Healthy Life Ad
Health Tips

နွားနို့၏ ရောဂါကာကွယ်နိုင်စွမ်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွားနို့မှာ ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုးရှိတဲ့အနက် ရောဂါကာကွယ်နိုင်စွမ်းရှိတာကိုလည်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်။

သွေးတိုးကို ထိန်းညှိပေးနိုင်ခြင်း

သွေးတိုးနေတဲ့လူတွေဟာ ဆား(ဆိုဒီယမ်) ပါဝင်မှုနည်းတဲ့ အစားအသောက်တွေကို စားသုံးဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ လေ့လာမှုအမျိုးမျိုးအရ သွေးတိုးရောဂါရှိသူတွေမှာ နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားပြီး အဆီမပါတဲ့ နွားနို့နှစ်ဖန်ခွက်သောက်ပေးတာကြောင့် သွေးတိုးထိန်းနိုင်တာကို တွေ့ရပါတယ်။ နွားနို့ထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် သတ္တုဓာတ်တွေကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တာဖြစ်ပါတယ်။

အရိုးများကို သန်စွမ်းစေခြင်း

နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေဟာ အရိုးတွေကို သန်စွမ်းကျန်းမာဖွံ့ဖြိုးစေပါတယ်။ နွားနို့ကို ပုံမှန်သောက်တာကြောင့် အရိုးအက်နိုင်ခြေနဲ့ အရိုးပါးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ ကင်းဝေးစေခြင်း

အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မှန်မှန်သောက်သုံးတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နွားနို့သောက်တာကြောင့် ခန္ဓာကိုယ်က ကယ်လ်စီယမ်ပမာဏများများရရှိကာ နှလုံးရောဂါအမောဖောက်တာ (Heart Attack) မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးထဲမှာမလိုလားအပ်တဲ့ကို လက်စထရောအဆီဓာတ်ကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးခြင်း

ဆီးချိုသွေးချိုရောဂါဟာ အရွယ်ရောက်သူတွေမှာ အဖြစ်များတဲ့ ရောဂါပါ။ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းကို သောက်တာက အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

အဝလွန်ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း

အဆီနည်းနို့ကို ပုံမှန်သောက်တာကြောင့် အာဟာရဓာတ်ပြည့်ဝစေပြီး ဗိုက်ပြည့်ကာ အဆာခံစေပါတယ်။ နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ကလည်း ခန္ဓာကိုယ်အဆီတွေကို လျော့ကျစေတာကြောင့် အဝလွန်ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကင်ဆာရောဂါအန္တရာယ်လျော့ကျခြင်း

အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ဟာ ပုံမှန် အဆီနည်းနို့သောက်တာကြောင့် လျော့ကျစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းထဲမှာပါတဲ့ ကယ်လ်စီယမ်နဲ့ CLA (Conjugated Linolenic Acid) ဟာ ခန္ဓာကိုယ်ကို အူမကြီးနဲ့ ရင်သားကင်ဆာဖြစ်နှုန်း လျော့ကျအောင် ကူညီပေးပါတယ်။

သွားကျန်းမာရေးကို ကောင်းမွန်စေခြင်း

နွားနို့ထဲမှာ ကေစင် (Casein) ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒီပရိုတင်းဓာတ်ဟာ သွားကြွေလွှာမျက်နှာပြင်ကို အကာအကွယ်ပေးထားပါတယ်။ နွားနို့ထဲမှာပါတဲ့ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာလည်း သွားတွေကို သွားပိုးစားတာမဖြစ်အောင် အကာအကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top