Healthy Life Ad
Life Style

ဓာတ်ရောင်ခြည်ကုထုံး (Radiation)ခံယူချိန်နှင့် ခံယူပြီးချိန် စားသင့်သည့် အစာအာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ) နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဓာတ်ရောင်ခြည်ကုထုံး ခံယူချိန်နဲ့ခံယူပြီးချိန်တွေမှာ ဘယ်လို အစာအာဟာရတွေကို စားပေးသင့်ပါသလဲ ဆရာမ။
ဖြေ ။ အပင်တွေမှာပါတဲ့ ကွာလီဖီနောဆိုတဲ့ ဓာတ်တစ်မျိုးကိုက ဓာတ်ရောင်ခြည်ကြောင့်ဖြစ်စေတဲ့ ဆဲလ်တွေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အဲဒီဓာတ်က ဘယ်အစားအစာမှာအများဆုံးပါလဲဆိုတော့ Green Tea လို့ ခေါ်တဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ကြမ်း မှာ ဖြစ်ပါတယ်။ ဒီတော့ ဆေးစစ်လို့ ဓာတ်ရောင်ခြည် ထိတာခံထားဖူးတဲ့လူနာတွေ၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူထားသူတွေ Green Tea ကို အလျှင်းသင့်သလို သောက်ပေးသင့်ပါတယ်။ ပြီးတော့ Soybeanလို့ ခေါ်တဲ့ ပဲပိစပ်ကနေ ထုတ်ထားတဲ့ ပဲနို့များများ သောက်ပေးဖို့ လိုပါတယ်။ ပဲနို့မှာက ဓာတ်ရောင်ခြည်ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ပဲနို့ထဲမှာ ပါဝင်တဲ့ ဂျက်နက်စတင်နဲ့ အိုင်ဆိုဖလဗင်းဆိုတဲ့ ဓာတ်တွေဟာ အဏုမြူဓာတ်ရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ ဒီအင်န်အေ (DNA) တွေကို ပြန်ပြီး ပြုပြင်ကာကွယ်ပေးနိုင်ပါတယ်။

မေး ။ တခြားဘယ်လိုသဘာဝအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ ဆရာမ။
ဖြေ ။ ကာကူမင်ဆိုတဲ့ ဓာတ်တစ်မျိုးကလည်း ဓာတ်ရောင်ခြည်ထိလို့ ဆဲလ်တွေပျက်စီးတာကို ပြန်လည်ထိန်းသိမ်းပေးနိုင်တယ်လို့ သိရပါတယ်။ မန်ကျည်းသီးမှည့်မှာ ပါပါတယ်။ ဒီတော့ မန်ကျည်းသီးနဲ့ လုပ်ထားတဲ့ အစာတွေ စားတာ၊ မန်ကျည်းဖျော်ရည် သောက်တာမျိုး လုပ်နိုင်ပါတယ်။

ဆဲလ်တွေပျက်စီးမသွားနိုင်အောင် နောက်ထပ်ကာကွယ်ပေးနိုင်တဲ့ အစာတွေကတော့ ကြက်သွန်ဖြူနဲ့ဂျင်းတို့ဖြစ်ပါတယ်။ ဒီအစာတွေက သူတို့ကိုယ်တိုင်က ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်အစွမ်းရှိတာကြောင့် များများစားနိုင်ပါတယ်။

လူသိများတဲ့ နိုင်ငံတကာတိုင်းရင်းဆေးတစ်မျိုးဖြစ်တဲ့ ဂျင်းဆင်းမြစ်ကလည်း ဓာတ်ရောင်ခြည်ထိလို့ဖြစ်နိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေကို ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး နနွင်းနဲ့ ပဲသီးစိမ်းကလည်း ဓာတ်ရောင်ခြည်ထိထားတဲ့သူကို ကာကွယ်ပေးနိုင်တာကြောင့် အဆင်ပြေတဲ့ပုံစံမျိုးစုံပြုလုပ်ပြီး စားနိုင်ပါတယ်။

နောက်ထပ် အရေးပါတဲ့ ဓာတ်တွေကတော့ အင်တီအောက်ဆီးဒင့်ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် စီ၊ ဗီတာမင်အီးနဲ့ ဘီတာကယ်ရိုတင်းတို့ဖြစ်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေပါတဲ့ အသီးတွေလည်း များများစားနိုင်ပါတယ်။

