Healthy Life Ad
Life Style

အစာအိမ်ရောင်ခြင်း

ဒေါက်တာသီရိ (MBBS,MPH,DCH)

အစာအိမ်ရောင်ခြင်းဆိုတာ အစာအိမ်ရဲ့ အတွင်းသားနံရံတွေ ရောင်တာကိုခေါ်တာပါ။ နာတာရှည် အစာအိမ်ရောင်ခြင်းဖြစ်နိုင်သလို ရုတ်တရက် ထဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ရောဂါလက္ခဏာသိပ်မပြင်းထန်ဘဲ တခါတရံ ဗိုက်အောင့်လိုက်၊ ဆေးတစ်ရက်-နှစ်ရက်သောက်ရင် ပျောက်သွားလိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် အစာအိမ်ရောင်ရောဂါရှိမှန်းမသိဘဲ နာတာရှည်ပုံစံမျိုး ဖြစ်နေတတ်ကြပါတယ်။ Atropic Gastritis လို့ခေါ်တဲ့ အစာအိမ်ရောင်တဲ့ အမျိုးအစားကတော့ ကြာရင် အစာအိမ်ကင်ဆာအနေနဲ့ ပြောင်းသွားတတ်ပါတယ်။

အစာအိမ်ဆိုတာ ဘာလဲ

အစာအိမ်ဆိုတာ စားလိုက်တဲ့အစာတွေကို ခဏတာသိုလှောင်ထားတဲ့ ဝမ်းဗိုက်အထက်ပိုင်းမှာရှိတဲ့ အိတ်ငယ်လေးဖြစ်ပါတယ်။ အပေါ်ဘက်မှာ အစာရေမျိုပြွန်နဲ့ အောက်ဘက်မှာ အူသိမ်တို့နဲ့ ဆက်ထားပါတယ်။ အဓိကတာဝန်ကတော့ စားလိုက်တဲ့အစာတွေကို ခဏတာသိုလှောင်ထားဖို့နဲ့ အစာအိမ်ရဲ့အတွင်းဘက်နံရံကနေ အက်စစ်ဓာတ်ပါတဲ့ အစာခြေရည်တွေထုတ်ပေးပြီး စားလိုက်တဲ့အစာတွေကို ခြေဖျက်ပေးပါတယ်။ အစာအိမ်နံရံက ဆဲလ်သေးသေးလေးတွေကနေ အချွဲရည်တွေထုတ်ပြီး အလွှာတစ်လွှာအနေနဲ့ အစာအိမ်နံရံတွေကို ကာကွယ်ပေးထားပါတယ်။

အစာအိမ်ရောင်တယ်ဆိုတာ ဘာလဲ

အစာအိမ်ရောင်တယ်ဆိုတာ အစာအိမ်နံရံမှာရှိတဲ့ အချွဲရည်အလွှာလေးပျက်ဆီးသွားပြီး အစာခြေရည်တွေက အစာအိမ်နံရံကို တိုက်စားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အစာအိမ်ရောင်ခြင်းရောဂါ လက္ခဏာများ

အစာအိမ်ရောင်တဲ့ လူနာတော်တော်များမျာမှာ ဘာရောဂါလက္ခဏာမှ မပြဘဲရှိတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့-

– ရင်ညွန့်၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊

– ခဏခဏလေချဉ်တက်ခြင်း၊

– အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊

– ရင်ထဲ မအီမသာဖြစ်ခြင်း၊

– ပျို့အန်ခြင်း၊

– ရင်ခေါင်းတောင့်ခြင်း၊

– ကိုယ်အလေးချိန်ကျလာခြင်း၊

– အန်ရင် သွေးစများပါခြင်း၊

– ဝမ်းသွားရင်သွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း

အပေါ်မှာရေးထားတဲ့ အချက်တွေအကုန်ဖြစ်ဖို့ မလိုပါဘူး။

ဘာကြောင့်ဖြစ်တာလဲ

– အကိုက်အခဲပျောက်ဆေး

ပါရာစီတမောကလွဲလို့ အကိုက်အခဲပျောက်ဆေးအများစုက အစာမရှိဘဲသောက်လိုက်ရင် အစာအိမ်နံရံကို စားပစ်လိုက်တတ်ပါတယ်။ အဲဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်တော့မယ်ဆိုရင် ပါရာစီတမောတစ်ခုတည်းလား၊ တခြား ibuprofen လိုဆေးမျိုးနဲ့ ရောတွဲထားလား သေချာစစ်ပါ။ မြန်မာပြည်က ဈေးကွက်ထဲမှာ နှစ်မျိုးစပ်ဆေးတွေ အရမ်းများတာသတိထားပါ။ ကိုယ်က အအေးမိကိုက်ခဲတာပျောက်ဖို့ သောက်ကာမှ မသိလိုက်ဘဲ အစာအိမ်ရောဂါ အဆစ်ထပ်ရနိုင်ပါတယ်။

– အစားအစာများ

ကျွန်မတို့လူမျိုးက အပူအစပ်၊ ဆီကြော်မုန့်၊ ကောက်ညင်း၊ အချဉ်တည်ထားတဲ့ တို့စရာ၊ မုန်ညင်းချဉ် စသဖြင့် အရမ်းကြိုက်ပါတယ်။ ဒါတွေက ရိုးရာအစားအစာတွေဖြစ်လို့ လုံးဝကြီးရှောင်ရမယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာအစာအိမ်ရောင်တဲ့ ရောဂါလက္ခဏာတွေရှိနေရင်တော့ ရောဂါသက်သာပြီး အနည်းဆုံး တစ်လလောက်ရှောင်သင့်ပါတယ်။

