Healthy Life Ad
Life Style

ကျန်းမာရေးအတွက် မိတ်ဆွေကောင်းလိုအပ်ရသည့် အကြောင်းရင်း

၊ ငွေကြယ်စင်ယံ ၊

လူမှုရေးကောင်းမွန်တဲ့ ဘဝဟာ သင့်ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ သင်သိပါရဲ့လား။ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတစ်ရပ်အရ ရင်းနှီးချစ်ခင်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိတာဟာ အသက်ရှည်ရှည်နေရစေကြောင်း သိရပါတယ်။ အကြောင်းကတော့ ကောင်းတဲ့ပေါင်းသင်းဆက်ဆံရေးကြောင့် ရောဂါကင်းစေပြီး စိတ်ဓာတ်ကျရောဂါကို ကင်းဝေးစေကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထတွေကို တည်ဆောက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းဖို့အတွက် ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ကြည့်ကြပါစို့လား။

(၁) ဆက်ဆံရေးအသစ်အတွက် အခွင့်အလမ်းရှာပါ

ငယ်ငယ်တုန်းကတော့ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ရတာက လွယ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ လူအများစုဟာ လူတွေနဲ့ တွေ့နေရတဲ့တိုင် မိတ်ဆွေအသစ်ရဖို့ အခွင့်အလမ်း နည်းနည်းလာတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် လူမှုရေးလုပ်ငန်းတွေ၊ စိတ်ဝင်စားတဲ့ သင်တန်းတွေနဲ့ ယောဂ၊ ထိုက်ချိလို အားကစားသင်တန်းတွေမှာ ပါဝင်လိုက်ပါ။ ဝါသနာတူမိတ်ဆွေအသစ်တွေ အလိုလိုရလာပါလိမ့်မယ်။

(၂) ခင်မင်မှုကို အလေးထားပါ

ဘဝမှာမိတ်ဆွေကောင်းရှိတာကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ အဓိကကတော့ သင်ဖိစီးမှုခံစား နေရချိန်မှာ သူငယ်ချင်းတွေနဲ့အတူ ညစာစားလိုက်ရုံနဲ့ ဖိစီးမှုတွေ ပြေပျောက်ကာ စွမ်းအားသစ်တွေ ရရှိလာပါလိမ့်မယ်။ ဒါကြောင့် သူငယ်ချင်းအတွက်အချိန်ပေးပါ။

(၃) သူငယ်ချင်းကောင်းဖြစ်ပါစေ

သင့်အပေါ်မှာ ကောင်းတဲ့သူငယ်ချင်းတွေကို ပြန်ကောင်းဖို့လည်းမမေ့ပါနဲ့။ ခိုင်မာတဲ့ ခင်မင်မှုကို တည်ဆောက်ချင်တယ်ဆိုရင် သင့်အနေနဲ့ သူတစ်ပါးအတွက် မိတ်ဆွေစစ်ဖြစ်အောင် အရင်ကြိုးစားကြည့်ပါ။ အပြန်အလှန်ဆိုသလို တန်ပြန်ခင်မင်မှုတွေရရှိလာပါလိမ့်မယ်။

(၄) ယုံကြည်မှုရှိပါ

ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ရာမှာ သူတစ်ပါးအပေါ်ယုံကြည်တတ်ဖို့လည်း လိုပါတယ်။ သူတစ်ပါးအပေါ်မယုံကြည်ဘဲ နားလည်မှုမပေးတဲ့ စိတ်ကိုမထားရှိပါနဲ့။

(၅) လူမှုဆက်သွယ်ရေးကွန်ယက်ကို တန်ဖိုးထားပါ

သင်ရဲ့လူမှုရေးဘဝက အမှီအခိုမဲ့ကာ အားငယ်စရာကောင်းပြီး ဖိစီးမှုတွေ များနေပါသလား။ လူမှုဆက်သွယ်ရေးကွန်ရက်ကို ကျပ်ပြန့်လာအောင်ကြိုးစားလိုက်ပါ။ လူမှုဆက်သွယ်ရေး ကွန်ရက်ကြောင့် ပျော်ရွှင်လာပြီး စိတ်ဖိစီးမှုတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် Facebook ကတစ်ဆင့် မိတ်ဆွေဖွဲ့တာမျိုး၊ ရှိနေတဲ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် အကောင်းမြင်စိတ်ထားတာမျိုးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top