Healthy Life Ad
Women

အစိုဓာတ်ထိန်းခရင်မ်အဖြစ်နှစ်ဆ အာနိသင်ရှိသည့်သင့်မီးဖိုချောင်ထဲက သဘာဝ အစာ ၁၀ မျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်အသားအရေ ကျန်းမာလှပစေတဲ့ လျှို့ဝှက်ချက်က သင့်အိမ်က မီးဖိုချောင်ထဲမှာ ရှိနေပါတယ်။ ဘယ်မော်ဒယ်လ်ကိုပဲ မေးမေး၊ အသားအရေ လှပကြည့်ကောင်းစေတဲ့ လျှို့ဝှက်ချက်ဆိုရင် အသားအရေကို အစိုဓာတ် ကောင်းကောင်း ထိန်းတယ်ဆိုတာကိုပဲ ပြောလေ့ရှိပါတယ်။ အစိုဓာတ်ထိန်းတာကြောင့် အသားအရေက ရေဓာတ်ထိန်းနိုင်ပြီး အသားအရေခြောက်သွေ့တာနဲ့ အရေးကြောင်းထင် အက်ကွဲတာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မီးဖိုချောင်ထဲက သဘာဝအစာတချို့မှာ သင့်အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းရှိနေပါတယ်။ တချို့အစာတွေ ဆိုရင် အစိုဓာတ်ထိန်းခရင်မ်ထက် နှစ်ဆတောင် ပိုပြီး အာနိသင်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်မီးဖိုချောင်ကို Spa တစ်ခုလို သုံးနိုင်ဖို့ အသုံးဝင်ထိရောက်တဲ့ သဘာဝအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အုန်းဆီ
အုန်းဆီက သဘာဝသြဂဲနစ်နေကာ ခရင်မ်တစ်မျိုးဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် အီးပါဝင်မှုများပြီး ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို ဟန့်တားနိုင်တဲ့ အာနိသင်ရှိတာကြောင့် အိုမင်းမှုကို တားဆီးကာကွယ်ပေးနိုင်တဲ့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးအဖြစ် အသုံးဝင်မှုရှိပါတယ်။ အုန်းဆီက အရေပြားထဲကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားတစ်သျှူးတွေထဲ နက်နက်ရှိုင်းရှိုင်း ရောက်ရှိစေတာကြောင့် အသားအရေကို စိုပြည်စေပါတယ်။ ဆေးဆိုင်က သင်ဝယ်သမျှ အစိုဓာတ်ထိန်း ခရင်မ်အများစုထက် ပိုပြီး ထိရောက်ကာ အသုံးဝင်မှု ရှိပါတယ်။


(၂) ထောပတ်သီး
ထောပတ်သီးကို ကျန်းမာရေးနဲ့အညီညွတ်ဆုံး သဘာဝ အစာတစ်မျိုးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ထောပတ်သီးမှာ ငှက်ပျောသီးမှာထက် ပိုတက်စီယမ်ဓာတ် ပိုမိုပါဝင်ပြီး ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီတို့ ပါဝင်မှုရှိပါတယ်။ ဒီဓာတ်တွေကို ထောပတ်သီးမှာပါတဲ့ ဖောလိတ်ဓာတ်နဲ့ ပေါင်းစပ် လိုက်တာကြောင့် သွေးနီဥဖြစ်ပေါ်မှုကို အားကောင်းစေပြီး အစိုဓာတ်ထိန်းခရင်မ်အဖြစ် အသုံးပြုနိုင်ပါတယ်။ ထောပတ် သီးမှာပါတဲ့ အဆီဓာတ်တွေက အရေပြားမှာ ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ဒါကြောင့် ထောပတ်သီးကို စားတာပဲဖြစ်ဖြစ်၊ အရေပြားမှာ အစိမ်းလိုက်ပွတ်သပ်ပြီး လိမ်းတာပဲဖြစ်ဖြစ် အသားအရေကို ကြည်လင်တောက်ပ စိုပြည်စေပါတယ်။


(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်က အဆင်သင့်စားသုံးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ မျိုးစိတ်တူပါတယ်။ ရှားစောင်းလက်ပပ်မှာ ရေဓာတ် ၉၉ရာခိုင်နှုန်း ပါဝင်တာကြောင့် အသားအရေကို ကြည်လင်စိုပြည်စေပြီး ပိုးသန့်စင်တဲ့ အစွမ်းရှိစေကာ အမျိုးအစားကောင်းတဲ့ အစိုဓာတ်ထိန်းခရင်မ်အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို ဖျော်ရည်ထဲ ထည့် သောက်တာပဲဖြစ်ဖြစ်၊ အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းတာပဲဖြစ်ဖြစ် ထိရောက်တဲ့ အာနိသင်ရရှိစေပါတယ်။


(၄) သင်္ဘောသီး
သင်္ဘောသီးဟာ အရသာရှိတဲ့ အသီးတစ်မျိုးဖြစ်ပြီး အင်တီအောက်ဆီးဒင့်တွေ၊ အာဟာရဓာတ်တွေနဲ့ သဘာဝအင်ဇိုင်းတွေ ပါဝင်တာကြောင့် အသားအရေကို စိုပြည်စေပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။ သင်္ဘောသီးမှာ ပက်ပိန်းအင်ဇိုင်း ပါဝင်မှုများတာကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို အား အင်ပြည့်ဝစေပြီး ပြန်လည်သစ်လွင်လန်းဆန်းလာစေပါတယ်။

