Healthy Life Ad
Life Style

အစာစားချိန် မမှန်ခြင်းကြောင့်ဖြစ်တတ်သည့် နောက်ဆက်တွဲဝေဒနာများ

ပါမောက္ခဦးအေးမွန် ( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အစာစားချိန်မမှန်ရင် နောက်ဆက်တွဲ ဘယ်လို ဝေဒနာတွေဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ ပုံမှန်ဆိုရင် အစာတွေဟာ အစာအိမ်ကနေ အူထဲကို အချိန် ၄ နာရီကနေ ၆ နာရီအတွင်း ဆင်းရ ပါတယ်။ အစာအိမ်ထဲမှာ အစာရှိနေမှ အစာအိမ်က ထွက်တဲ့ အက်စစ်တွေနဲ့ အစာအိမ်အရည်တွေက သမပြီး Dilute ဖြစ်နေတယ်။ မြန်မာလို အလွယ်ပြောရရင်တော့အချဉ်မပေါက်တော့ဘူးပေါ့။ လူတစ်ယောက်က အစားအသောက်ကို ပုံမှန်စားနေတယ်ဆိုရင် အစာစားတဲ့အချိန်၊ စားပြီးဗိုက်ပြည့်သွားရင် အက်စစ်ထွက်တဲ့အချိန်၊ အက်စစ်နဲ့အစာနဲ့ တွေ့တဲ့အချိန်၊ အစာအိမ်ထဲက အစာတွေ အူထဲရောက်မယ့်အချိန်၊ ဗိုက်ဆာမယ့်အချိန်… အဲဒီလုပ်ငန်းတွေက ကိုက်ညီနေပါတယ်။

တကယ်လို့ အစာစားချိန်မမှန်ဘူးဆိုရင်တော့ အစာအိမ်ထဲကအက်စစ်ထွက်တဲ့အခါ Acidity များလာပြီး များလာတဲ့အက်စစ်တွေက အစာအိမ်နံရံတွေကိုတိုက်စားပစ်ပါတယ်။ အဲဒီအခါ အစာအိမ်ရောင်ရမ်းလာပါတယ်။

မေး။ ။ အစာအိမ်ရောင်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။အစာအိမ်ရောင်တဲ့အဆင့်မှာ ရင်ခေါင်းအောင့်တာ၊ လေထိုးတာ၊ ပျို့ချင်၊ အန်ချင်သလိုလို ခံစားရတာ၊ ဗိုက်ကယ်တာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒီအဆင့်မှာကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။ သွေးအန်တဲ့ အဆင့်ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။

အစာစားတဲ့အချိန်က မမှန်တဲ့အတွက် အက်စစ်အထွက် များနေတဲ့အချိန်မှာ အရက်သောက်လိုက်ရင် အစာအိမ် သွေးကြောပေါက်တာ၊ အစာအိမ်ပါးသွားတာစသဖြင့် ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။ အစာစားချိန်မမှန်တဲ့ အတွက် ဗိုက်နာနေတာကို အရက်သောက်လိုက်တော့ မူးသွားပြီး ကောင်းတယ်လို့ထင်တတ်ကြတယ် . . .

အစာအိမ်ရောင်ရမ်းတဲ့အခါ တစ်ခါတလေဆိုရင် သဘာဝအတိုင်း ရောင်ရမ်းတာက အလိုလိုပြန် ကောင်းသွားနိုင်ပါတယ်။ ထပ်တလဲလဲဖြစ်လာရင် ရောင်တဲ့အပိုင်းက နပ်သွားတဲ့အခါ ကြွက်သား (Muscle)ထဲရောက်သွားရင် နာတာရှည်အစာအိမ် ရောင်ရမ်းခြင်းဖြစ်သွားပါတယ်။ အဲဒီလို နာတာရှည် ဖြစ်သွားရင် ဘယ်တော့မှမပျောက်တော့ပါဘူး။

မေး။ ။ နာတာရှည်အစာအိမ်ရောင်သွားရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ နာတာရှည်အစာအိမ်ရောင်ပြီးသွားရင် အစာအိမ်အနာ(Peptic Ulcer)ြဖစ်တတ်ပါတယ်။ အစာအိမ်အနာရဲ့ နောက်ဆက်တွဲလက္ခဏာတွေအနေနဲ့အစာ အိမ်သွေးကြောပေါက်တာ၊ အနာကနေသွေးယို သွေးအန်တာ၊ အစာအိမ်အနာရှုံ့သွားပြီး ပိတ်ဆို့တာ တွေဖြစ်တတ်ပါတယ်။

