Healthy Life Ad
Life Style

ကိုယ့်အားကိုယ်ကိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခရီးတွေသွားတဲ့အခါ၊ အထူးသဖြင့် ဘုရားဖူးခရီးဆိုရင် ရောက်တဲ့ မြို့တိုင်းမှာ ကျွန်မအကျင့်က “တောင်းစားတဲ့သူရှိသလား”ဆိုတာကို အမြဲ အကဲခတ်မိတယ်။ ပုပ္ပား၊ ပုဂံ၊ တောင်ငူ၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ကျိုက္ခမီ စတဲ့ဒေသတွေက ဘုရားဝန်းတွေထဲမှာ တောင်းစားတဲ့သူ ရှိသလား၊ ကိုယ့်နား ပြေးကပ်ပြီး ခွက်လေးတစ်လုံးနဲ့ “အစ်မကြီးရယ် . . သနားကြပါ”ဆိုပြီး ပြောလေမလား . . လိုက်ကြည့်မိတယ်။

ကျွန်မတို့ငယ်ငယ်ကဆိုရင် ဘုရားတွေမှာ တောင်းစားတဲ့သူတွေက တကယ့်ကို နွမ်းပါးတဲ့သူတွေ၊ ဘယ်လိုမှ လုပ်ကိုင်မစားနိုင်တဲ့ ဒုက္ခိတတွေ၊ စိတ်မနှံ့သူတွေ . . ငယ်ငယ်ကတော့ သနားတာပေါ့ တောင်းတဲ့သူတိုင်းကိုလည်းငွေထည့်ချင်တယ် . .
နည်းနည်းလေး ကြီးလာတော့ တောင်းတဲ့သူတွေထဲမှာ ခြေလက်အစုံအလင် သန်သန်မာမာတွေတောင် တွေ့လာပြန်တယ် . . ငယ်ငယ်ကလို စိတ်ကအကောင်းဘက်ကချည်း မမြင်နိုင်တော့ဘူး . .
အခုတစ်ခေါက် ခရီးသွားတော့ မွန်ပြည်နယ်ဘက်က ဘုရားတွေမှာတောင်းတဲ့သူတွေကို လုံးဝ မတွေ့ခဲ့ရဘူး . .အော် . .ဒီဘက်က လူတွေချမ်းသာတယ်ဆိုတာ တကယ်ပဲကိုး . .စိတ်ထဲမှာ ကျေနပ်မိတယ်။ ကျေနပ်တယ်ဆိုတာ ဒီဘက်က လူတွေဟာ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်အပြည့်ရှိပါ့လားလို့ ခံစားမိလိုက်လို့ပါ . .
_ _ _

မှတ်မှတ်ရရပုဂံဘုရားဖူးခရီးမှာတော့ တောင်းတဲ့သူ တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အသက်က ငါးနှစ်လောက်ပဲရှိဦးမယ့် ကလေးမလေး ..ဆံပင်က နီကြောင်ကြောင် ကောက်ကွေးလေးနဲ့ ရုပ်လေးက သနားကမားလေး. .
ခွက်လေးနဲ့အနားကပ်ပြီး “အစ်မကြီးရယ်. .”အစချီပြီး ပြောတော့-
“သမီး ကျောင်းနေလား”လို့ သိချင်တာကို မေးပစ်လိုက်မိတယ်။
“ဟုတ်ကဲ့ နေတယ်၊ မူကြိုပါ”တဲ့။
“ကျောင်းတက်ရင်ကော ဒီအလုပ်လုပ်လား”ဆိုတော့ ခေါင်းယမ်းပြတယ်။

ဆက်ပြောရရင် မိဘရှိတယ်၊ မောင်နှမ ငါးယောက်မှာ သူကအငယ်ဆုံးတဲ့ .. မိဘတွေဘာလုပ်သလဲဆိုတော့ တောင်းစားပါတယ်တဲ့။ သူ့အထက်က အစ်ကိုအစ်မတွေလည်း တောင်းစားသူတောင်းစား၊ ကျောင်းတက်သူတက်၊ ထွက်သူထွက်ပေါ့ ..
အံ့သြဖို့ကောင်းတာက ကလေးမလေးဟာ ဒီအလုပ်ကို ရှက်စရာလို့ လုံးဝမယူဆတာပဲ . .
ကျွန်မအမျိုးသားက ကောင်မလေးခွက်ထဲ ၂၀ဝ တန်တစ်ရွက် ထည့်ပေးလိုက်တော့ ရုတ်တရက်လေအဝှေ့မှာ ပိုက်ဆံနှစ်ရာ လွင့်သွားတာနဲ့ ကောင်မလေးက ပြေးကောက်လေရဲ့ . .
ကျွန်မကတော့ ဆံပင်နီကြောင်ကောက်ကွေးလေးနဲ့ ပိုက်ဆံနှစ်ရာကို အသည်းအသန် လိုက်ဖမ်းနေရှာတဲ့ ကောင်မလေးကို ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်လေးဝင်စေချင်တာပါပဲလေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top