Healthy Life Ad
Health Tips

အိပ်ရာမဝင်ခင် နွားနို့သောက်သင့်ရခြင်း အကြောင်းရင်း (၄) ရပ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နွားနို့မှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး အရိုးကျန်းမာစေပါတယ်။ အိပ်ရာမဝင်ခင် နွားနို့သောက်ပေးရင် မြန်မြန်အိပ်ပျော်စေသလို အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။ သန်းခေါင်ယံအချိန်မှာ လန့်နိုးလာတာ မဖြစ်တော့ဘဲ တစ်ညလုံး အိပ်ရေးဝဝ အိပ်ပျော်စေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။

(၁) နွားနို့မှာပါတဲ့ ဓာတ်တွေက အိပ်ရေးဝဝ အိပ်မောကျစေလို့ပါ

နို့သောက်တာက အိပ်ရေးဝဝ အိပ်မောကျစေတယ်လို့ လူနဲ့တိရစ္ဆာန်တွေကို လေ့လာမှုများစွာအရ သိရှိပြီးသား ဖြစ်ပါတယ်။ နွားနို့မှာပါတဲ့ ထရစ်ပတိုဖန်နဲ့ မယ်လတိုနင်ဓာတ်တွေက သင့်ကို မြန်မြန်နဲ့ အလွယ်တကူ အိပ်မောကျစေလို့ပါပဲ။ ထရစ်ပတိုဖန်ဓာတ်က ဆီရိုတိုနင်ထွက်ရှိစေတဲ့ အဓိကကဏ္ဍမှာ ပါဝင်ပြီး စိတ်ခံစားမှုမြင့်တက်ခြင်း၊ အပန်းပြေခြင်း စတဲ့ ကောင်းကျိုးတွေ ရှိစေပါတယ်။ မယ်လတိုနင်က အိပ်စက်မှုဇီဝနရီကို ဟန်ချက်ညီစေပြီး အိပ်မောကျစေပါတယ်။ မယ်လတိုနင်နဲ့ ထရစ်ပတိုဖန်ဓာတ်တွေက အိပ်ချိန်ကို ပိုဆိုးစေနိုင်တဲ့ စိုးရိမ်သောကများတာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။

(၂) ပရိုတင်းဓာတ် ပါဝင်မှုမြင့်မားလို့ပါ

အိပ်ရာမဝင်ခင် အစောကြီးကတည်းက ညစာစားရင် ဗိုက်ဆာပြီး အိပ်ပျော်ဖို့ ခက်နိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အိပ်ရာမဝင်ခင် နွားနို့သောက်ပေးပါ။ နွားနို့ပူပူလေးသောက်လိုက်တာက ပရိုတင်းဓာတ်ရရှိစေတဲ့အပြင် စိတ်ကလည်း တည်ငြိမ်သွားကာ အိပ်မောကျဖို့ အဆင်သင့်ဖြစ်စေပါတယ်။

(၃) ကိုယ်အလေးချိန် ထိန်းပေးလို့ပါ

နွားနို့သောက်တာက အိပ်ရေးဝဝ အိပ်မောကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။ အိပ်ရေးပျက်ရင် အစာများများ စားဖြစ်တဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်လာနိုင်ပါတယ်။ နို့မှာပါတဲ့ အာဟာရပြည့်ဝတဲ့ ပရိုတင်းဓာတ်က ညဘက်မှာ သရေစာ အစားထိုးဖြစ်သွားတဲ့အတွက် သရေစာမစားဖြစ်တော့ဘဲ ဝိတ်ထိန်းပေးပါတယ်။

(၄) ကြွက်သားထုထည်ကို တိုးစေလို့ပါ

နွားနို့မှာပါတဲ့ ကေစင်နဲ့ ဝှေးအမည်ရှိ ပရိုတင်းဓာတ်တွေက ညဘက်မှာ ပရိုတင်းတည်ဆောက်ဖြိုခွဲမှုကို တိုးစေတာကြောင့် ကြွက်သားထုထည်ကို တိုးစေတာဖြစ်ပါတယ်။

သတိပြုရန်။ ။ လက်တို့စ်နဲ့ မတည့်သူတွေအနေနဲ့ နွားနို့သောက်ရင် လေပွခြင်း၊ လေထခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top