အမှုမဲ့အမှတ်မဲ့ လုပ်မိတာမျိုးကတော့ ချောင်းဆိုးလို့ ချင်း(ဂျင်း)ရည်ထောင်းပြီးသောက်တယ်။ ကြက်သွန်ဖြူနဲ့ ပျားရည်စိမ်ထားတာလေး မနက်တိုင်းဝါးတယ်။ ကိုယ်အလေးချိန်လျှော့ဖို့ ပျားသံပုရာသောက်တယ်။ ဒါတွေက တစ်ဖက်က သိသိသာသာ ကောင်းတာတွေရှိပါတယ်။ ဒါပေမဲ့ အစာအိမ်ရောင်တာကိုလည်း သိသိသာသာပိုဆိုးစေပါတယ် . . .

နောက်ထပ် အမှုမဲ့အမှတ်မဲ့ လုပ်မိတာမျိုးကတော့ ချောင်းဆိုးလို့ ချင်း(ဂျင်း)ရည်ထောင်းပြီး သောက်တယ်။ ကြက်သွန်ဖြူနဲ့ ပျားရည်စိမ်ထားတာလေး မနက်တိုင်းဝါးတယ်။ ကိုယ်အလေးချိန်လျှော့ဖို့ ပျားသံပုရာသောက်တယ်။ ဒါတွေက တစ်ဖက်က သိသိသာသာကောင်းတာတွေရှိပါတယ်။ ဒါပေမဲ့ အစာအိမ်ရောင်တာကိုလည်း သိသိသာသာပိုဆိုးစေပါတယ်။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့ကိုယ် သတိထားပြီးသုံးပါ။ စိတ်ဖိစီးမှုများတာ၊ အရက်၊ ဆေးလိပ်တွေကလည်း အစာအိမ်က အက်ဆစ်ထွက်တာ များစေပါတယ်။

– H. Pylori လို့ခေါ်တဲ့ အစာအိမ်ထဲကပိုး

အစားအစာသိပ်မသန့်ရှင်းတဲ့ နိုင်ငံတွေမှာ အရမ်းဖြစ်ပါတယ်။ သူရဲ့ အရမ်းအရေးကြီးတဲ့ အချက်ကတော့ ဆေးမကုဘဲကြာကြာထားရင် အစာအိမ်ကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။ အဲဒီပိုး ရှိ၊ မရှိသိဖို့ သူ့အတွက် သီးသန့်လုပ်ထားတဲ့ သွေးစစ်၊ ဝမ်းစစ်၊ မှန်ပြောင်းကြည့်ပြီး ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ကြည့်လို့ရပါတယ်။ ရှိတယ်ဆိုရင် ရိုးရိုးအစာအိမ်ရောင်ရင် ကုတဲ့ဆေးတွေနဲ့ မပျောက်ပါဘူး။ triple regimen လို့ခေါ်တဲ့ ဆေးသုံးမျိုးပေါင်းထားတဲ့အတွဲကို တစ်ပတ်-နှစ်ပတ်သောက်ရပါတယ်။ ပြန်စစ်လို့ရှိသေးရင် ထပ်သောက်ရပါမယ်။ တခြားမြန်မာပြည်မှာ အဖြစ်နည်းတာကတော့ pernicious anaemia လို့ခေါ်တဲ့ သွေးရောဂါတစ်မျိုးပါ။

ဘယ်လိုကုမလဲ

အရေးကြီးဆုံးက အပေါ်မှာရှင်းပြထားတဲ့ အစာအိမ်ရောင်ခြင်းကိုဖြစ်စေတဲ့ အရာတွေကိုရှောင်ပါ။ ဆရာဝန်ပေးတဲ့ သောက်ဆေးကို ကိုယ့်အခြေအနေပေါ်မူတည်ပြီး အနည်းဆုံးသုံးပတ်ကနေ သုံးလေးလလောက်အထိ သောက်ဖို့လိုပါတယ်။ သုံးလေးရက်သောက်ရုံနဲ့ လုံးဝမပျောက်ပါဘူး။ လူနာအများစုက သက်သာလာရင် ဆေးရပ်လိုက်တတ်ပါတယ်။

သတိထားရန်

နာတာရှည် အစာအိမ်ရောင်တာဖြစ်စေ၊ ရုတ်တရက်အစာအိမ်ရောင်တာဖြစ်စေ နှစ်မျိုးစလုံးမှာ ရုတ်တရက် အစာအိမ်ပေါက်ပြီး အသက်အန္တရာယ်အထိ ရှိတတ်ပါတယ်။ အဲဒါကြောင့် အစာအိမ်ရောင်နေကျပဲဆိုပြီးမပေါ့ပါနဲ့။ ဆေးခန်းသွားလည်း သောက်နေကျဆေးပဲပေးမှာပဲဆိုတာမျိုး မဟုတ်ပါဘူး။ ဆရာဝန်ကစမ်းသက်ကြည့်လို့ အန္တရာယ်ရှိနိုင်တယ်ဆိုရင် ဆေးရုံတက်ခိုင်းပါလိမ့်မယ်။ အဲဒါကြောင့် ဗိုက်အရမ်းအောင့်လာရင် ဆေးခန်းသွားပြဖို့မမေ့ပါနဲ့။

Ref: (1) Gastritis.Better Health Channel fact sheets.
(2) www.betterhealth.vic.gov.au

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top