတာ မဟုတ်ပါ။ ဘီ ၁၂ ကို ကိုယ်ကလိုတာ နည်းနည်းလေးပေမယ့် ချို့တဲ့ရင် ဆိုးတာတွေဖြစ်စေနိုင်တယ်။ အာရုံကြောအားနည်းစေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းရင် အထဲကကလေးကို ထိခိုက်မယ်။ ဝ-၆ လ ကလေး = ဝ.၄ mcg (မိုက်ခရိုဂရမ်)၊ ၉-၁၃ ကလေး = ၁.၈ mcg (မိုက်ခရိုဂရမ်)၊ ၁၄ နှစ်သား = ၂.၄ mcg (မိုက်ခရိုဂရမ်)၊ နို့တိုက်မိခင် = ၂.၈ mcg (မိုက်ခရိုဂရမ်)။

ကယ်လ်စီယမ်ကို အသားစားသူတွေနဲ့ အတူ ရနိုင်ပါတယ်။ တချို့မှာတော့ ကိုယ်ထဲဓာတ်ပြုမှု အားနည်းတာတွေ့ရတယ်။ နွားနို့ပါ သောက်သူတွေ ဆိုရင်ကောင်းမယ်။ မုန်လာပွင့်စိမ်း၊ ပဲသီး၊ ပဲစို၊ ပဲနီလေး၊ မုန်လာထုပ်၊ မုန်လာဖြူ၊ ဟင်းနုနွယ်တွေမှာ ကယ်လ်စီယမ်ပါတယ်။ စိမ်းတဲ့အသီးအရွက် အမယ် စုံအောင်စားပါ။
လူတွေဟာ စားတဲ့အစာအပေါ်မူတည်ပြီး ရုပ်ရော စိတ်ကိုပါ မတူကြပါ။ ဘာသာရေးအရ အသား ရှောင်ရင် ဘာသာရေးအကျိုး ရပါလိမ့်မယ်။ လူတိုင်း ဟာ ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့ ဒွိဟကို ကြုံရပြီး၊ ကိုယ့်သဘောအရ ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ဟင်ဒူဘာသာဝင်တွေက အသားမစားကြပါ။

နွားနို့ကိုတော့ ပိုသောက်ကြတယ်။ ဒီ့ထက် ပိုသူတွေက ကြက်ဥ စားတယ်။ နောက်တဆင့်သမား \တွေက ငါး၊ ကြက်သားစားတယ်။ အမဲသားကိုတော့ ရှောင်ကြတယ်။ ဟင်ဒူဘာသာဝင်တွေကလည်း သန်း ထောင်ဂဏန်းရှိပြီး၊ အမဲသားကို အဓိကထားစားတဲ့ မွတ်ဆလင်တွေကလည်း သန်းထောင်နဲ့ ရှိကြတယ်။ ကျန်းမာရေးကတော့ ဘယ်ဘာသာကိုမှ ခွဲမကြည့်ပါ။

တရုတ်ပြည် လူဦးရေ = ၁.၃၅၇ ဘီလီယန်
အိန္ဒိယနိုင်ငံ လူဦးရေ = ၁.၂၅၂ ဘီလီယန်
တကမ္ဘာလုံး မွတ်ဆလင်လူဦးရေ = ၂.၃၄ ဘီလီယန်
တကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်လူဦးရေ = ၁.၆ ဘီလီယန်

_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top