Healthy Life Ad
Life Style

အရေပြားက ဘယ်လိုအိုမင်းလာသလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အသက်ကြီးလာတဲ့အခါ လူတွေရဲ ့အသားအရေက ပြောင်းလဲလာပြီး အိုမင်းလာပါတယ်။ အရေပြားက အိုမင်းလာချိန်မှာ ပျော့ပျောင်းသန်စွမ်းမှုနည်းပြီး ဆွဲဆန့်နိုင်စွမ်းအားလည်း နည်းနေပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ အရေးကြောင်းတွေထင်တဲ့အပြင် တခြားအိုမင်းတဲ့ လက္ခဏာတွေလည်း ဖြစ်လာပါတယ်။ ဒီလို အရေပြားအိုမင်းစေတဲ့ အကြောင်းရင်းနှစ်ရပ်က ခန္ဓာကိုယ်ရဲ ့ သဘာဝဖြစ်စဉ်ပြောင်းလဲမှုနဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။

အရေပြား၏ သဘာဝအိုမင်းမှုဖြစ်စဉ်

အသက်၂၀ အရွယ်ကစပြီး အရေပြားဟာ ဖြည်းဖြည်းနဲ့မှန်မှန် စတင်အိုမင်းလာပါတယ်။ အရေပြားဆဲလ်သေတွေကို မြန်မြန်အစားမထိုးနိုင်တော့ပါဘူး။ အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်းကလည်း နှေးလာပါတယ်။ ဒါကြောင့် အရေပြားရဲ ့ တင်းရင်းမှုက လျော့ကျလာပါတော့တယ်။ အရေပြားအိုမင်းလာတဲ့ လက္ခဏာတွေကတော့ –

• အရေးကြောင်းပါးပါးထင်တာ၊

• အရေပြား ပါးလာတာ၊

• အရေပြားအောက်မှာ အဆီဓာတ်ဆုံးရှုံးမှုကြောင့် ခြောက်သွေ ့လာတာ၊

• အရေပြားတွဲကျတာ၊

• အရေပြားက ခြောက်သွေ့ယားယံတာတို့ပဲ ဖြစ်ကြပါတယ်။

ပတ်ဝန်းကျင်နှင့် ဆက်စပ်ပြီး ဖြစ်လာသော အရေပြားအိုမင်းမှု

အရေပြားက ပြင်ပပတ်ဝန်းကျင်ကြောင့်လည်း ထိခိုက်မှုတွေ ဖြစ်ရတတ်ပါတယ်။ အရေပြားကို အထိခိုက်စေနိုင်ဆုံးအရာကတော့ ခရမ်းလွန်ရောင်ခြည်ပါပဲ။ အရေပြားအိုမင်းရတဲ့ တခြားအကြောင်းအရာတွေကတော့ အိပ်စက်တဲ့ပုံစံမမှန်တာ၊ မျက်နှာလှုပ်ရှားမှုလုပ်တာနဲ့ ဆေးလိပ်သောက်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားအိုမင်းမှုမဖြစ်အောင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တွေကို လိမ်းပေးဖို့လိုပါတယ်။

(၁) အိပ်စက်သောအနေအထား

ဘေးတစ်စောင်းအနေအထား၊ မှောက်ရက်အနေအထားနဲ့ အိပ်တဲ့သူတွေက မျက်နှာမှာ အစင်းကြောင်းတွေ ထင်တတ်ပါတယ်။ ခေါင်းအုံးနဲ့ ထိကပ်နေတဲ့ မျက်နှာအစိတ်အပိုင်းမှာ အစင်းကြောင်းတွေ ပေါ်ရာက ကြာလာတဲ့အခါမှာ အရေးကြောင်းတွေ ဖြစ်လာပါတယ်။ ပက်လက်လှန်ပြီး အိပ်တဲ့သူတွေကတော့ အိပ်စက်တာကြောင့် မျက်နှာမှာ အရေးကြောင်းမထင်စေနိုင်ပါဘူး။

(၂) မျက်နှာလှုပ်ရှားမှု

ရယ်မောတာ၊ နဖူးကြောတွန့်တာ၊ မျက်စောင်းထိုးတာ စတဲ့ မျက်နှာကို မကြာခဏလှုပ်ရှားမှုဖြစ်စေမယ့် အပြုအမူတွေကို မကြာခဏလုပ်တာက အရေးကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) ကမ္ဘာ့မြေဆွဲအား

မျက်နှာအသားအရေက ကမ္ဘာ့မြေဆွဲအားကြောင့် လျော့ကျသွားတတ်ပါတယ်။ ဒါကြောင့် အသက် ၅၀ လောက်မှာ နားရွက်တွေရှည်လာတာ၊ မျက်ခွံတွဲကျလာတာနဲ့ ပါးတွေကျလာတာတွေ ဖြစ်တတ်ပါတယ်။

(၄) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက အရေပြားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူရဲ့ အရေပြားက နွမ်းနယ်ခြောက်သွေ့နေတတ်ပါတယ်။ ဆေးလိပ်ကိုဖြတ်လိုက်ရင် အရေပြားအိုမင်းထိခိုက်တဲ့ လက္ခဏာတွေ လျော့ပါးသွားပါလိမ့်မယ်။

(၅) ခရမ်းလွန်ရောင်ခြည်

နေပူထဲမှာ ကြာကြာနေပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလွန်အမင်းခံရတာကြောင့် အရေပြားကင်ဆာ၊ မှဲ့ခြောက်၊ သက်ကြီးအစက်အပြောက်၊ သွေးကြောဖောင်းတွန့်တာ၊ အသားအရေကြမ်းတမ်းတာနဲ့ အသားအရေမညီတာတွေကို ဖြစ်စေနိုင်ကြောင်း အရေပြားဆရာဝန်တွေက ဆိုပါတယ်။ အသားအရေကို အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင်နဲ့ အရေပြားကင်ဆာမဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို သုံးသင့်ပါတယ်။

ကာကွယ်ပါ- ခန္ဓာကိုယ်ကို နေရောင်ခြည်နဲ့ မထိတွေ့မိစေဖို့ တတ်နိုင်သမျှ ကာကွယ်ပါ။ အပြင်သွားတိုင်း ဦးထုပ်ဆောင်းတာ၊ ဘောင်းဘီရှည်ဝတ်တာနဲ့ လက်ရှည်အင်္ကျီဝတ်တာတို့ကို လုပ်ဆောင်ပေးပါ။

နေကာခရင်မ်လိမ်းပါ- အပြင်သွားတိုင်း တိမ်ထူနေရင်တောင် နေကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။

နေပူဆာမလှုံ့သင့်ပါ – နေပူဆာလှုံ့တာကို မလုပ်သင့်ပါ။

Most Popular

Healthy Life Ad
To Top