Healthy Life Ad
Q & A

သည်းခြေထုတ်ထားသူအတွက်နေထိုင်စားသောက်မှုပုံစံ

မေး ။ အဖေ့အသက်က ၄၂နှစ်ပါ။ သည်းခြေထုတ်ထားပါတယ်။ သည်းခြေထုတ်ပြီးနောက် ဒေါသပိုကြီးလာပါတယ်။ သည်းခြေထုတ်ထားသူအနေ နဲ့ရှောင်ရမယ့် အလေ့အကျင့်တွေ၊ ရှောင်ရမယ့် အစားအသောက်တွေသိချင်ပါတယ်။ ဘာတွေ ဆောင်သင့်၊ စားသင့်တယ်ဆိုတာလည်း သိချင်ပါတယ်ခင်ဗျာ။

မောင်နိုင်၊ မင်္ဂလာဒုံ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည် ဖြေကြားပေးပါသည် ။
ဖြေ ။ သည်းခြေထုတ်ထားတာနဲ့ ဒေါသကြီးတာ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သုတေသန စာတမ်း မဖတ်ဖူးပါဘူး။ သည်းခြေမရှိတာကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာနဲ့ စိတ်တိုတာကလည်း ဆက်စပ်မှုမရှိပါဘူး။

သည်းခြေရဲ့လုပ်ငန်းဆောင်တာက အသည်းကနေ စစ်ထုတ်ပေးလိုက်တဲ့ သည်းခြေရည်တွေကို စုဆောင်းထားပေးတယ်။ အစာစားပြီးနောက်မှာ အဆီကိုချေဖျက်ဖို့အတွက် လိုရင်လိုသလို သည်းခြေရည် ထုတ်ပေးလို့ရအောင် သိမ်းဆည်းထားပေးပါတယ်။ အစာစားတဲ့အထဲမှာ အဆီများများပါရင် သည်းခြေက အဆီကို များများချေဖျက်နိုင်အောင် သည်းခြေရည်ကို များများညှစ်ထုတ်ပေးပါတယ်။ အဆီနည်းနည်းပဲစားရင် သည်းခြေက သည်းခြေရည်ကို နည်းနည်းပဲညှစ်ထုတ်ပေးပါတယ်။ သည်းခြေထုတ်လိုက်တဲ့အခါမှာ သည်းခြေရည် က အူသိမ်ထဲကို ပုံမှန်လေးစီးဆင်းသွားတယ်။ အဲဒီလိုဆိုတော့ အဆီတွေကို ခါတိုင်းလို အများကြီးစားလို့ မရတော့ပါဘူး။ အဲဒီအတွက် ဆီအပါအဝင် အဆီအအိမ့်များများစားရင် သည်းခြေရည်က ကောင်းကောင်းမချေ ဖျက်နိုင်တဲ့အခါမှာ ရင်ပြည့်ရင်ကယ်ပျို့အန်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကလွဲပြီး အစာချေဖျက်မှုအပိုင်း မှာ ကြီးကြီးကျယ်ကျယ် ပြဿနာမရှိပါဘူး။ သည်းခြေထုတ်ထားတဲ့လူတွေအနေနဲ့ကတော့ အစားအသောက်ထဲမှာ အဆီကိုလျှော့ပြီး စားသုံးသင့်ပါတယ်။ ပြောရရင် ကျန်းမာလိုသူတိုင်း စားသောက်တဲ့ ပုံစံအတိုင်း အသီးအရွက်၊ အသီးအနှံ ပိုစားပါလို့ အကြံပြုလိုပါတယ်။

သည်းခြေထုတ်လိုက်ရတဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုတာ ပြန်ဆန်းစစ်ဖို့လိုတယ်။ တကယ်လို့ သည်းခြေထုတ်ရတာက ဆက်လက်ကုသရမယ့် ရောဂါတွေကြောင့်ဆို အဲဒါကို ဆက်လက်စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top