အရေးကြီးတဲ့ နောက်ထပ်ဓာတ်တစ်မျိုး Liponic acid က ကိုယ်ခံအားကို ကောင်းစေပါတယ်။ သူရဲ့ စွမ်းရည်တော့ အရေပြားမှာကင်ဆာအနာဖြစ်ပြီး ရောင်ရမ်းတဲ့အခြေအနေကို အရောင်လျော့စေပါတယ်။ သူ့ကို တခြားအင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဆီလီနီယမ်တို့နဲ့ပေါင်းပြီး ပေးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ ဓာတ်ရောင်ခြည်အဆိပ်တွေကို တော်တော်များများ ဖျက်လိုက်နိုင်တယ်လို့သိရပါတယ်။ ဒီအက်စစ်ဓာတ်များများရရှိနိုင်တဲ့ အစားအစာတွေကတော့ တိရစ္ဆာန်ကလီစာတွေဖြစ်တဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီးတို့ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်ထိထားတဲ့သူတွေ အဓိက စားပေးရမယ့်အစားအစာတွေရှိပါသေးတယ်။ အဲဒါတွေ ကတော့ စိမ်းပြာရေညှိ၊ ရိုးရိုး ရေညှိ၊ လက်ဖက်စိမ်း လက်ဖက်ရည်ကြမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကန်စွန်းရွက်၊ ပန်းသီး၊ လီမွန်၊ နံနံပင်၊ မုန်လာဥနီ၊ ဂျင်း၊ ထောပတ်သီး၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ အုန်းဆီစတာတွေဖြစ်ပါတယ်။ နောက်ပြီး ဇင့်(သွပ်) ပါတဲ့အစားအစာတွေ၊ ဇင့်ဓာတ်ဖြည့်စွက်ဆေး စတာ တွေကို မှီဝဲပေးဖို့လည်း လိုအပ်ပါတယ်။ ဇင့်ဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကတော့ အသား၊ ဥ အမျိုးမျိုးနဲ့ ပင်လယ်စာတွေဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဝါရောင်ရှိတဲ့ အသီးတွေကို များများစားပေးတာလည်း ကောင်းပါတယ်။

နောက်ပြီး သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာကို ကူညီပေးနိုင်တဲ့ ငှက်ပျောသီးလည်း များများ စားပေးဖို့လိုပါတယ်။ စပျစ်သီးခြောက်တွေ၊ အာလူး၊ အခွံမာအစေ့တွေကို သင့်တော်သလို စားပေးတာ အပြင် အုန်းရည်လည်း သောက်နိုင်ပါတယ်။ ဒိန်ချဉ်လည်း သောက်နိုင်ပါတယ်။

မေး ။ ဓာတ်ရောင်ခြည်ကုထုံး ခံယူနေရသူတွေနဲ့ ခံယူထားရသူတွေအတွက် အကြံပြုစကားလေး ပြောပေးပါဦး ဆရာမ။
ဖြေ ။ ဆေးကုသမှုခံယူလို့ ဓာတ်ရောင်ခြည်ထိတာက အရမ်းကြီး စိုးရိမ်စရာတော့မရှိပါဘူး။ ဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲတာမျိုးမှသာ အရမ်းကြီးမားတဲ့ အန္တရာယ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ နူကလီယားဓာတ်ပေါင်းဖိုတွေအများကြီး ဆောက်ထားတော့ သူတို့ဆို မကြာမကြာဆိုသလို အဲဒီဓာတ်ပေါင်းဖို တွေဆောက်ထားတဲ့ ကျွန်းတစ်ခုလုံးကိုထားပြီး ပြေးရတာမျိုး ရှိတယ်လို့ ကြားဖူးပါတယ်။ ဓာတ်ပေါင်းဖိုပေါက်တဲ့အခါ ဓာတ်ရောင်ခြည်သင့်စေတဲ့ အမှုန်အမွှားတွေက လေထဲကိုရောက်မယ်၊ ရေထဲ ကိုရောက်ရာကနေ လူတွေအတွက် အရမ်းကို အန္တရာယ်များတဲ့ အခြေအနေတွေဖြစ်ပါတယ်။

ဒီတော့ဆေးကုသမှုခံယူဖို့ ဓာတ်ရောင်ခြည်ကို မဖြစ်မနေ ထိတွေ့ရမယ့်သူတွေကို အဓိက အကြံပြုချင်တာက အစားအစာတွေ မစားဖြစ်ဘူးဆိုရင်တောင် လက်ဖက်စိမ်းလက်ဖက်ရည်ကြမ်း ဒါမှမဟုတ် ရေနွေးကြမ်းများများ သောက်ပေးပါ။ ရေနွေးကြမ်းထဲမှာက အဓိက EGCG ဆိုတဲ့ ကက်တီချင်ဓာတ် ပါတာကြောင့် ဓာတ်ရောင်ခြည်ထိလို့ ဆဲလ်တွေ သေဆုံးနှုန်းများတာကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါမှ ဓာတ်ရောင်ခြည်ထိတာကို စိတ်မပူဘဲ ထိရောက်တဲ့ ကုသမှုတွေ ခံယူနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top