(၅) သံလွင်ဆီ
သံလွင်သီးဟာ သတ္တုဓာတ်နဲ့ ကယ်လ်စီယမ် ဓာတ်အများဆုံးပါဝင်တဲ့ အစာတစ်မျိုး ဖြစ်ပါတယ်။ အကျိုးပြုအိုမီဂါ ၃ဖက်တီးအက်စစ်နဲ့ မပြည့်ဝဆီများ စွာပါဝင်ပါတယ်။ သံလွင်ဆီမှာ စကွာလင်းလို့ခေါ်တဲ့ သဘာဝ အစိုဓာတ်ထိန်းနိုင်တဲ့ အာနိသင်ပါရှိပြီး အသားအရေထဲကို အမြန်ဆုံး ထိုးဖောက်ဝင်ရောက်ကာ အသားအရေကို မြန်မြန်ဆန်ဆန် ချောမွေ့ကြည်လင်စိုပြည်စေပါတယ်။


(၆) ပျားရည်
ကလီယိုပက်ထရာဟာ တောက်ပပြီး ကလေး လို ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ရတဲ့ လျှို့ ဝှက်ချက်ကို ပျားရည်နဲ့ မျက်နှာ သန့်စင်တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပျားရည် စစ်စစ်မှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပြီး ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်လည်းရှိတာကြောင့် အသားအရေကို စိုပြည်စေသလို ကြည်လင်လန်း ဆန်းစေပါတယ်။ ပျားရည်ဟာ ချွေးပေါက်ပိတ်တာကို ရှင်းလင်းစေပြီး အသားအရေကို လန်းဆန်းကြည်လင်စိုပြည်စေပါတယ်။

(၇) အဆီအပြည့်ပါသော နွားနို့
နွားနို့နဲ့ ရေချိုးတာကို ရာစုနှစ်ပေါင်း များစွာ ကတည်းက သုံးခဲ့ကြပါတယ်။ တချို့မင်းသမီးတွေက နွားနို့နဲ့ နေစဉ်ရေချိုးတယ်လို့တောင် တင်စားပြောဆိုခဲ့ကြပါတယ်။ နွားနို့ဟာ အသားအရေကို စိုပြည်စေပြီး အရေပြားမှာလိုအပ်နေတဲ့ အာဟာရ ဓာတ်တွေကို ပြန်လည် လန်းဆန်းအားပြည့်စေပါ တယ်။ အဆီအပြည့်ပါတဲ့ နွားနို့က အသားအရေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အဆီအပြည့်ပါတဲ့ နွားနို့မှာပါတဲ့ စံဓာတ်က အသားအရေရဲ့ သဘာဝစံဓာတ်နဲ့ အနီးစပ်ဆုံးတူညီတာကြောင့် အသား အရေကနွားနို့ကို များများစုပ်ယူနိုင်စွမ်းရှိသွားပါတယ်။


(၈) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးက အသားအရေကို ကိုယ်တွင်းကနေ အစိုဓာတ်ထိန်းပေးနိုင်တဲ့ စူပါအစားအစာပါ။ အိုမီဂါ ၃ ဖက်တီး အက်စစ် ပါဝင်မှုများတာကြောင့် ဆယ်လ် မွန်ငါးကိုစားပေးရင် ကိုယ်တွင်းရောင်ရမ်းမှု ကို လျော့ကျစေပြီး ချွေးပေါက်ပိတ်ဆို့မှု ကင်းစေကာ အရေးကြောင်း မဖြစ်အောင် တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင်အသားအရေကို ပြည့်တင်းစေပြီး နုပျိုကြည့်ကောင်းစေကာ အသားအရေကို စိုပြည်ကြည်လင်လှပစေပါတယ်။


(၉) ကီဝီသီး
ကီဝီသီးမှာ ဗီတာမင်စီများများပါဝင်မှုရှိပါတယ်။ တခြားသစ် သီးတွေထက် ဗီတာမင်စီပိုမို ပါဝင်နေပါတယ်။ ဗီတာမင်စီက အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ထိန်းသိမ်းရေးမှာမရှိ မဖြစ်အရေးပါတဲ့ ဓာတ်ပါ။ ကော်လာဂျင်ဆိုတာ အသားအရေကို တင်းရင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကီဝီသီးမှာ ဗီတာမင်အီးများစွာ ပါဝင်တဲ့ အတွက်အသားအရေကို ချောမွေ့စိုပြည်စေပြီးကြည် လင်တောက်ပစေပါတယ်။

(၁၀) ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဒီ၊ အကျိုးပြုဘက်တီးရီးယား နဲ့လက်တစ်အက်ဆစ်စတာတွေ များ စွာပါဝင်နေပါတယ်။ လက်တစ်အက်ဆစ်က အစွမ်းထက် အာဟာရတစ် မျိုးဖြစ်ပြီး သဘာဝအယ်လ်ဖာဟိုက် ဒရော့ဆီအက်စစ် ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှုကိုလျော့ပါးကာ ချောမွေ့စေပါတယ်။ ဒါ့အပြင် အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်စွမ်းလည်းရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top