မေး။ ။ တစ်ရက်တလေ အစာစားချိန်မမှန်ရင်ကော ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ တစ်ရက်တလေ အစာစားချိန် မမှန်တာကတော့ ပြဿနာမရှိပါဘူး။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ ဆိုပြီး သုံးကြိမ်ပုံမှန်စားရမှာကိုနေ့စဉ်လိုလို နံနက်စာ မစားဘဲနေတာမျိုးဆိုရင်တော့ မကောင်းပါဘူး။ အ စာစားချိန် မမှန်ရင် အရင်ဆုံး ခံစားရတတ်တဲ့ လက္ခဏာတွေက ခေါင်းကိုက်တတာ၊ ဇက်ထိုးတာ၊ လေထိုးတာ၊ အားအင်ဆုတ်ယုတ်တာ၊ လုပ်နေတဲ့အလုပ်ထဲမှာ စိတ်ပါဝင်စားမှု နည်းတာ၊ စိတ်တိုလွယ်တာ၊ ဦး နှောက်ကိုသုံးပြီး ဆုံးဖြတ်ရတဲ့ အလုပ်အကိုင်တွေမှာ ဆုံးဖြတ်နိုင်စွမ်းလျော့နည်းတာတွေဖြစ်တတ်ပါတယ်။

မေး။ ။ အစာစားချိန်မမှန်တဲ့အထဲ အရက်သောက်ရင် ဘာဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အစာစားတဲ့အချိန်က မမှန်တဲ့အတွက် အက်စစ်အထွက်များနေတဲ့ အချိန်မှာ အရက်သောက်လိုက် ရင် အစာအိမ်သွေးကြောပေါက်တာ၊ အစာအိမ်ပါးသွားတာစသဖြင့် ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။ အစာစားချိန် မမှန်တဲ့အတွက် ဗိုက်နာနေတာကို အရက်သောက်လိုက်တော့ မူးသွားပြီး ကောင်းတယ်လို့ ထင်တတ်ကြတယ်။ တကယ်က အစာအိမ်ဝေဒနာက ပိုဆိုးသွားတာပါ။ အရက်သောက်ပြီး သွေးအန်တာမျိုး ဖြစ်တတ်ပါတယ်။ အစာမရှိတဲ့အတွက် အစာအိမ် နံရံကပါးနေတဲ့အချိန်မှာ အရက်သောက် လိုက်တာကြောင့် အချိန် ၆နာရီလောက်အတောအတွင်း သွေးအန်တာကို ဆရာ့အတွေ့အကြုံအရ အများကြီး တွေ့ဖူးပါတယ်။ ဒါကြောင့် အစာမရှိတဲ့ အချိန်မှာ လုံးဝအရက်မသောက်သင့်ပါဘူး။

မေး။ ။ အလုပ်များလို့ ဗိုက်ဆာပေမယ့် အစာကို ကောင်းကောင်း မစားနိုင်သေးရင် ဘယ်လိုဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဗိုက်ဆာတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အစာကို ကောင်းကောင်းမစားနိုင်သေးဘူးဆိုရင် အ ဆာပြေစာ အနည်းငယ်ကိုသာ စားထားသင့်ပါတယ်။ ဒါဆိုရင် အစာအိမ်ထဲက အက်စစ်ကိုချေဖျက်ပြီးသား ဖြစ်သွားပါတယ်။ အလုပ်များတဲ့သူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကားဒရိုင်ဘာတွေ၊ ခရီးသွားတဲ့သူတွေ အနေနဲ့ အစာစားချိန်မမှန်တာ အဖြစ်များပါတယ်။ ဒါကြောင့် ဗိုက်ဆာတဲ့အချိန်မှာအချိန်ပေးပြီး ထမင်းမစားနိုင်သေးရင်တောင် အဆာပြေစာ စားပေးသင့်ပါတယ်။ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ နွားနို့စတဲ့ သရေစာ တွေကို ဆောင်ထားပြီး စားပေးဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top